ဗြိတိန်နိုင်ငံက နိုင်ငံအတွင်း ရောက်ရှိလာသူများ ကာကွယ်ဆေးထိုးနှံပြီးပါက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များ ဖြေလျှော့ပေးမည်

လန်ဒန်    ဇန်နဝါရီ     ၂၅


ဗြိတိန်နိုင်ငံသည်   နိုင်ငံအတွင်း    ရောက်ရှိ လာသော  ခရီးသွားများ     ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးပါက ဖေဖော်ဝါရီ  ၁၁ ရက်မှစတင်ကာ   ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှုကဲ့သို့သော စည်းကမ်းချက်များကို  ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောကြားသည်။


ယင်းသို့ ဖြေလျှော့ပေးခြင်းကို ဗြိတိန်သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှက်က ဇန်နဝါရီ ၂၄ ရက် တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့သို့ စည်းကမ်း ချက်များ   ဖြေလျှော့ပေးခြင်းသည်  လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ    ကူးစက်ခံရသူအရေအတွက် လျော့ကျလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။


ဗြိတိန်နိုင်ငံ၌  ယခုလအစောပိုင်းက  နေ့စဉ် ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူ  နှစ်သိန်းအထိ မြင့်တက်ခဲ့ရာမှ  လက်ရှိတွင်  နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ တစ်သိန်းအောက် ကျဆင်း ခဲ့ကြောင်း သိရသည်။


ထို့ပြင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုကြောင့် အလွန်အမင်းဖျားနာသူအရေအတွက် လျော့ကျသွားပြီဖြစ်ကြောင်းနှင့် အသက်  ၁၂ နှစ် အထက်ရှိသူများ၏ ၆၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်   အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း          ဗြိတိန်အစိုးရက ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်