အာဖဂန်နစ္စတန်၌ အမျိုးသမီးများအခွင့်အရေးအတွက် အာမခံချက်ပေးရန် ကုလအကြီးအကဲတောင်းဆို

 

ကေကေစိုး

 

တာလီဘန်များသည် အမျိုးသမီးများနှင့် ကလေးများအတွက် အခြေခံ လူ့အခွင့်အရေးကို လေးစားလိုက်နာရမည်ဟု ကုလသမဂ္ဂအကြီးအကဲ က ဇန်နဝါရီ ၂၆ ရက်တွင် ပြောသည်။

 


ဖြေလျှော့ပေးရန်တောင်းဆို 


ယခုအခါ  အာဖဂန်မိသားစုများတွင်  စားနပ်ရိက္ခာအခက်အခဲ ကြောင့် မိမိတို့၏ ကလေးငယ်များကို ရောင်းချနေကြရမှုများအားအကာအကွယ်ပေးနိုင်ရေးအတွက် နိုင်ငံခြားတွင် ပိတ်ဆို့ခံထားရသည့် အာဖဂန်နစ္စတန်နိုင်ငံ၏  ပိုင်ဆိုင်မှုများကို  ဖြေလျှော့ပေးရန်အတွက် လည်း  အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းကို ကုလအကြီးအကဲက တောင်းဆိုခဲ့သည်။

 


ဆက်လက်တိုက်တွန်း 


အာဖဂန်နစ္စတန်နိုင်ငံမှာ   ရပ်တည်နိုင်ရေး    မနည်းကြိုးပမ်း ရပ်တည်နေရသည်ဟုလည်း  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ် က သတိပေးပြောကြားခဲ့သည်။

 


လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများ ယိုယွင်း လာပြီး   သန်းနှင့်ချီသော   ဆင်းရဲနွမ်းပါးသည့်   နိုင်ငံသားများသည် ဆက်လက်အသက်ရှင်ရပ်တည်နိုင်ရေး ရုန်းကန်နေရသည်။ 

 


တာလီဘန်တို့အနေဖြင့်   အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းထံမှ ယုံကြည်မှုများရရှိအောင်  ကြိုးစားသင့်သည်ဟုလည်း  ၎င်းက ဆက်လက်တိုက်တွန်းခဲ့သည်။ 

 


ယုံကြည်မှုရအောင် ကြိုးပမ်းသင့် 


အမျိုးသမီးများနှင့် ကလေးများအတွက် အခြေခံလူ့အခွင့်အရေးကို အာမခံချက်ပေးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာမှ ယုံကြည်မှုရရှိအောင် ကြိုးပမ်းသင့်သည်ဟု  လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြော ကြားခဲ့သည်။  

 


အမျိုးသမီးတက်ကြွလှုပ်ရှားသူများကို      ပြန်ပေးဆွဲခြင်းနှင့် မတရားဖမ်းဆီးခြင်းများ    ပြုလုပ်နေသည်ဟူသော   သတင်းများ ကြားသိနေရကြောင်း၊   အဆိုပါအမျိုးသမီးများကို   ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။  

 


ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့နေရ 


တစ်ချိန်တည်းမှာပင်အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းကလည်း အာဖဂန်ပြည်သူများကို  ကူညီထောက်ပံ့ပေးမှုများ  ပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း ပြောကြားခဲ့သည်။ 

 


ကမ္ဘာ့ဘဏ်နှင့် အမေရိကန်အစိုးရတို့က ပိတ်ဆို့ထားသည့် အကူ အညီပေးရေးရန်ပုံငွေများကိုလည်း ပိတ်ဆို့ထားမှုမှ ဖယ်ရှားပေးရန် ဆက်လက်တောင်းဆိုခဲ့သည်။ 

 


အာဖဂန်နိုင်ငံသား  ထက်ဝက်ကျော်မှာ  အလွန်အမင်းငတ်မွတ် ခေါင်းပါးမှုနှင့် ကြုံတွေ့နေရကြောင်း လုံခြုံရေးကောင်စီ ညီလာခံတွင် ဂူတာရက်စ်က ပြောကြားခဲ့သည်။

 


ကလေးများကိုရောင်းချနေရ 


မိသားစုအချို့မှ အစားအစာဝယ်ယူရန်အတွက်  မိမိတို့၏ကလေး များကို   ရောင်းချနေရသည်အထိ  အခြေအနေဆိုးရွားနေကြောင်း ဆက်လက်ပြောသည်။    ကုလသမဂ္ဂဆိုင်ရာ   တရုတ်သံအမတ်ကြီး  Zhang Jun  ကလည်း  အာဖဂန်အမျိုးသမီးတစ်ဦး   ကြုံတွေ့ရသည့် ဖြစ်ရပ်ကို ပြောပြခဲ့သည်။ 

 


အဆိုပါအမျိုးသမီးသည်  ၎င်း၏မိသားစုအတွက်   အစားအစာ ရရှိရန်  ကျောက်ကပ်တစ်ခုနှင့် သမီးနှစ်ဦးကို  ရောင်းချခဲ့ရသည်ဟု ပြောသည်။ ဤဖြစ်ရပ်မှာ ကြေကွဲဖွယ်ဖြစ်ရပ်ဖြစ်ကြောင်း အမေရိကန် အနေဖြင့် တစ်ဖက်သတ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှား ပေးရန် ၎င်းကတိုက်တွန်းခဲ့သည်။ 

 


