
ကိုဗစ်-၁၉ အမေး/အဖြေ
==============
ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်
==========================================
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို ပြည်သူများသိရှိ နိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည် -
အစီအစဉ်မှူး။ ။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း
ကစလို့ ကမ္ဘာတစ်ဝန်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဟာ မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ စတင်တွေ့ရှိ ပျံ့နှံ့လာခဲ့ပြီး ဖြစ်ပါတယ်။
ယခုလက်ရှိမှာလည်း ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ပြန့်ပွားမှု များပြားလာ တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက တင်းတင်းကျပ်ကျပ် စည်းကမ်းတွေ သတ်မှတ်ဆောင်ရွက်နေခဲ့တာကို ပြည်သူ တွေအားလုံးလည်း သိရှိကြပြီး ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ Coronavirus Disease 2019 (Covid–19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတော် အစိုးရအနေနဲ့ လေးလေးနက်နက်ထားပြီး ပြည်သူတွေရဲ့ ကျန်းမာရေးအတွက်၊ ပြည်သူ တွေရဲ့ လုံခြုံရေးအတွက် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနေပါတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီး ဌာနက ဝန်ထမ်းတွေရော၊ စေတနာ့ဝန်ထမ်း တွေရော အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ် ဆောင်နေကြပါတယ်။ အတည်ပြုလူနာအရေ အတွက်က များလာတဲ့အခါမှာ မပြည့်စုံတာ တွေ ရှိခဲ့ရင်လည်း သည်းခံပေးကြစေချင်ပါ တယ်။ ယခုလည်း နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ပေးရေးအဖွဲ့ဆိုပြီး ကျန်းမာရေးဝန်ကြီး(အငြိမ်းစား) ပါမောက္ခ ဒေါက်တာကျော်မြင့် ဦးဆောင်တဲ့အဖွဲ့ကို ဖွဲ့လိုက်ပါတယ်။ ပါမောက္ခကြီးတွေ၊ အငြိမ်း စား ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေ ဝင်လာပြီး လုပ်ပေးတယ်ဆိုတာ အင်မတန်မှ အားရစရာ ကောင်းပါတယ်။” ဆိုပြီးတော့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့က နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူ တွေကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာကို မိဘပြည်သူများလည်း ကြားသိခဲ့ရပြီး ဖြစ်ပါတယ်။ ယခုဆိုရင် ဆရာကြီး ပါမောက္ခဒေါက်တာကျော်မြင့် ဦးဆောင်တဲ့ နည်းပညာကူညီပံ့ပိုးအားဖြည့် ပေးရေးအဖွဲ့ဟာလည်း အွန်လိုင်းကနေ တစ်ဆင့် စတူဒီယိုထဲမှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
