
“တခြားအလုပ် မလုပ်ရသေးခင် စပ်ကြားမှာ မြန်မာ မုန့်တွေလုပ်ပြီးအွန်လိုင်းက ရောင်းတာပါ။ မိသားစု အတွက် အိမ်စရိတ်ကာမိအောင်ပေါ့”
ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှု၊ ခေတ် ကာလ အကျပ်အတည်းမျိုးစုံကြား အလုပ်အကိုင် ရှားပါးနေသည့် အခိုက်အတန့် ၎င်းတတ်ကျွမ်းသည့် အိမ်တွင်းမှုပညာဖြင့် မိသားစု၀င်ငွေကို တစ်ဖက် တစ်လမ်းမှ ရှာဖွေပေးနေသည့် မငြိမ်းစံက ပြောသည်။
အွန်လိုင်းအစားအစာ ဂရု(ပ်)တစ်ခုတွင် တင်ကာ ရောင်းချသည့် သူ၏ ကျောက်ကျော၊ ဆနွင်းမကင်း စသည့်သွားရည်စာမုန့်လေးများက အရသာ ထူးကဲကောင်းမွန်သဖြင့် စားသုံးသူ အကြိုက်ဖြစ်ကာ ရန်ကုန်မြို့ နေရာတော်တော် များများသို့ပင် ပို့ဆောင်ပေးနေရပြီဖြစ်သည်။
“သင်တန်းတက်ခဲ့တုန်းကတော့ အိမ်မှာ အပျော်သဘော မုန့်လုပ်စားဖို့ပဲ။ သူငယ်ချင်းက စက်ချုပ်သင်တန်းတက်တော့ လိုက်တက်ဖြစ်တဲ့ သဘောပါ။ ခုဆို အိမ်တွင်းစီးပွားရေး အလုပ်တစ်ခု ဖြစ်လာခဲ့ပြီ”ဟု အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း (ရန်ကုန်)၏ သင်တန်းသူဟောင်း မငြိမ်းစံက ဆိုသည်။
စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိ
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စက်ချုပ် သင်တန်း၊ အစားအစာသင်တန်းများကို တစ်နှစ် ပတ်လုံး စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ၊ အလုပ်သမားများ အနေဖြင့် အချိန်တိုအတွင်း အိမ်တွင်းမှုပညာရပ် များကို သင်ကြားတက်မြောက်နိုင်ကြပြီဖြစ်သည်။
“ရည်ရွယ်ချက်က အိမ်တွင်းမှုပညာရပ်တွေမှာ ကျွမ်းကျင်လုပ်သားတွေ ဖြစ်လာပြီးတော့ မိမိ ကိုယ်တိုင် ရပ်တည်နိုင်ရန် ရည်ရွယ်ပါတယ်။ အဲဒီလို ရပ်တည်နိုင်တဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း တွေ၊ ဝင်ငွေအခွင့်အလမ်းတွေ ရရှိနိုင်ဖို့ ရည်ရွယ် ပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန ရန်ကုန် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးက ပြောသည်။
အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်း(ရန်ကုန်)၏ ကျောင်းအကျယ်အဝန်း မှာ ၁ ဒသမ ၆၇၅ ဧကရှိပြီး ယခင် စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနက ဦးစီး၍ ၁၉၇၃ ခုနှစ် မတ် ၂၆ ရက်က ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၉၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှု ဝန်ထမ်းဦးစီးဌာန လက်အောက်တွင် ဆက်လက် ဖွင့်လှစ်၍ သင်တန်းများ သင်ကြားပို့ချလျက်ရှိရာ ယနေ့အထိပင်ဖြစ်သည်။
ကျောင်းအခြေပြုနဲ့ ရပ်ရွာအခြေပြု
“သင်တန်းအနေနဲ့က ကျောင်းအခြေပြုနဲ့ ရပ်ရွာအခြေပြုဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျောင်း အခြေပြုက ကျောင်းမှာသင်ကြားတဲ့ ဘာသာရပ် တွေကို စိတ်ပါဝင်စားသူတွေ၊ မိမိနှစ်သက်ရာ သင်တန်းချိန်အလိုက် ကျောင်းမှာလာတက်သူတွေ ကို သင်ကြားပေးတာပါ။ ရပ်ရွာအခြေပြုကတော့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ မိခင်နဲ့ ကလေးတွေ၊ ကျေးလက်ဒေသက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းပြီး ရပ်ကွက်၊ ကျေးရွာတွေအထိ သွားပြီး သင်ပါတယ်။ နောက်တစ်ချက်က ကျွန်မတို့ လူမှု ဝန်ထမ်းဦးစီးဌာနက ကာကွယ်စောင့်ရှောက်ထားတဲ့ ကလေးတွေကိုလည်း သင်တန်းတွေ ပေးရပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူးက ဆက်ပြောသည်။
အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင် ကျောင်း (ရန်ကုန်) တွင် မြန်မာအစားအစာ၊ မုန့်မျိုးစုံ၊ တရုတ်အစားအစာ၊ ကိုရီးယားအစားအစာ တို့အပြင် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်း (စင်တီမီတာနည်း၊ လက်မနည်း) ကို အခြေခံ အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ဇာထိုး/ ပန်းထိုး (လက်ပန်းထိုးအခြေခံ / အဆင့်မြင့်)သင်တန်းများ၊ ဇာထိုး/ ပန်းထိုး(စီးကွင့်)၊ ပန်းအလှ ပြင် စသည့်ပညာရပ်များကို သက်ဆိုင်ရာဘာသာရပ် အလိုက် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်ဆရာ ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိသည်။
အလုပ်အကိုင်တိုးတက်ရရှိ
ပြီးခဲ့သော ၁၀ နှစ်တာကာလအတွင်း ရန်ကုန် အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်ကျောင်းမှ သင်တန်းသား ၂၁၇၅၀ ကျော် မွေးထုတ်သင်ကြား ပေးနိုင်ခဲ့ပြီး အလုပ်အကိုင်ရရှိမှုအနေဖြင့် ကိုယ်ပိုင် လုပ်လုပ်ကိုင်သူ ၅၂ ရာခိုင်နှုန်း၊ စက်ရုံအလုပ်ရုံများ တွင် ဝင်ရောက်အလုပ်လုပ်ကိုင်သူ ၂၁ ရာခိုင်နှုန်း စုစုပေါင်း ၇၃ ရာခိုင်နှုန်းအထိ တိုးတက်ရရှိခဲ့ပြီဖြစ် သည်။
“သင်တန်းသားတွေ လိုက်နိုင်ရင် လိုက်နိုင်သလို ဆိုင်ဖွင့်နိုင်တဲ့သူတွေအထိ ရှိတယ်။ ပညာဆိုတာ ကတော့ လိုက်လို့မကုန်နိုင်ဘူးပေါ့။ တချို့ဆို သင်တန်းတက်နေရင်းနဲ့ ဝင်ငွေရရှိတဲ့သူတွေလည်း ရှိပါတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
“တချို့ကျတော့ ဆိုင်ကြီးတွေမှာ နေ့စားနဲ့ သွားရောက်လုပ်ကိုင်တဲ့သူတွေ ရှိတယ်။ ဆိုင်ကြီး တွေက သင်တန်းသားတွေထဲမှာ အလုပ်အကိုင် ရှာပေးပါဆိုလို့ ရှာပေးရတာရှိတယ်။ သင်တန်းသား တွေနဲ့ ဆိုင်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်ရရှိ ရေး ဆောင်ရွက်ပေးရတာတွေရှိတယ်။ စက်ချုပ်မှာ ဆို ပြင်ပကနေ လာခေါ်တာတွေရှိတယ်။ ဒီက လက်ရာကောင်းတဲ့ကလေးတွေဆို အစ်မတို့က အလုပ်အကိုင်အတွက် ချိတ်ဆက်ပေးပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
သင်တန်းအချိန်များ
အိမ်တွင်းမှု သက်မွေးပညာသင်ကျောင်း (ရန်ကုန်)တွင် သင်တန်းများကို တစ်နှစ်လျှင် ရှစ်ကြိမ်ဖွင့်လှစ်ပြီး ရုံးပိတ်ရက်များမှအပ နံနက် ၉ နာရီခွဲမှ ၁၂ နာရီခွဲအထိ တစ်ကြိမ်၊ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိတစ်ကြိမ် တစ်နေ့ နှစ်ကြိမ် ဖွင့်လှစ်ထားကြောင်းနှင့် စိတ်ပါဝင်စားသူ အမျိုး သား၊ အမျိုးသမီး မည်သူမဆို တက်ရောက်နိုင် ကြောင်း သိရသည်။
လက်ရှိကာလသည် ကိုဗစ် -၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်သည့်အတွက် သင်တန်း တစ်ချိန်လျှင် သင်တန်းသား ၃၀ သာ လက်ခံ သင်ကြားပေးလျက်ရှိသည်။
“ပန်းသင်တန်းကတော့ နှစ်ပတ်ပါ။ ကျန်တဲ့ သင်တန်းတွေကတော့ တစ်လခွဲပါ။ သင်တန်းကြေး ကလည်း အများပြည်သူအားလုံး လက်လှမ်းမီနိုင် အောင် အနည်းဆုံး ကျပ် ၄၀၀၀ ကနေ အများဆုံးမှ ၁၀၀၀၀ အထိပဲ သတ်မှတ်ထားပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။
