စားသုံးသူတို့ကျန်းမာရေး စားသုံးဆီအရည်အသွေး ထိန်းသိမ်းပေး

Type

 

အိအိချော(စားသုံးသူရေးရာဦးစီးဌာန)
 

 

လူသားတို့၏ ဘဝရပ်တည်မှု၌ အဓိကလိုအပ်ချက် သုံးမျိုးဖြစ်သည့် “စားရေး၊ ဝတ်ရေးနှင့် နေရေး” တို့တွင် “စားရေး”သည်   အသက်ရှင်မှုအတွက် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိရာ လူတို့စားသောက်ရန် ရည်ရွယ်၍  ထုတ်လုပ်ထား သော စားသောက်ကုန်များ၏ အရည်အသွေးမြင့်မား မှုကလည်း  ကျန်းမာသက်ရှည်ရေးကို   များစွာ အထောက်အကူပြုလျက်ရှိပါသည်။

 


စားသုံးဆီအရည်အသွေး


စားသောက်ကုန်ဟုဆိုရာ၌      မြန်မာတို့၏  အခြေခံစားကုန်များတွင် တစ်ခုအပါအဝင် ဖြစ်သော စားသုံးဆီ၏ အရည်အသွေးသည် စားသုံးသူများ၏ ကျန်းမာရေးအတွက်    လျစ်လျူရှုထားသင့်သော အရာမဟုတ်ပေ။   သို့ဖြစ်ရာ   ကျန်းမာရေးနှင့် ညီညွတ်သောအရည်အသွေးမြင့် စားသုံးဆီများတင် သွင်း သိုလှောင်ထုတ်လုပ်ရောင်းချဖြန့်ဖြူးပေးနိုင် ရန်အလို့ငှာ   စားသုံးဆီအရည်အသွေးထိန်းသိမ်း ခြင်းဆိုင်ရာ    အကြောင်းအရာများကို    စားသုံးဆီ လုပ်ငန်းလုပ်ကိုင်ကြသူတိုင်းက လေ့လာသိရှိထား ကြရုံမျှမက   လိုက်နာဆောင်ရွက်ကြရန်လည်း အထူးလိုအပ်လှပါသည်။

 


“အရည်အသွေးထိန်းသိမ်းခြင်း”   ဟု   ဆိုရာ၌ အရည်အသွေးဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ကို သေချာစွာသိရှိထားရမည်ဖြစ်ပါသည်။ “ထုတ်ကုန် ပစ္စည်းတစ်ခု၏   အရည်အသွေး”   ဆိုသည်မှာ  စားသုံးသူများ၏ လိုအပ်ချက်များနှင့် မျှော်လင့်ချက် များကို ဖြည့်ဆည်းပေးနိုင်သော ၎င်းကုန်ပစ္စည်း၏ ကြန်အင်လက္ခဏာများဖြစ်သည်ဟု မှတ်သားဖူး ခဲ့ရာ စားသုံးဆီနှင့်ပတ်သက်၍ စားသုံးသူများ၏ မျှော်မှန်းချက်အရ သတ်မှတ်ထားသော ရူပအရည် အသွေးများမှာ    ကြည်လင်သော    အရောင်ရှိပြီး မကောင်းသော အနံ့ကင်းကာ အရသာကောင်းမွန်၍ အမှုန်အနည်ကင်းစင်ရမည်တို့ဖြစ်ပါသည်။

 


