(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဂုဏ်ပြုယာဉ်များနှင့်အတူ ဖျော်ဖြေရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ဖေဖော်ဝါရီ   ၃


(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂုဏ်ပြုယာဉ်များနှင့်အတူ ဖျော်ဖြေ ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။  


ဆွေးနွေးမှာကြား


အခမ်းအနားတွင်   (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုအခါ အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကြောင့် လုပ်ငန်းများ အရှိန်အဟုန် ရနေပြီဖြစ်ပါကြောင်း၊  ဂုဏ်ပြုယာဉ်များအား မိမိတိုင်း ဒေသကြီး/ပြည်နယ်အလိုက် ခမ်းနားထည်ဝါစွာ ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြီးစီးရန် လိုအပ်နေသေးသည်များကို ယခုရက်များအပြီး  ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပြီး  ဂုဏ်ပြုအခမ်းအနား၌  ပါဝင်မည့်သူများအားလုံးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster များ ထိုးနှံပေးလျက်ရှိသည့် အတွက် ဆေးမထိုးရသေးသူများ ဆေးထိုးနှံရေး၊ လေ့ကျင့်ရေး၊ ကျန်းမာ ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။ 


ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ အတွင်း ရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ၊ တိုင်းဒေသကြီး / ပြည်နယ်ဝန်ကြီးများ၊ တက်ရောက်လာသူများက  ဂုဏ်ပြုယာဉ်များ နေရာယူခြင်း၊ ချီတက် မောင်းနှင်ခြင်းနှင့် ယာယီရပ်နားနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဂုဏ်ပြု ယာဉ်များနှင့်အတူ  တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအကများနှင့် အနုပညာရှင်တို့မှ ဖျော်ဖြေတင်ဆက်မှု၊  ဇာတ်တိုက်လေ့ကျင့်နေမှုနှင့်     ဂုဏ်ပြုညစာစားပွဲတွင် သီဆိုကပြဖျော်ဖြေမည့် အစီအစဉ်များကို   ဆွေးနွေးတင်ပြကြသည်။ 


ယင်းနောက်  ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ 


 သတင်းစဉ်