ဒီနေ့ဆွေးနွေးမှုမှာ ဦးဆောင်ဆွေးနွေး သူအဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်း ရေး) ဒေါက်တာသန္တာလွင်က ဆောင်ရွက်ပေး မှာဖြစ်ပြီး နည်းပညာကူညီပံ့ပိုးအားဖြည့်ပေးရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဆရာကြီး ပါမောက္ခ ဒေါက်တာကျော်မြင့်နဲ့အတူ ဆရာကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာညွန့်သိန်း တို့ကလည်း ပါဝင်ဆွေးနွေးပေးသွားကြမှာ ဖြစ်ပါတယ်။
ဆရာကြီး/ဆရာမကြီးတို့ အားလုံး မင်္ဂလာပါ။ ဒီနေ့ဆွေးနွေးမှုမှာပါဝင်ပြီး ဆွေးနွေးပေးတဲ့အတွက် ဆရာကြီး/ဆရာမ ကြီးတို့အားလုံးကို အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားချင်ပါတယ်။ ဆွေးနွေးမှု တွေစတင်ဖို့အတွက် ဆရာမကြီးကနေ စတင် ပြီး ဆွေးနွေးပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။
ဒေါက်တာသန္တာလွင်။ ။ မင်္ဂလာပါ ရှင်။
ဒီကနေ့ MRTV မှ ထုတ်လွှင့်တဲ့ အစီအစဉ်အသစ်တစ်ခုဖြစ်တဲ့ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ကျွန်မတို့ အနေနဲ့ ဆောင်ရွက်ထားမှုတွေကိုလည်း ဆွေးနွေးနိုင်တယ်၊ မေးမြန်းတဲ့ ပြည်သူတွေက သိရှိလိုလို့ မေးမြန်းတာတွေကိုလည်း ဖြေကြား ပေးဖို့အတွက် အစီအစဉ်တစ်ရပ်ကို ပါဝင်ခွင့်ရ တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဦးဆောင် ဆွေးနွေးသူအဖြစ်နဲ့ ကျွန်မနဲ့အတူ ဆရာကြီး နှစ်ယောက်ရှိပါတယ်။ ယခုစက်တင်ဘာလ ၂၀ ရက်ကစတင်ပြီး ဗဟိုကော်မတီက အဖွဲ့ ဖွဲ့စည်းပေးခဲ့တဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစားဝန်ကြီး ပါမောက္ခဒေါက်တာ ကျော်မြင့်နဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဆရာကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ ညွန့်သိန်းတို့ရှိပါတယ်။ ဆရာကြီး ဒေါက်တာ ကျော်မြင့်ကို ကျွန်မစတင်ပြီး မေးမြန်းချင်ပါ တယ်။ ဆရာကြီးတို့အဖွဲ့အနေနဲ့ စက်တင်ဘာ လ ၂၀ ရက်နေ့ကစတင်ပြီး ဖွဲ့စည်းပြီးတဲ့ နောက်မှာ စတင်ဆောင်ရွက်ထားတဲ့ ကိစ္စ လေးတွေကို ဆရာကြီးအနေနဲ့ တင်ပြ ဆွေးနွေးပေးစေချင်ပါတယ်။
ပါမောက္ခဒေါက်တာကျော်မြင့်။ ။ ကျေးဇူး
တင် ပါ
တယ်ခင်ဗျာ။ ယခုကဲ့သို့ ကျွန်တော်တို့ ပြည်သူ လူထုကို ကိုဗစ်ရောဂါနဲ့စပ်လျဉ်းပြီး ပြောပြ ခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါ တယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ စပ်လျဉ်း၍ လိုအပ်သည်များ အကြံပြုနိုင်ရန် အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့်ဆောင်ရွက်နိုင်ရေးအဖွဲ့ကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ က စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန် ခဲ့ပါတယ်။
