
နေပြည်တော် ဇန်နဝါရီ ၁၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေးနှင့် စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Reform Workshop) ကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်း အဝေးခန်းမ (၂) ၌ ကျင်းပသည်။
မှာကြား
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု ပေးနိုင်သည့် ဝန်ကြီးဌာနဖြစ်ရေး၊ လုပ်ငန်းများပိုမိုလျင်မြန်ထိရောက်စွာ လုပ်ဆောင်နိုင်မည့် ဝန်ကြီးဌာနတွင်း အုပ်ချုပ်စီမံခန့်ခွဲမှုစနစ်ကောင်း တစ်ခုပေါ်ပေါက်လာရေး၊ ဝန်ထမ်းများ၏
စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဌာနများအကြား ထိရောက်စွာပူးပေါင်းဆောင်ရွက်ခြင်း၊ အချက် အလက်များ ကိုးကားအသုံးပြုခြင်းဖြင့် မူဝါဒပိုင်း၊ အုပ်ချုပ်မှုပိုင်းတွင်လည်း အရည်အသွေးပြည့်ဝသည့် ယန္တရားတစ်ရပ်ဖြစ်ပေါ်ရေးနှင့်စပ်လျဉ်း၍ ဖော်ထုတ် ဆွေးနွေးရန်ကိစ္စများကို မှာကြားသည်။
ဆွေးနွေးပြောကြား
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် က မိမိတို့ဝန်ကြီးဌာန၏ ရှေ့ဆက်လက်သွားမည့် ခရီးစဉ်တွင် အားလုံးပါဝင်ပြီး ညီညွတ်ခိုင်မာသည့် အဖွဲ့အစည်း (Strong Institution) ဖြစ်လာစေရေး၊ ဝန်ကြီးဌာန၏လုပ်ငန်းစဉ်များကို ဝန်ကြီးဌာန တစ်ခုလုံးမှ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် ဦးဆောင်မှုပုံစံ (Collective Leadership) ဖြင့် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်က အလုပ်ရုံ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အစီအစဉ်များ၊ နောက်ခံအကြောင်းအရင်းနှင့် စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး အလုပ်ရုံ ဆွေးနွေးပွဲမှရရှိလာသည့် ဆွေးနွေးချက်များကို ဆန်းစစ်သုံးသပ်ကာ လက်တွေ့အကောင်အထည် ဖော်နိုင်မည့် ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေး စီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။
နှစ်ရက်ကြာကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသို့ အဓိကပါဝင်ဆွေးနွေးမည့် ဝန်ထမ်းများ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတို့မှ ဝန်ထမ်းများကလည်း Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
သတင်းစဉ်