ထို့ပြင်လည်း အခြားအဓိပ္ပာယ်သတ်မှတ်ချက် အနေဖြင့်   “စားသုံးသူများ၏   မျှော်မှန်းချက်အပြင် သက်ဆိုင်ရာအဖွဲ့အစည်းက  သတ်မှတ်ထားသောစံချိန်စံညွှန်းများနှင့်ပါ ကိုက်ညီမှုရှိပြီး နိုင်ငံတော်က အခါအားလျော်စွာ    ပြဋ္ဌာန်းသည့်     ဥပဒေ နည်းဥပဒေတို့နှင့်ပါ   အကျုံးဝင်သော    ၎င်းကုန် ပစ္စည်း၏   ကြန်အင်လက္ခဏာစု”  ဟူ၍လည်း လေ့လာဖူးပြန်ရာ   စားသုံးဆီ၏  သိပ္ပံနည်းကျ တိုင်းတာရရှိသော  ဓာတုဗေဒဆိုင်ရာ  အရည်အသွေး အချက်အလက်များသည်  စံချိန်စံညွှန်း  ဘောင် အတွင်းရှိနေမှသာ ကျန်းမာရေးနှင့်ညီညွတ်သော အဆင့်မြင့်စားသုံးဆီ   အရည်အသွေးနှင့်  ပြည့်စုံ သည်ဟု သတ်မှတ်နိုင်မည်ဖြစ်သည်။ 

 


အရည်အသွေးစီမံခန့်ခွဲမှုနည်းစနစ်


စားသုံးဆီ၏အရည်အသွေးသည် ဆီစားသုံးသူ ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုစီးပွား ဘဝများ အတွက် အတိုင်းအတာတစ်ခုအထိ အရေးပါနေ သောကြောင့်  စားသုံးဆီ၏   အရည်အသွေးကို ထိန်းသိမ်းနိုင်ရန်အတွက် အရည်အသွေးစီမံခန့်ခွဲမှုနည်းစနစ်အရ  စားသုံးဆီ၏  ဘဝအစဖြစ်သော ဆီထွက်သီးနှံဘဝကပင်စတင်၍  အရည်အသွေးကို ထိန်းသိမ်းရမည်ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုး ခြင်း၊ ရိတ်သိမ်းခြင်း ၊ သိုလှောင်ခြင်း၊ စက်ကြိတ်ခြင်း၊ ထုပ်ပိုးခြင်း၊    သယ်ယူဖြန့်ဖြူးခြင်း၊   ဈေးတွင် ရောင်းချခြင်းနှင့်  မီးဖိုဆောင်တွင်   အသုံးပြုခြင်း စသည့်  ဆက်တန်းတစ်လျှောက်တွင် အရည်အသွေး ထိန်းသိမ်းခြင်းဆိုင်ရာ    ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားကြရမည်ဖြစ်ပါသည်။ 

 


ဆီထွက်သီးနှံများတွင်  စုစုပေါင်း   ဆီပါဝင်မှု ၂၅  ရာခိုင်နှုန်းနှင့်  အထက်ရှိသော  သီးနှံများကို သဘာဝနည်းဖြင့်ဆီကြိတ်၍  ရရှိသော်လည်း  ၂၅ ရာခိုင်နှုန်းအောက်ရှိသော သီးနှံများကိုမူ ဓာတုဗေဒ နည်းဖြင့်သာ     စားသုံးဆီထုတ်ယူနိုင်ပါသည်။ သို့ဖြစ်ရာ  “မူရင်းကောင်းမှ မိတ္တူကောင်း နိုင်မည်” ဖြစ်သကဲ့သို့ အရည်အသွေးမြင့် စားသုံးဆီ  ရရှိစေ ရန်  ပင်ရင်းဆီထွက်သီးနှံ၏   အရည်အသွေးပေါ် မူတည်သောကြောင့် ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့်  မျိုးကောင်းမျိုးသန့်ကို ကောင်းမွန်သော   စိုက်ပျိုးနည်းကျင့်စဉ်အတိုင်း လိုက်နာစိုက်ပျိုး၍    ရိတ်သိမ်းချိန်    မှန်ကန်ရန် လည်းသတိပြုသင့်ပါသည်။ ရိတ်သိမ်းပြီးနောက်ပိုင်း ပျက်စီးဆုံးရှုံးမှုနှင့် မှိုကျရောက်ခြင်းတို့မှ ကာကွယ် နိုင်ရန်အတွက်လည်း ရိတ်သိမ်းချိန်လွန်နည်းပညာဆိုင်ရာ   ပညာရှင်များ၏   အကြံပြုချက်များကို လေးစားလိုက်နာဆောင်ရွက်ခြင်းသည် အကောင်း ဆုံးဖြစ်ပါသည်။
စားသုံးဆီထုတ်လုပ်သည့် စက်ရုံများအနေဖြင့် လည်း  မိမိတို့ထုတ်ကုန်အရည်အသွေးမြင့်မားစေ ရန်    ရည်ရွယ်၍      ကုန်ကြမ်းအဆင့်မှ     စတင်ပြီး ထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက်             အပါအဝင်  ကုန်ချောထွက်သည်အထိ      အဆင့်တိုင်း     နေရာ တိုင်းတွင် စနစ်တကျစီမံကွပ်ကဲနိုင်သည့် အရည် အသွေး စီမံခန့်ခွဲမှုစနစ်တစ်ရပ် ရေးဆွဲဆောင်ရွက် သင့်ပါသည်။ သို့မှသာ  မိမိတို့ထုတ်ကုန်၏  အရည် အသွေးကို ထိန်းချုပ်နိုင်ပြီး  အရည်အသွေးအာမခံမှုပေးနိုင်မည်ဖြစ်ပါသည်။

