
နေပြည်တော် ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ လောကမာရဇိန် နန်းတော်ဦးကျောင်းအတွင်း ဆောက်လုပ်လှူဒါန်း မည့် ဓမ္မသမိဒ္ဓိဓမ္မာရုံအတွက် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်ရာ သီတဂူ ကေတုမတီဗုဒ္ဓ တက္ကသိုလ်၊ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ တိက္ခသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူ ကေတုမတီဗုဒ္ဓတက္ကသိုလ်၊ ကျောင်းအုပ် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် စေတနာရှင် အလှူရှင်များက ဓမ္မသမိဒ္ဓိ ဓမ္မာရုံအတွက် အလှူငွေ များ ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး (ဝဲပုံ)လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။
ဆက်လက်၍ ဓမ္မသမိဒ္ဓိဓမ္မာရုံ ဆောက်လုပ်မည့် မြေနေရာတွင် သံဃာတော်များ၊ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက မင်္ဂလာအချိန်ကျရောက် သည်နှင့် ရတနာပန္နက်တော်များကို ဘုရားဂုဏ်တော် ကိုးပါးနှင့်အညီ ကိုးချက်ရိုက်ကာ အမွှေးနံ့သာများ ပက်ဖျန်းပြီး ပန္နက်တော်တင်လှူ ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်