
ရွှေဘို ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်နှင့် ကန့်ဘလူခရိုင်အတွင်း ဆည်ရေသောက်စပါးစိုက်ကွင်းများ အချိန်မီစိုက်ပျိုးနိုင်စေရန် သဖန်းဆိပ် ဆည်နှင့် အခြားဆည်များမှ စိုက်ပျိုးရေကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သဖန်းဆိပ်ဆည်သည် ရေလှောင်ပမာဏ ဧက ပေ ၂၇ သိန်းကျော် သိုလှောင်နိုင်ပြီး လက်ရှိရေလှောင်ပမာဏသည် ၂၃၉၅၇၅၇ ဧကပေ ရှိရာ လာမည့် မိုးစပါးစိုက်ပျိုးရာသီ ပျိုးထောင်ရေအတွက်ချန်ပြီး ကန့်ဘလူခရိုင်အတွင်းမှ နွေစပါးဧက ၂၃၁၅၀၊ ရွှေဘိုခရိုင်အတွင်းမှ နွေစပါး စိုက်ဧက ၂၄၉၈၅၀ ဧကနှင့် အခြားသီးနှံ ဧက ၇၅၀၀၀ နှင့် မြစ်ရေတင် နွေစပါးစိုက်ဧက ၃၀၀၀ အပါအဝင် စုစုပေါင်း ဧက ၃၅၁၀၀၀ အတွက် ဆည်ရေများ လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
တစ်ဆက်တည်း ကျေးပင် အက်ဆည်မှ နွေစပါးစိုက်ဧက ၂၀၀၀၊ ပေကြီးဆည်မှ နွေစပါး စိုက်ဧက ၁၅၀ နှင့် လင်ပန်းဆည်မှ နွေစပါး စိုက်ဧက ၄၀၀ တို့ အတွက်လည်း ဖေဖော်ဝါရီ ၇ ရက်မှစတင်ပြီး ဆည်ရေများ လွှတ်ပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင် ဆည်မြောင်း နှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးထံမှ သိရသည်။
စိုးသီဟ(ရွှေဘို)