 


ပြည်ပမှ တင်သွင်းလျှင်


စားသုံးဆီကို ကိုယ်တိုင်ထုတ်လုပ်ခြင်းမရှိဘဲ ပြည်ပမှ    မှာယူတင်သွင်းပြီး    သိုလှောင်ဖြန့်ဖြူး ရောင်းချသူများအနေဖြင့်လည်း     မိမိတို့နိုင်ငံမှ  ထုတ်ပြန်ထားသော      စားသုံးဆီအရည်အသွေး  သတ်မှတ်ချက်များကို လိုက်နာ၍ မှာယူတင်သွင်း ရမည့် အပြင် သိုလှောင်ကာလ၌ ဆီအရည်အသွေးကျ ဆင်းမှု   နည်းနိုင်သမျှ  နည်းစေရန်ကိုလည်း   စီမံ ဆောင်ရွက်သင့်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဆီသိုလှောင်ကန်၏ တည်ဆောက်ပုံ၊  ကြံ့ခိုင်ရေး၊ သန့်ရှင်းရေးနှင့်  စောင့်ကြည့်စစ်ဆေးထိန်းသိမ်း ခြင်းတို့က များစွာအရေးပါသောအချက်များဖြစ် ကြပါသည်။ 

 


စားသုံးဆီသိုလှောင်ကန်


စားသုံးဆီသိုလှောင်ကန်ကို    စားသုံးဆီနှင့် ထိတွေ့လျှင် ဓာတ်ပြုနိုင်ခြင်းမရှိသော Stainless Steel ဖြင့်တည်ဆောက်သင့်ပြီး Mild Steel ဖြစ်နေ ပါကအတွင်းဘက်ကို epoxy  သုတ်လိမ်းရမည် ဖြစ်ပါသည်။ တည်ဆောက်သည့်ပုံသဏ္ဌာန်သည် လုံးရှည်ဆလင်ဒါပုံထက်  အောက်ခြေရှူး  ကော်နီ ကယ်ပုံသဏ္ဌာန်က    သန့်ရှင်းရေးဆောင်ရွက်ရန် အတွက် ပိုမိုအဆင်ပြေစေပါသည်။ ဆီသိုလှောင်ကန် ၏ ပိုက်လိုင်းစနစ်သည်ဆီသွင်း၊ ဆီထုတ် ပြုလုပ်ရန် သီးခြားပိုက်လိုင်းစနစ်ရှိသင့်ပြီး  ပိုက်လိုင်းများရှိ အဖွင့်အပိတ်ဘားများလုံခြုံမှုရှိရန်  အရေးကြီးပါ သည်။ ၎င်းတို့မလုံပါက  ဆီလှောင်ကန်အတွင်းသို့ ပြင်ပလေဝင်ရောက်နိုင်ပြီး ဓာတ်တိုးမှုဖြစ်စဉ်အရ စားသုံးဆီအရည်အသွေးကို ကျဆင်းလာစေနိုင်ပါ သည်။ ထို့ပြင် ဆီလှောင်ကန်အတွင်းရှိ စားသုံးဆီ၏ အရည်အသွေးကို နေ့စဉ်နမူနာထုတ်ယူ၍ စစ်ဆေး ပြီး မှတ်တမ်းထားခြင်း၊ အဆင့်(Grade) မတူသော