
ဂျေရုဆလင် ဖေဖော်ဝါရီ ၇
အီရန်နျူကလီးယားအရေးနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်တို့ တယ်လီဖုန်းမှတစ်ဆင့် ယမန်နေ့က အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆွေးနွေး
၎င်းဆွေးနွေးမှုများအတွင်း ဒေသတွင်း အရေးကိစ္စများဖြစ်သည့် အီရန်၏ နျူကလီးယား တိုးမြှင့်ထုတ်လုပ်မည့်အစီအစဉ်အား ကန့်သတ်ရေး နှင့် အီရန်၏ ရန်လိုမှုကြီးထွားလာခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဗူအီဘရာဟင် အယ်လ်ဟာရှီမီအား အမေရိကန် တပ်ဖွဲ့ဝင်များက သုတ်သင်နိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြု ကြောင်းနှင့် ၎င်းအား သုတ်သင်ခဲ့ခြင်းကြောင့် ကမ္ဘာကြီးကို လုံခြုံစေခဲ့ကြောင်း ဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်က ပြောကြားသည်။
စောင့်ကြည့်သွားမည်
ယခုဆွေးနွေးမှုသည် ၂၀၁၅ နျူကလီးယား သဘောတူညီချက်အား ပြန်လည်အသက်သွင်းရေး အတွက် ဗီယင်နာမြို့၌ ကမ္ဘာ့နိုင်ငံများနှင့် အီရန် တို့အကြား ဆွေးနွေးပွဲများ ကျင်းပနေစဉ် ပေါ်ပေါက် လာခြင်းဖြစ်သည်။ အီရန်သည် ၎င်း၏ နျူကလီးယား ထုတ်လုပ်ရေးအစီအစဉ်မှာ ငြိမ်းချမ်းရေးကို ရှေးရှု သည့်လုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်သည်ဟု အကြောင်းပြချက်ပေးထားသော်လည်း မိမိတို့သည် နျူကလီယားဆွေးနွေးမှုများကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း နက်ဖ်တာလီဘန်နက်က ပြောကြား သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