
နေပြည်တော် ဖေဖော်ဝါရီ ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဆရာအတတ်ပညာဦးစီးဌာန၏ ပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာ ဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူး များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဖွင့်လှစ်ပေးစေလို
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ပညာရေးတက္ကသိုလ်နှစ်ခုမှ ပါမောက္ခချုပ် များနှင့် ညှိနှိုင်း၍ ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ အရည်အသွေးမြှင့်တင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများကလည်း ခရိုင်/မြို့နယ်ပညာရေးမှူး များမှ ကျောင်းအုပ်၊ ဆရာ ဆရာမကြီးများအထိ အဆင့်အလိုက် စီမံ/ဘဏ္ဍာဆိုင်ရာ သင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေး စေလိုပါကြောင်း။
ကျောင်းများသည် ပညာသင်ကြား၊ သင်ယူမှု များ ဆောင်ရွက်ရန်နေရာဖြစ်ပါကြောင်း၊ ကျောင်းများ တွင် မည်သည့်နိုင်ငံရေးလှုပ်ရှားမှုကိုမျှ လက်မခံရန် မှာကြားလိုပါကြောင်း၊ ရရှိသည့် ပညာရေးအသုံး စရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့် အညီ အကျိုးရှိထိရောက်စွာ အသုံးပြုကြစေလိုပါ ကြောင်း၊ ပညာရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် တစ်ဦးနှင့် တစ်ဦး မေတ္တာထား၍ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး များဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း တို့က ဆွေးနွေးပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ဆရာ အတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီတို့က ပညာရေးဒီဂရီကောလိပ် များနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက် ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသူများက သိရှိ လိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ်နှင့် ကျောင်းများအလိုက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်