စားသုံးဆီများ   ရောနှောခြင်းမှ  ကင်းဝေးစေရန်  အတွက်လည်း ဆီအသစ်မသိုလှောင်မီ လက်ကျန် ဆီကို  ဦးစွာရှင်းထုတ်၍ ဆီကန်ကိုကောင်းမွန်စွာ သန့်ရှင်း ခြောက်သွေ့စေပြီးမှ အသုံးပြုခြင်းစသည့် အလေ့အကျင့်ကောင်းများကိုလည်း   စားသုံးဆီ အရည်အသွေးထိန်းသိမ်းရာတွင် အမြဲဆောင်ရွက် သင့်ပါသည်။ 

 


စားသုံးဆီစက်ရုံမှ ထုတ်လုပ်ရရှိသော စားသုံး ဆီများကိုလည်းကောင်း၊ သိုလှောင်ကန်အတွင်းမှ စားသုံးဆီများကိုလည်းကောင်း   ထုပ်ပိုးတံဆိပ် ကပ်ရန်အတွက် နေရာတစ်ခုသို့ သယ်ဆောင်လို သည့်အခါ အသုံးပြုရသော Container များသည် အတွင်းအပြင် ကောင်းစွာသန့်စင် ခြောက်သွေ့ပြီး သော Food Grade Container များဖြစ်ရမည့်အပြင် အဖုံးလုံခြုံစွာ ပိတ်ဆို့နိုင်ရန်လည်း လိုအပ်ပါသည်။ သိုလှောင်ကန်အပိုင်းက သိုလှောင်ထားစဉ်ကာလ အတွင်း ဆီအရည်အသွေးကျဆင်းမှုကို စနစ်တကျ ထိန်းချုပ်နိုင်ရန်မည်သို့ပင် ဆောင်ရွက်ထားစေကာ မူ ဆီထုတ်ယူသယ်ဆောင်သည့် Container များ၏ မသန့်ရှင်းမှုနှင့်     ယိုယွင်းပျက်စီးမှုတို့ကလည်း စားသုံးဆီအရည်အသွေးအား     အလွန်ထိခိုက်စေ သည်ကို သတိပြုသင့်ပါသည်။ 
ပြည်တွင်း၌ ထုတ်လုပ်ထားသော စားသုံးဆီကို ဖြစ်စေ၊ ပြည်ပမှ မှာယူတင်သွင်းလာသော စားသုံး ဆီကိုဖြစ်စေ ဈေးကွက်သို့ ပို့ဆောင်မည်ဆိုပါက Food Grade ထုပ်ပိုးပစ္စည်းဖြင့် Packing ပြုလုပ် ပြီး မိမိတို့၏ ကုန်တံဆိပ်အမှတ်အသားပါဝင်သော ကုန်ညွှန်းအမှတ်အသားကို ထုပ်ပိုးပစ္စည်းပေါ်တွင် သေချာစွာ ကပ်ပေးရပါမည်။ စားသုံးဆီကို ထုပ်ပိုးမှု မပြုလုပ်မီ   ဦးစွာအရည်အသွေး  စစ်ဆေးသင့်ပြီး အထားခံနိုင်မှုကာလ(Shelf Life ) ကိုလည်း သုတေ သနပြုလုပ်ထားသင့်ပါသည်။

