
ရန်ကုန် ဇန်နဝါရီ ၂၀
ရုရှားသမ္မတနိုင်ငံမှ နှစ်နိုင်ငံချစ်ကြည်မှုအရ လှူဒါန်းခြင်းနှင့် ဝယ်ယူခြင်းမှ ရရှိထားသည့် Sputnik Light ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တို့၌ ဇန်နဝါရီ ၁၈ ရက်က လူဦးရေ ၄၀၅၀ ကို စတင် ထိုးနှံပေးခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်၊ လှည်းကူး၊ မှော်ဘီ၊ ရွှေပြည်သာမြို့နယ်များတွင် လူဦးရေ ၇၅၄၉ ဦးကို ထိုးနှံပေးနိုင်ခဲ့သဖြင့် နှစ်ရက်တာ ကာလအတွင်း စုစုပေါင်း လူဦးရေ ၁၁၅၉၉ ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ရုရှားသမ္မတနိုင်ငံမှ Sputnik Light ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် တစ်ကြိမ်သာထိုးနှံရန် လိုအပ်ပြီး ရောဂါ ကာကွယ်မှုနှုန်း ကောင်းမွန်သည့် ကာကွယ် ဆေး ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှုကို အချိန်တိုအတွင်း မြင့်မားစွာရရှိစေနိုင်၍ ယင်းကာကွယ်ဆေး ကို အလှည့်ကျထိုးနှံခွင့်ရရှိသူ မိဘပြည်သူ များအနေဖြင့် မပျက်မကွက် ထိုးနှံမှုခံယူသင့် သည့် ကာကွယ်ဆေးဖြစ်သည်။ ဆက်လက် ၍ Sputnik Light ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပြတ် သယ်ယူ ပို့ဆောင်၍ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အခြား တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကာကွယ်ဆေးလွှမ်းခြုံမှု နည်းပါးသည့် မြို့နယ်များတွင် ဆက်လက်ထိုးနှံပေးမည် ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အားသွန်ခွန်စိုက် ကျယ်ပြန့် စွာ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်အထိ လူဦးရေ ၁၇ ဒသမ ၉၈ သန်းကို အကြိမ်ပြည့်ထိုးနှံပေးခဲ့၍ ၃ ဒသမ ၆ သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ ၂၁ ဒသမ ၅၈ သန်းခန့်ရှိပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၃၉ ဒသမ ၅၆ သန်း doses ကို ထိုးနှံပြီးဖြစ်သည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှု ခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ မှု ရရှိထားသူများအနေဖြင့်လည်း ဒုတိယ အကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ် ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်း နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ ရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။
သတင်းစဉ်