ဒီအဖွဲ့မှာ ခေါင်းဆောင်အဖြစ် ကျွန်တော် ပါဝင်ပါတယ်။ ကျွန်တော်က ကျန်းမာရေး ဝန်ကြီးဌာန အငြိမ်းစားဝန်ကြီး ဖြစ်ပါတယ်။ အဲဒီနောက် ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာညွန့်သိန်း(အငြိမ်းစား) ဆေးပညာ ဌာနဖြစ်ပါတယ်။ ဒေါက်တာဝင်းမြင့် ဒုတိယ ဝန်ကြီး (အငြိမ်းစား) ကျန်းမာရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ နောက် ပါမောက္ခဒေါက်တာ မြင့်ဟန် ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ်ယောက်က ပါမောက္ခ ဒေါက်တာ ဦးစိုးလွင်ငြိမ်း ညွှန်ကြားရေးမှူး ချုပ်(အငြိမ်းစား) ဖြစ်ပါတယ်။ နောက်တစ် ယောက်က ဒေါက်တာဦးသန်းဝင်း ခေတ္တ ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန (အငြိမ်းစား)ဖြစ်ပါတယ်။ နောက်တစ်ဦးက ပါမောက္ခ ဒေါက်တာဦးရဲမြ သွေးရောဂါကု ဌာနမှာ ပါမောက္ခ/ဌာနမှူးအပြင် လက်ရှိကိုဗစ်ရောဂါ ကုသရေးမှာ ပါဝင် လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်က ပါမောက္ခ ဒေါက်တာထင်အောင်စော ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုဥက္ကဋ္ဌ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပဏာမအား ဖြင့် ဒီလောက်နဲ့ ရပ်နားပါမယ်။
ဒေါက်တာသန္တာလွင်။ ။ ဆက်လက်ပြီးတော့
ကျွန်မတို့ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနကို ပေးပို့ထား တဲ့ မေးခွန်းတွေထဲကနေပြီး တူရာ၊ တူရာ မေးခွန်းအချို့ကို စုစည်းပြီး ကျွန်မတို့ ယခုရ တဲ့ အချိန်လေးအတွင်းမှာ ဖြေကြားသွားဖို့ ဖြစ်ပါတယ်။
ပထမဆုံး အလွန်အမေးများတဲ့ မေးခွန်း တစ်ခုကတော့ ကျွန်မတို့နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို မတ်လ/ဧပြီလတွေတုန်းက စတင် ပြီး မတ်လမှာ စတင်ခံစားခဲ့ရပြီး မတ်လ/ ဧပြီလတုန်းက အဲဒီလောက် လူနာတွေ မများ ဘဲနဲ့ ကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့တယ်။ ယခု ဩဂုတ်လ အလယ်ကစပြီးတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားလာတယ် ဆိုတာကို တွေ့ရပါတယ်။ ထိန်းသိမ်းရတာ လည်း ခက်ခဲနေတယ်လို့ ယူဆရပါတယ်။ အဲဒီဟာ ဘာကြောင့်ပါလဲ ဆိုတဲ့ မေးခွန်းကို မေးထားပါတယ်ရှင့်။
အဲဒီမေးခွန်းကိုတော့ ကျွန်မကပဲ ဖြေကြားပေးပါမယ်။ ကျွန်မတို့ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုဗစ်ရောဂါ စတင် ဖြစ်ပွားစဉ်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ကို ဇန်နဝါရီလ ၅ ရက်နေ့တည်းက စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ ပထမဦး ဆုံးသော လူနာကို ကျွန်မတို့နိုင်ငံမှာ စတင် တွေ့ရှိခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေ အတွက် ကျွန်မတို့ နိုင်ငံအနေနဲ့ ဦးဆောင်ပြီး လမ်းညွှန်ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ မူဝါဒတွေ၊ နည်းဗျူဟာတွေ၊ ချမှတ်ပြီးတော့ ပံ့ပိုးဆောင်ရွက်မှုတွေကို ဦးဆောင်လမ်းညွှန် နိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို လည်း ၁၃-၃- ၂၀၂၀ ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ထို့နောက်မှာ ကျွန်မတို့အနေနဲ့ မူဝါဒတွေ ချမှတ်ပြီး၊ နည်းဗျူဟာတွေချမှတ်ပြီး ဆောင် ရွက်ခဲ့တာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ရှာဖွေတွေ့ရှိလာတဲ့ လူနာတွေကို ကုသနိုင်ဖို့ အတွက် ခွဲခြားပြီးတော့မှ ကုသနိုင်သလို ဒီလူနာတွေရဲ့ အတူနေ မိသားစုတွေ၊ ထိတွေ့ ဖူးတဲ့သူတွေ ဒီလူတွေအကုန်လုံးကိုလည်း ရှာဖွေပြီး သူတို့ရဲ့ ခရီးသွားလာမှုကို ကန့်သတ် ထိန်းချုပ်တဲ့ Quarantine စင်တာတွေမှာ ထားရှိနိုင်ပြီးတော့ ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ တကယ့်နည်းဗျူဟာက ထိန်းချုပ်နိုင်တဲ့ နည်းဗျူဟာကို ကျွန်မတို့ စတင်ကျင့်သုံးခဲ့တဲ့နေရာမှာ အပြည်ပြည် ဆိုင်ရာလေကြောင်းလိုင်းနဲ့ ဝင်ရောက်တာ တွေကအစ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ပါ တယ်။
နယ်စပ်ဖြတ်ကျော်၊ နယ်စပ်ဒေသတွေမှာ အဝင်အထွက် ဖြတ်ကျော်တာတွေကို ကျွန်မ တို့ရဲ့ ကျန်းမာရေးစစ်ဆေးချက်နဲ့ သူတို့ရဲ့ ခရီးသွားရာဇဝင်ယူပြီးတော့ ထိန်းချုပ်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နိုင်တယ်။ ပြီးတော့ Stay at Home အမိန့်၊ မိမိအိမ်မှာပဲ နေနိုင်ဖို့အတွက် ကျွန်မတို့ ဒီလမ်းညွှန်မှုတွေ ကို ဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုတွေက လိုက်နာခဲ့ကြပါတယ်။ ကျွန်မတို့ သင်္ကြန် ကာလမှာလည်း အိမ်မှာနေပါဆိုတဲ့ မေတ္တာ ရပ်ခံချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ပြည်သူတွေကို ပြောကြားပြီး မေတ္တာရပ်ခံခဲ့တဲ့အတွက် အလွန်ထိရောက် ခဲ့ပြီး ပြည်သူတွေက အိမ်မှာနေခဲ့ကြတာကို ကျွန်မတို့ တွေ့ရှိရပါတယ်။
ဒါ့အပြင် ကျွန်မတို့ရဲ့ အထိရောက်ဆုံး ကာကွယ်ခြင်း နည်းဗျူဟာတွေဖြစ်တဲ့ နှာခေါင်းစည်းတပ်ဆင်ဖို့ရယ်၊ ခဏခဏ လက်ကို ဆပ်ပြာနဲ့စက္ကန့် ၂၀ ကြာ ဆေးဖို့ရယ်၊ Social Distancing တစ်ဦးနဲ့တစ်ဦး ထိတွေ့မှု မရှိဘဲနဲ့ ခပ်ခွာခွာ ၆ ပေအကွာ နေဖို့ရယ်ဆိုတာတွေကို လမ်းညွှန်ခဲ့တဲ့နေရာ မှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက သိသာပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုက သေသေချာချာ လိုက်နာခဲ့တဲ့အတွက် ပထမလှိုင်းလို့ ပြောလို့ရတဲ့ ပထမအကြိမ် မတ်လနဲ့ ဧပြီလမှာဖြစ်တဲ့ ကိုဗစ်-၁၉ ကို ကျွန်မတို့က ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ဒေသအတွင်းမှာ တပ်လှန့်မှုရှိလာပါတယ်။ ပထမကတော့ နိုင်ငံ အပြင်က ဝင်လာတဲ့သူတွေထံက ရောဂါပိုးက ပါလာတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ထိန်းချုပ်ရေးနည်းဗျူဟာကို တိကျစွာ လိုက်နာကျင့်သုံးခဲ့တဲ့အခါမှာ ကျွန်မတို့ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ယခု ဩဂုတ်လ ၁၆ ရက်ကစပြီး လူနာ တွေ ပြန်ဖြစ်လာပါတယ်။ ပြန်ဖြစ်လာတဲ့ဟာ က အခုရန်ကုန်တိုင်းမှာဆိုရင် တော်တော်လေး အဖြစ်များနေတာဖြစ်တဲ့အတွက် ကျွန်မတို့ အနေနဲ့ ဒီနည်းဗျူဟာတွေအရ ဆက်လက် ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားပြီးဆောင်ရွက် နေပါတယ်။ Quarantine စင်တာမှာ ထားပါ တယ်။ လူနာတွေတွေ့ရင် လူနာတွေမှာ ဒီရောဂါလက္ခဏာတွေ ပေါ်လာရင် ဆေးရုံမှာ ထားပြီး စစ်ဆေးကုသပါတယ်။ ဓာတ်ခွဲ စစ်ဆေးလို့ တွေ့ရှိရင် လူနာတွေကို ဆေးရုံ တင်ပြီး ကုသပေးပါတယ်။
ထို့အတူ Contact Tracing ခေါ်တဲ့ ထိတွေ့ထားတဲ့သူတွေကိုလည်း ရှာဖွေပြီးတာ့ မှ Quarantine စင်တာထဲမှာ ထားပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်မတို့ရဲ့ ကိုဗစ်-၁၉ ပိုးဟာ မျိုးရိုးဗီဇပြောင်းလဲမှုရှိနေတယ်ဆိုတာ ကို ကမ္ဘာ့နိုင်ငံများရဲ့ အတွေ့အကြုံအရ သိထားရပါတယ်။ D614 ကနေ G614 အသွင် ပြောင်းထားတာဖြစ်တဲ့အတွက် ကူးစက်ပြန့် ပွားမှုနှုန်း မြန်ဆန်တဲ့ပိုး ဖြစ်ပွားနေတာကို တွေ့ရှိရပါတယ်။ ပြီးတော့ ပထမလှိုင်းတုန်းက ကျွန်မတို့အနေနဲ့ သိပ်ပြီးမသိသာတဲ့ လက္ခဏာတစ်ခုက ယခုဆိုရင် အနံ့ပျောက် သွားတဲ့လက္ခဏာကို ပြည်သူလူထုကြားမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာတယ်။ ဒါက နောက်ပြီး ဒေသအတွင်း ပျံ့နှံ့မှုရှိတဲ့အတွက် လူတွေအကြား ကူးစက်မှုက အလွန်မြန် ဆန်နေတဲ့ပိုးကို ကျွန်မတို့ ယခု ရင်ဆိုင်နေ ရတာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကျွန်မတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အညီ အိမ်မှာနေပါ။ အိမ်မှာနေပါဆိုတဲ့ မေတ္တာရပ်ခံချက်တွေ၊ ပြီးတော့ ကျွန်မတို့ Stay at Home အမိန့်တွေ ချပြီးထားသလို၊ ကျွန်မတို့ ညွှန်ကြားထားတဲ့ လမ်းညွှန်ချက် တွေအတိုင်း နှာခေါင်းစည်းတပ်ပါ။ လိုအပ်တဲ့ အကာအကွယ်တွေသုံးပါ။ ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့် ၂၀ ကြာ လက်ဆေးပါ။ ၆ ပေအကွာ နေပါလို့ပြောကြားနေရခြင်း ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်မတို့ ဆွေးနွေးနေတဲ့ ဆရာကြီး နှစ်ပါးက Mask မတပ်ထားပါဘူး။ ကျွန်မက Mask တပ်ထားပါတယ်။ ကျွန်မအနားမှာ ၆ ပေအကွာမှာ တခြားသူတွေ ရှိနေတဲ့အတွက် Mask ကို တပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ ၆ ပေအကွာ ဆက်ပြီးနေပါ။ မိမိကိုယ်ကနေ ကာကွယ်ဖို့အတွက် ဒီ Mask ကို တပ်ထား မယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို ကာကွယ်နိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒုတိယလှိုင်းမှာ ခက်ခက်ခဲခဲ ထိန်းသိမ်းနေရတယ်ဆိုပေမယ့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့