 


ဆီအရည်အသွေးကျဆင်းမှု မြန်စေသော အဓိကနေရာ


စားသုံးဆီ၏ ထုတ်လုပ်မှုကွင်းဆက်( Supply Chain ) တစ်လျှောက်တွင် End User ဖြစ်သည့် စားသုံးသူထံသို့မရောက်မီ    ကြားအဆင့်တစ်ခု ဖြစ်သော  လက်လီဈေးကွက် သို့မဟုတ်  ရပ်ကွက် ဈေးအဆင့်သည်    ဆီအရည်အသွေးကျဆင်းမှု မြန်စေသော အဓိကနေရာဖြစ်နေပါသည်။ ဤသို့ သောအခြေအနေ ဖြစ်ပေါ်လာရခြင်းမှာ  ဆီရောင်းချ သည့်စနစ်  ပုံစံမမှန်မှုကြောင့်ဖြစ်ပါသည်။  ဆီချေး အထပ်ထပ်တက်နေသော ပုံးထဲမှဆီကို ဆီချိန်ခွက် (ဆီမှုတ်) ဖြင့် ခပ်ယူ၍ ခွက်မှောက်ခွက်လှန်စနစ်ဖြင့် ရောင်းချနေသောကြောင့် ပြင်ပလေနှင့် ဆီမျက်နှာ ပြင် ထိတွေ့မှုများခြင်းနှင့်အတူ ဆီထဲသို့ ဆီမဟုတ် သော ပစ္စည်းများ ပါဝင်မှုရှိလာခြင်းတို့ဖြစ်ပေါ်လာပြီး   ဆီကိုပျက်စီးလာစေနိုင်ပါသည်။   ထိုသို့သော အခြေအနေဖြစ်ပေါ်နေသောဆီကို ဝယ်ယူစားသုံး သော စားသုံးသူ ကိုယ်တိုင်ကလည်း ရေရှည်ကာလ တစ်ခုအတွက် သိုလှောင်စားသောက်ရန် ရည်ရွယ် ပါက ပျက်စီးနေသောဆီကြောင့် မိသားစုကျန်းမာ ရေးကိုပါ ထိခိုက်လာမည်ဖြစ်ပါသည်။ 

 