စီးပွားရေးကျဆင်းမှုများဖြစ်ပေါ် 


ထို့ပြင်  အာဖဂန်နိုင်ငံ၏    ပိုင်ဆိုင်မှုများကို   ပိတ်ဆို့ထားရာမှ ဖြေလျှော့ပေးရန်လည်း  ပြောကြားခဲ့သည်။  ကုလသမဂ္ဂအနေဖြင့် အဆိုပါပိတ်ဆို့ထားမှုများကို ဖြေလျှော့ပေးနိုင်ရေးအတွက် ဆက်လက် တောင်းဆိုလျက်ရှိသည်။ 

 


ပိတ်ဆို့ထားမှုများကြောင့် လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်၍မရဘဲ  စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်လာရသည်ဟု အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကုလသံအမတ် ဒက်ဗိုရာလိုင်ယွန်က ပြောသည်။ 

 


အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးတွင် ငွေကြေးစီးဆင်းမှု  အခြေ အနေတိုးတက်လာစေရေးအတွက် အပြည်ပြည်ဆိုင်ရာမှ အကူအညီ ပေးရေးအေဂျင်စီများနှင့် အလှူရှင်များ လျင်လျင်မြန်မြန်လုပ်ဆောင် သင့်ပြီဖြစ်ကြောင်း  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။ 

 


ထိန်းသိမ်းထားခဲ့ 


အာဖဂန်နစ္စတန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက်  ရရှိ ထားသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကိုလည်း ပြီးခဲ့သည့် နှစ် ဩဂုတ်လအတွင်း တာလီဘန်တို့တိုင်းပြည်ကို ထိန်းချုပ်ပြီးနောက် ကမ္ဘာ့ဘဏ်က ထိန်းသိမ်းထားခဲ့သည်။ မည်သည့်ဆောင်ရွက်မှုမျိုး မှ မပြုလုပ်လျှင် လူ့အသက်များ ဆုံးရှုံးရမည်ဖြစ်ပြီး အခြေအနေများ ပိုမိုဆိုးရွားလာမည်ဟုလည်း ၎င်းကဆက်ပြောသည်။

 


စာသင်ကြားခွင့်အတွက် တောင်းဆို 


တာလီဘန်များအနေဖြင့်  အခြေခံလူ့အခွင့်အရေးများကို လေးစား လိုက်နာရန်  အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို  လေးစားရန်နှင့် အမျိုးသမီးများ  အလုပ်လုပ်ကိုင်ခွင့်၊ စာသင်ကျောင်းနှင့် တက္ကသိုလ် တက်ရောက်ခွင့်တို့အတွက်   ခွင့်ပြုပေးရန်   အာဖဂန်လုပ်ငန်းအဖွဲ့ အကြီးအကဲဖြစ်သူ နက်ဆီရာအက်မက် ဖီခ်ကပြောသည်။ 

 


လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ အတွက်   အော်စလိုမြို့တွင်   အနောက်နိုင်ငံများနှင့်  တာလီဘန် အရာရှိတို့ ဆွေးနွေးခဲ့ကြသည်။ 

 


ပညာရေးအပေါ်တွင် တည်မီ


အာဖဂန်နစ္စတန်အတွက်     လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးရေးအဖွဲ့နှင့် ဆက်နွှယ်သည့် အနောက် သံတမန်များနှင့်လည်း     ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး   လူ့အခွင့်အရေး အခြေအနေများတိုးတက်ရန် ဆွေးနွေးခဲ့ကြသည်။ 

 


အမျိုးသမီးများပညာရေးအတွက်  ပိုမိုကောင်းမွန်သည့် ပတ်ဝန်း ကျင်ကောင်းတစ်ခု   ဖန်တီးပေးမည်ဟုလည်း   တာလီဘန်တို့က ပြောကြားခဲ့ကြသည်။ တွစ်တာပေါ်တွင် ဖော်ပြထားသည့် ဗီဒီယိုတွင် အာဖဂန်နစ္စတန်နိုင်ငံ၏  အနာဂတ်မှာ  ပညာရေးပေါ်တွင်  တည်မီနေ ကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘိုင်ဟူလာမူဂျာဟစ်ဒ် က ပြောသည်။ 

 


မျှော်မှန်းထား 


အနောက်နိုင်ငံများမှ  အရာရှိများနှင့်  တာလီဘန်ကိုယ်စားလှယ် တို့သည် ယခုလအစောပိုင်းက  နော်ဝေနိုင်ငံတွင်  တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြသည်။ အလယ်တန်းကျောင်းသူများအတွက် ဆက်လက် ပညာသင်ကြားခွင့်ပေးရန် အနောက်နိုင်ငံများမှ တာလီဘန်များထံ တောင်းဆိုခဲ့ကြသည်။ 

 


အလယ်တန်းကျောင်းသူများမှာ    မတ်လမှစတင်၍    စာသင်နှစ် စတင်သည့်အခါ ပညာသင်ကြားခွင့်ပေးရန် မျှော်မှန်းထားသည်ဟု ပညာရေးဝန်ကြီးဌာနဆိုင်ရာ     တာလီဘန်ပြောရေးဆိုခွင့်ရှိသူက အင်န်အိတ်ချ်ကေသို့ ပြောသည်။ သို့သော်လည်း အသေးစိတ်အချက် အလက်များကိုမူ ပြောပြခဲ့ခြင်း မရှိချေ။ 


ကိုးကား - အေအက်ဖ်ပီ၊ အင်န်အိတ်ချ်ကေ