စာမျက်နှာ ၉ သို့ »»
လမ်းညွှန်ချက်များကို အပြည့်အဝ လိုက်နာဖို့ လိုအပ်ပါတယ်ဆိုတာ ကျွန်မ အနေနဲ့ ပြန်လည်ဖြေကြားပါရစေရှင့်။
ဆက်လက်ပြီး ဒုတိယမေးခွန်းကို ဆက်လက်မေးမြန်းခွင့်ပြုပါ။ ဒီမေးခွန်းက တော့ ပိုးမျိုးကွဲတွေရှိလာပြီဖြစ်တဲ့အတွက် ကူးစက်မှုများစေပြီး ရောဂါသိပ်မပြင်းထန် ဘူးဆိုပြီး ပြောကြတာ မှန်ပါသလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီမေးခွန်းလေးကို တော့ ဆရာကြီးပါမောက္ခဒေါက်တာ ညွန့်သိန်းက ဖြေကြားပေးစေလိုပါတယ်ရှင့်။
ပါမောက္ခဒေါက်တာညွန့်သိန်း။ ။ ဟုတ်ကဲ့
အဲဒီ
မေးခွန်းက အင်မတန်အရေးကြီးတဲ့ မေးခွန်း ပါ။ တကယ်လည်း မေးထိုက်တဲ့ မေးခွန်းပါ။ အဲဒါစပြီးတော့ မျိုးကွဲတာ စပြီးပေါ်ကတည်း က ဒီမေးခွန်းနဲ့ပတ်သက်လို့ ငြင်းကြခုံကြရင်း နဲ့ပဲ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် နေရာအနှံ့အပြားမှာ လူနာတွေ တော်တော် များသွားတာပါ။ အဲဒီတော့ ခုနတုန်းက ဒေါက်တာဒေါ်သန္တာလွင်ပြောသလိုပဲ D614 ကနေ G614 ကို ပြောင်းသွားပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ဆေးသုတေသန ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးဇော်သန်းထွန်းတို့ အုပ်စု တွေ့ထားတဲ့ဟာမှာ G614 တွေ တွေ့နေပြီ ဖြစ်ပါတယ်။ နိုင်ငံအနှံ့အပြားမှာလည်း G614 တွေ ဖြစ်နေပြီ၊ အဲဒီလို ဓာတ်ခွဲစမ်း သပ်တာတွေ၊ သုတေသနတွေ တွေ့ရှိချက် အရ G614 ရဲ့ ထူးခြားချက်က အားလုံး သေချာတာတစ်ခုက နံပါတ်(၁) သူသည် အကူးသိပ်မြန်တယ်။ ကူးတာမှ တချို့ ၁၀ ဆ၊ အဆ ၂၀ ပိုများပါတယ်။ ဒါက နံပါတ် (၁) သိပ်သေချာပါတယ်။
D ကနေ G ပြောင်းသွားတဲ့အခါ
နံပါတ် (၂) သူက နဂိုတုန်းက D ထက် စာရင် G ကတွယ်ကပ်မှုပိုဖြစ်တယ်။ သူက အသက်ရှူလမ်းကြောင်းထဲဝင်သွားရင် ပိုပြီး တွယ်ကပ်မှုများပါတယ်။ တွယ်ကပ်မှုများ တယ်ဆိုကတည်းက တော်တော်နဲ့ သူက ပြန်မထွက်တဲ့ သဘောပါ။ နံပါတ်(၃)က ဝင်သွားတဲ့ ပိုးအကောင်ရေ Viral load လို့ခေါ်ပါတယ်။ Viral load လည်း ပိုများ တယ်။ ဒါပေမယ့် အဲဒီ G614 ဖြစ်ခါစမှာ နိုင်ငံအနှံ့အပြားမှာ ကျွန်တော်တို့ မြန်မာ နိုင်ငံ အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူနာ တွေက သိပ်မတက်လာပါဘူး။ ဘာလို့ မတက်လာလဲဆိုတော့ ပထမလှိုင်းတုန်း က အားလုံးက ဆင်ခြင်ထားတဲ့အတွက် ကြောင့်မို့လို့ ပြောကြစတမ်းဆိုရင် အသက် ကြီးတဲ့သူတွေ၊ ခုနက ရောဂါအခံရှိတဲ့သူ တွေ တော်တော်များများက အိမ်ထဲမှာ နေနေတယ်။ နောက်ပြီးတော့ ခုနက ပြောခဲ့ တဲ့ Mask တပ်တာတို့၊ လက်ဆေးတာတို့၊ Social Distancing ကို လိုက်နာနေတဲ့ အချိန်မှာ ဖြစ်တဲ့အတွက်ကြောင့် လူနာက ရောဂါ မတက်လာဘူး။ ဒါပေမယ့် ခုန တုန်းက လူတွေက အထင်မှားသွားတယ်။ D ကနေ G ပြောင်းသွားတဲ့အခါမှာ မပြင်း ဘူးလို့ထင်တဲ့ Concept ပေါ့။