ထို့ပြင် အသက်မွေး၀မ်းကျောင်းပညာ(အခပေး) အထူးသင်တန်းများကိုလည်း စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်ထားသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာန၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်း ချက်ပန်းတိုင်တွင် “လူတိုင်းတက်ရောက်သင်ကြား နိုင်ပြီး အရည်အသွေးတူညီမျှတမှုရှိသည့် ပညာရေး ကို ရရှိရန်အတွက် တစ်သက်တာ ပညာသင်ကြား နိုင်သည့် အခွင့်အလမ်းများ တိုးမြှင့်ရန်” ဆိုသည့် အချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
သင်တန်းကျောင်းများ
ထို့အတွက် ရန်ကုန် အိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်ကျောင်းကဲ့သို့ပင် မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထား၀ယ်မြို့များတွင် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများ ဖွင့်လှစ်၍ စက်ချုပ်သင်တန်းများ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်း သင်တန်းနှင့် ပန်းအလှပြင်သင်တန်းစသည့် သင်တန်းများကို ဘဏ္ဍာနှစ် တစ်နှစ်လျှင် သင်တန်း အပတ်စဉ် ရှစ်ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ် ကြာ သင်ကြားပေးလျက်ရှိသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း များသည် သင်ထောက်ကူပစ္စည်းများ စုံလင်စွာဖြင့် ပညာပြည့်ဝသည့် သင်တန်းနည်းပြများဖြင့် သင်တန်းသားများ၏ ရည်မှန်းချက်များ အောင်မြင် သည်အထိ လေ့လာသင်ယူနိုင်ရန် အစွမ်းကုန် သင်ကြားပေးလျက်ရှိသည်။
အောင်မြင်မှုခြေလှမ်းများ စတင်ရာ
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအရပ်ရပ်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း များသို့ အိမ်တွင်းမှုလုပ်ငန်း စိတ်ဝင်စားသူ၊ မြန်မာ စာ ရေးတတ် ဖတ်တတ်သူ၊ အတွက်အချက်တတ်သူ၊ ကျန်းမာကြံ့ခိုင်သူ၊ ကျောင်းစည်းကမ်းကို တိကျစွာ လိုက်နာနိုင်သူ စသည့်အချက်များဖြင့် ပြည့်စုံသူ အမျိုးသား၊ အမျိုးသမီးများ မည်သူမဆို သက်ဆိုင် ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းများသို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်း တက်ရောက်နိုင်မည် ဖြစ်သည်။
အိမ်တွင်းမှုလုပ်ငန်းသည် များစွာကျယ်ပြောလှ သည်ဖြစ်ရာ မိမိတို့ဝါသနာပါရာ ပညာရပ် များကို သင်ယူပြီး ကိုယ်ပိုင်တီတွင်ကြံဆမှုတို့ ပေါင်းစပ်ကာ ကိုယ်ပိုင်အိပ်မက်များကို အကောင် အထည်ဖော်လိုသူများအတွက် အိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်ကျောင်းများသည် အောင်မြင်မှု၏ ခြေလှမ်းများစတင်သည့် နေရာလည်းဖြစ်နိုင် ပြန်သည်။
“ပညာဆိုတာ သင်ယူလေ့လာရင် လေ့လာ သလောက် အကျိုးရှိတာပဲလေ။ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာဆိုတာ အသက်အရွယ်မရွေး သင်ယူလို့ရတဲ့အတွက် မိမိရည်မှန်းချက်ရောက်ဖို့၊ မိမိဝါသနာပါရာကို သင်ယူနိုင်ကြဖို့အတွက် ဖိတ်ခေါ် ချင်ပါတယ်’’ ဟုလည်း လက်ထောက်ညွှန်ကြားရေး မှူးက ပြောသည်။ ။
စိမ်းခက်၊ ဓာတ်ပုံ - ဖိုးသား
- Log in to post comments