သရေခေတ္တရာပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ဇန်နဝါရီနောက်ဆုံးပတ်အတွင်း ကျင်းပမည်

 

ပဲခူး  ဇန်နဝါရီ   ၂၂


အားကစားဖြင့်   ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက် သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်း စက်ဘီးစီးပွဲတော် ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီ  ၂၀ ရက်က ပြုလုပ်သည်။

 


အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကိုဦးတည်၍ သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော် ကျင်းပပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် စက်ဘီးစီးသမားများ နေထိုင် စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက် များကိုလည်း ပြည့်စုံအောင် ဆောင်ရွက်ပေးရန်နှင့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နယ်မြေ အတွင်း ကျင်းပခြင်းဖြစ်၍ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 


ထို့နောက်   ဟိုတယ်နှင့်  ခရီးသွားညွှန်ကြားမှု ဦးစီးဌာန  တိုင်းဒေသကြီးဦးစီးမှူး  ဦးနန္ဒအောင်က စက်ဘီးစီးပြိုင်ပွဲကျင်းပရန်   စီစဉ်ထားရှိမှုအခြေ အနေများကိုလည်းကောင်း၊ တက်ရောက်လာသည့် ဆပ်ကော်မတီကိုးခု ဥက္ကဋ္ဌများက ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မည့်     အခြေအနေများကို လည်းကောင်း  တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီး များက       ဖြည့်စွက်အကြံပြု    ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က     လိုအပ်သည်များ မှာကြားသည်။ သရေခေတ္တရာ     ပျူမြို့ဟောင်း   အပျော်တမ်း စက်ဘီးစီးပြိုင်ပွဲ  ကျင်းပခြင်းအားဖြင့်  ကမ္ဘာ့အမွေအနှစ်မှတ်တမ်းဝင်  သရေခေတ္တရာ ပျူမြို့ ဟောင်းရှိ ရှေးဟောင်းအမွေအနှစ်များ၊ တန်ခိုးကြီး ဘုရားများနှင့် ပြည်မြို့၏ သဘာဝအလှအပများကို အများပြည်သူ   သိရှိခံစားရစေရန်   ရည်ရွယ်၍ ဇန်နဝါရီနောက်ဆုံးပတ်အတွင်း ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။                                            

 

တင်စိုး(ပဲခူး)