ကျန်းမာရေးထိခိုက်မှုမှ ကာကွယ်ပေးရန်


အရည်အသွေးမမီသော စားသုံးဆီများနှင့် အမျိုးအစားမမှန်ကန်သော စားသုံးဆီများကြောင့် နောက်ဆက်တွဲကြုံတွေ့လာရမည့်  ကျန်းမာရေး ထိခိုက်မှုမှ ကာကွယ်ပေးရန်အတွက်  ကျန်းမာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါး အာဏာပိုင်အဖွဲ့မှ အမိန့်ကြော်ငြာစာအမှတ် ၅၂၄/ ၂၀၂၁  ဖြင့်  ၂၀၂၁  ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင်  
အမှတ်တံဆိပ်ပါစားသုံးဆီကို  ထိန်းချုပ် အစား အသောက်အဖြစ်   သတ်မှတ်ကြောင်း   အမိန့် ထုတ်ပြန်ခဲ့ပါသည်။  ထိုနည်းတူ   စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏      စားသုံးသူ ကာကွယ်ရေးဥပဒေ ( ၂၀၁၉ ခုနှစ်   ပြည်ထောင်စု လွှတ်တော်  ဥပဒေအမှတ် ၉) ပုဒ်မ ၈၃ ပုဒ်မခွဲ (ခ)  အရအပ်နှင်းထားသော  လုပ်ပိုင်ခွင့်ကို   ကျင့်သုံး၍    ဟင်းသီးဟင်းရွက်ဆီ  (Vegetable Oil , Cooking Oil ) နှင့် စပ်လျဉ်းသည့်   ကုန်အညွှန်းအမှတ်အသား  ဖော်ပြရာတွင်   စီးပွားရေးလုပ်ငန်းရှင်များ   လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်ကို  ၂၀၂၁  ခုနှစ်  ဒီဇင်ဘာလ  ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
နိုင်ငံသားတိုင်း    စားသုံးဆီကြောင့်    ရင်ဆိုင် ကြုံတွေ့လာနိုင်သည့် ရောဂါဆိုးများမှ ကင်းဝေး စေရန်အလို့ငှာ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ကြပ်မတ်ဆောင်ရွက်နေသကဲ့သို့      စားသုံးသူ များဘက်မှလည်း မိမိပေးလိုက်ရသည့် ဈေးနှုန်းနှင့် ပြန်လည်ရရှိလာမည့်   အရည်အသွေးတန်ဖိုးကို ချိန်ညှိ၍ ခွက်မှောက်ခွက်လှန်စနစ်အား ချန်ထားခဲ့ ပြီး    ကုန်ညွှန်းအမှတ်အသား  အပြည့်အစုံနှင့်တကွ FDA  ထောက်ခံချက်ယူထားပြီးသော   အမှတ် တံဆိပ်ပါ  ဆီဘူးများ (Consumer Pack )ကိုသာ ရွေးချယ်ဝယ်ယူကာ မိမိတို့ စားသောက်မည့်ပမာဏ ကို သတ်မှတ်ထိန်းချုပ်  စားသောက်သင့်ပါသည်။

 


 စားသုံးသူအကျိုးစီးပွား


ကျန်းမာရေးနှင့်ညီညွတ်ပြီး  ဘေးအန္တရာယ် ကင်းသော   စားသုံးဆီများကို    ပြည်တွင်း၌ပင် အရည်အသွေးမီ    တိုးတက်ထုတ်လုပ်လာနိုင်ခြင်း ဖြင့်  ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သောကြောင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်၍     နိုင်ငံတော်အတွက် အကျိုးရှိလာမည့်အပြင် လုပ်ငန်းရှင်များကိုယ်တိုင် လည်း မိမိတို့၏ ထုတ်ကုန်အရည်အသွေးမြှင့်တင် ခြင်း၊ ထုတ်ကုန်အရည်အသွေးထိန်းသိမ်းခြင်းတို့ ဖြင့်  အရည်အသွေးဆိုင်ရာ  ကွင်းဆက်ဖြစ်စဉ် (Quality Chain Process ) အရ ရောင်းအားကောင်း လာနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ် ကျဆင်းလာ သောကြောင့် ဈေးနှုန်းကိုပါ   တည်ငြိမ်လာနိုင်စေ ခြင်းဖြင့်       စားသုံးသူအကျိုးစီးပွားကိုလည်း ကာကွယ်ရာရောက်မည်ဖြစ်ပါသည်။ 

 


သို့ပါ၍ စားသုံးဆီလုပ်ငန်းဆောင်ရွက်နေကြသောလုပ်ငန်းရှင်များအနေဖြင့်“ကုသိုလ်လည်းရ ဝမ်းလည်းဝ” ဆိုသည့်  မြန်မာစကားပုံနှင့်အညီ မိမိအပါအဝင်  စားသုံးသူများနှင့်အတူ  နိုင်ငံတော် အတွက်ပါ အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကျန်းမာ ရေးနှင့်ညီညွတ်သော အရည်အသွေးမြင့်စားသုံးဆီ များကို တိုးတက်ထုတ်လုပ်၍  သန့်ရှင်းသပ်ရပ်သော အဆင့်မြင့် ထုပ်ပိုးမှုစနစ်ဖြင့် စေတနာရှေ့ထား၍ ထုတ်လုပ်ရောင်းချနိုင်ကြစေရန်  ဆန္ဒပြုရေးသား လိုက်ရပါသည်။    ။