
မိုင်းယန်း ဖေဖော်ဝါရီ ၄
ရိုးရာဓလေ့ ထိန်းသိမ်းနိုင်စေရန် နှင့် ရပ်ရွာစည်းလုံးချစ်ကြည်မှုရှိစေရန် ရည်ရွယ်၍ (၃၁)နှစ်မြောက် လားဟူ တိုင်းရင်းသားလူမျိုးများ ၏ ရိုးရာဓလေ့စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၂ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းယန်းမြို့နယ် မိုင်းလွေ ကျေးရွာအုပ်စု ပန်ဆောင်ကျေးရွာ ၌ ကျင်းပသည်။
“လားဟူတိုင်းရင်းသားလူမျိုး တွေဟာ ထင်းရှူးပင်များ အဖူး အညွန့် ဖူးပွင့်ဝေဆာတဲ့အချိန် ကာလဆို လားဟူနှစ်သစ်ကူး ရောက်ပြီလို့ ကျွန်တော်တို့မှတ် ယူကြတယ် ။ နှစ်သစ်ကူးပွဲတော်ကို စုပေါင်းမကျင်းပနိုင်တဲ့ ကျေးရွာ မှာဆိုရင် မိမိအိမ်မှာပဲနှစ်သစ်ကူးပွဲ လုပ်ကြတယ်။ နှစ်သစ်ကူးပွဲတော် မှာဆိုရင် မနက်အစောကြက်တွန် တာနဲ့ အိမ်တိုင်းအိမ်တိုင်း၊ ရေတွင်းမှာ ရေသွားခပ်ကြတယ်၊ ရေနွေးကျိုတယ်၊ ကျိုထားတဲ့ ရေနွေးကို သိပ်မအေးခင် ရပ်ရွာ မှာရှိတဲ့ လူကြီးမိဘဆရာသမား တွေကို ရေဆေးကန်တော့ဂါရဝပြု ပါတယ်” ဟု ပန်ဆောင်ကျေးရွာမှ ဦးလုဗေက ပြောသည်။ “မိမိတို့ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်ဖို့ ရပ်ရွာစည်းလုံးညီညွတ်မှုရရှိစေ ဖို့ဆိုပြီးတော့ ပွဲတော်ကို ကျင်းပ လာခဲ့တာဖြစ်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
အဆိုပါ လားဟူရိုးရာ နှစ်သစ်ကူးပွဲတော်သို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်လူမှု ကူညီရေးအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ လားဟူတိုင်းရင်း သား ညီအစ်ကိုမောင်နှမများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြကာ လားဟူတိုင်းရင်း သားလူမျိုးများ၏ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာနှင့်အညီ ရိုးရာ အကပဒေသာများဖြင့် ကပြ ဖျော်ဖြေ၍ လားဟူရိုးရာ ရေဆေးကန်တော့ ဂါရဝပြုပြီး ရိုးရာ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
အဆိုပါ ရိုးရာဓလေ့စုပေါင်း နှစ်သစ်ကူးပွဲတော်သည် လားဟူ တိုင်းရင်းသား လူမျိုးများ၏ အထွတ်အမြတ်ထားရာ ပွဲတော် ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)