သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတကာ၏ သုတေသနတွေ့ရှိချက်များနှင့် အသစ်အသစ်သော သုတေသနပညာရပ်များကို မျက်ခြည်မပြတ်လေ့လာနေကြရန်လို

နေပြည်တော်  ဇန်နဝါရီ  ၂၇


ရေဆင်းစိုက်ပျိုးရေး   သုတေသနဦးစီးဌာန၏ (၁၈)ကြိမ်မြောက်  နှစ်ပတ်လည်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေး သုတေသန ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦးက သုတေသနလုပ်ငန်းများဆောင်ရွက် ရာတွင်  မိမိတို့၏  ဓာတ်ခွဲခန်းများအတွင်း၌သာ ကြိုးပမ်းအားထုတ်နေခြင်းမျိုးမဟုတ်ဘဲ နိုင်ငံတကာ ၏ သုတေသနတွေ့ရှိချက်များနှင့် အသစ်အသစ်သော သုတေသနပညာရပ်များကို မျက်ခြည်မပြတ်လေ့လာ နေကြရန် လိုအပ်ကြောင်း၊ မျိုးကူးစပ်ခြင်း သုတေသန လုပ်ငန်းတွင် သမားရိုးကျ  မျိုးကူးစပ်မွေးမြူခြင်း (Conventional Breeding)မှ    အဆင့်မြင့် ဇီဝနည်းပညာများအသုံးချခြင်း (Application of advanced biotechnology)သို့ ပြောင်းလဲအသုံးပြုနေပြီဖြစ်ကြောင်း၊   စိုက်ပျိုးရေးထုတ်ကုန် သီးနှံ များ၏ အရည်အသွေးနှင့် စားသုံးမှု လုံခြုံစိတ်ချစေရန် စိုက်ပျိုးနည်းစနစ် သာမက ရိတ်သိမ်းပြီး နောက်ပိုင်း လုပ်ငန်းစဉ်များဖြစ်သည့် ပြင်ဆင်ထုပ်ပိုးခြင်း၊ ပြုပြင် မွမ်းမံခြင်း၊     တန်ဖိုးမြှင့်ထုတ်ကုန်များ  ထုတ်လုပ်ခြင်း အစရှိသည့်  ကွင်းဆက်တစ်လျှောက်လုံးအတွက်  လိုအပ်သည့်         သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်   လိုအပ်ကြောင်း၊    လယ်ယာကဏ္ဍ သာမက    မွေးမြူရေးကဏ္ဍဆိုင်ရာ    သုတေသန လုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သား၊ ငါး မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ စိုက်ပျိုးရေးသုတေသန လုပ်ငန်းများနှင့် ဆက်နွှယ်သည့် အပိုင်းများတွင် အတူပူးပေါင်း ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက         သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့်  သုတေသနလုပ်ငန်း ဆိုင်ရာများကို   ရှင်းလင်းတင်ပြပြီး  စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏  မှတ်တမ်းဗီဒီယိုကို  ပြသ သည်။
ဆုများလက်ခံရယူ


ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ သုတေသနလုပ်ငန်းများအလိုက်   ထူးချွန်ဆုများနှင့် အားကစားနည်းအလိုက်    ထူးချွန်ဆုများကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  ချီးမြှင့် ပေးအပ်ရာ သုတေသနပညာရှင်များနှင့် အားကစား မောင်မယ်များက ဆုများလက်ခံရယူခဲ့ကြသည်။
အခမ်းအနားသို့ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များနှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အငြိမ်းစား    ပညာရှင်ကြီးများ၊  သုတေသီများနှင့် အရာထမ်း    အမှုထမ်းများ၊  ထူးချွန်အားကစား မောင်မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်