မြန်အောင်မြို့နယ် အုန်းနှဲကုန်းတံတားနှင့် ကျွဲရိုးအင်းတံတား တည်ဆောက်ပြီးစီး

 

မြန်အောင်     ဇန်နဝါရီ     ၃၀ 

 


ဧရာဝတီတိုင်းဒေသကြီး  မြန်အောင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေမည့်  မြန်အောင်မြို့နယ်  ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ  အုန်းနှဲကုန်းတံတားနှင့် သပြေကုန်း-သဲဖြူ-ထူးကြီးလမ်းပေါ်ရှိ ကျွဲရိုးအင်းတံတား တည်ဆောက်ပြီးစီး၍   ဒေသခံ ပြည်သူများ၏ ဒေသထွက်ကုန်စည်စီးဆင်းမှုများ ကောင်းမွန်တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။              

 


ဆောက်လုပ်ရေးဝန်ကြီးဌာန၊      ကျေးလက်လမ်း    ဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်) တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)က ၂၀၁၉-၂၀၂၀၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေ ၆၃၁ ဒသမ ၀၀ သန်းဖြင့်  တာဝန်ယူတည်ဆောက်သော မြန်အောင်မြို့နယ် ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတားကို တံတားအရှည် ပေ ၂၄၀ (ပေ ၆၀ - ၄ ခန်း)၊ တံတားအကျယ် ပေ ၂၀၊ Boed Pile အုတ်မြစ်အောက်ခြေထည်နှင့် အပေါ်ထည်သံကူကွန်ကရစ် တံတား အမျိုးအစားဖြစ်ပြီး တံတားရေလမ်းကင်းလွတ် အကျယ် ၁၈ ဒသမ ၂၈ မီတာ၊   အမြင့် ၀ ဒသမ ၉ မီတာနှင့်   ယာဉ်တစ်စီးချင်း  ၃၆ တန် တံတားခံနိုင်ဝန်ရှိကြောင်း သိရသည်။   

 


 သပြေကုန်း-သဲဖြူ-ထူးကြီးလမ်းပေါ်ရှိ ကျွဲရိုးအင်းတံတားကို ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ရန်ပုံငွေ ၄၀၅ ဒသမ ၀၀ သန်းဖြင့် တံတားအရှည် ပေ ၁၂၀ ( ပေ ၆၀- ၂ ခန်း)၊ တံတား အကျယ် ပေ ၂၀၊ Boed Pile အုတ်မြစ်အောက်ခြေထည် နှင့် အပေါ်ထည်သံကူကွန်ကရစ်   တံတားအမျိုးအစားဖြစ်ပြီး  တံတား ရေလမ်းကင်းလွတ် အကျယ် ၁၈ ဒသမ ၂၈ မီတာ၊ အမြင့် ၀ ဒသမ ၉ မီတာနှင့်   ယာဉ်တစ်စီးချင်း ၃၆ တန်   တံတားခံနိုင်ဝန်ရှိကြောင်း   ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(နေပြည်တော်) တံတားတည်ဆောက် ရေးအဖွဲ့ (ရုံးချုပ်) ထံမှ သိရသည်။

 


အဆိုပါ မြန်အောင်မြို့နယ် ထူးကြီး-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်း တံတားနှင့် သပြေကုန်း-သဲဖြူ-ထူးကြီးလမ်းပေါ်ရှိ ကျွဲရိုးအင်းတံတား  တည်ဆောက်ပြီးစီး၍ မြန်အောင်မြို့နယ်တောင်ဘက် ဧရာဝတီမြစ် အနောက်ဘက်ရှိ ရွှေကျင်တိုက်နယ်နှင့် သပြေကုန်းတိုက်နယ်အတွင်းရှိ  ကျေးရွာအုပ်စု ၁၆ အုပ်စုရှိ ကျေးလက်နေပြည်သူများ ဟင်္သာတ-မြန်အောင်ကားလမ်းနှင့် ပုသိမ်-မုံရွာ ကားလမ်းမသို့ ဆက်သွယ်သွားလာ နိုင်ပြီး   ဒေသထွက်ကုန်ပစ္စည်းများ   သယ်ယူပို့ဆောင်ရေး၊  လူမှုရေး၊ ကျန်းမာရေး စသည့် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည့် တံတားများဖြစ်ကြောင်း သိရသည်။ 


ဝင်းဗိုလ် (မြန်အောင်)