အမှန်က မပြင်းဘူး / ပြင်းတယ် ဆိုတာကို ဘယ်သူကမှ မပြောနိုင်သေးပါ ဘူး။ အခုဆိုရင်တော့ ပြင်းတယ်ဆိုတာ လူတိုင်းသိသွားပါပြီ။ အဲဒီအချိန်မှာ မပြင်း တာတောင်မှ မပျော့ဘူးဆိုတဲ့ Concept ကို မသိကြတော့ ဪ ပျော့သွားပါပြီဆိုပြီး တော့ လူတွေက အရမ်းပေါ့သွားကြတယ်။ အရမ်းပေါ့တာမှ အားလုံးဘယ်နိုင်ငံမှာ မဆိုပါ။ မြန်မာနိုင်ငံ အပါအဝင် Holiday လေးရက်မှာ သွားလိုက်ကြတာ အများကြီးပဲ။ အဲဒီတော့ နိုင်ငံအနှံ့အပြားမှာ Mask မတပ် ကြတော့ဘူး၊ လက်မဆေးကြတော့ဘူး၊ Social Distancing မရှိကြတော့ဘူး အဲဒါ တွေကြောင့်မို့ပါ။ ဆိုလိုတာက D ကနေ G ပြောင်းသွားတာက ယခုတော့ ပြောလို့ ရပါပြီ၊ ပြင်းတယ်လို့ ပြောလို့ရပါပြီ။
ဒေါက်တာသန္တာလွင်။ ။ ယခုလို ဖြေကြား
ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီးရှင့်။ နောက်ထပ်မေးခွန်းတစ်ခုကို မေးမြန်း ခွင့်ပြုပါရှင်။ နောက်ထပ် မေးခွန်းတစ်ခု ကတော့ “ကိုဗစ် - ၁၉ ရောဂါအတွက် ယခု ပြောနေကြတဲ့ ပြည်သူတွေက ကြားထဲမှာ သတင်းတစ်ခုရှိပါတယ်။ ဆေး လေးမျိုးစပ်ကို သောက်ရင် ကာကွယ်နိုင်မလားဆိုတာ ဖြစ်ပါတယ်။ အခြားဘာနည်းတွေနဲ့ ကာကွယ်ရမလဲ၊ Vitamin C သို့မဟုတ် Vitamin D အဲဒီဆေးတွေကို မဖြစ်မနေ သောက်သုံးရမှာလား၊ Zinc Tablets တွေ သောက်ဖို့ လိုအပ်မလား”ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အဲဒီမေးခွန်းလေးတွေကိုတော့ ဆရာကြီး ပါမောက္ခ ဒေါက်တာကျော်မြင့်က ဖြေကြားပေးပါရှင်။
ပါမောက္ခဒေါက်တာကျော်မြင့်။ ။ ကျေးဇူး
အများ ကြီးတင်ပါတယ်ခင်ဗျာ။ ဒီကိစ္စကလည်း ကျွန်တော်ထင်တယ် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးတွေ သွင်းလာ တာတွေ များတယ်။ လူတွေလည်း ပိုက်ဆံကုန် တယ်ပေါ့။ အဲဒီတော့ မလိုအပ်ရင် မသောက် ကြဖို့၊ ဒါမျိုးတွေရှိပါတယ်။ ခုနက ဒေါက်တာ သန္တာလွင်ပြောတဲ့ ဆေးလေးမျိုးတို့ အပါအဝင် အစရှိသဖြင့်ပေါ့၊ ဒါတွေက ကျွန်တော်တို့ အနောက်တိုင်းနိုင်ငံတွေမှာ သူတို့မှာ သုတေသနလုပ်ကြတဲ့ သူ့ဌာနနဲ့သူ၊ သူ့ တက္ကသိုလ်နဲ့သူ အမျိုးမျိုးပြောကြပါတယ်။ သို့သော်ငြားလည်း ယေဘုယျအားဖြင့် တော်တော်များများက ကျွန်တော်တို့ Vitamin C ရယ်၊ Vitamin D ရယ်၊ Zinc ရယ်ကိုတော့ သူတို့ သုံးကြတာ များပါတယ်။
Vitamin C က တချို့ဆိုရင် ၁၀၀၀၊ တချို့ ဆိုရင် ၂၀၀၀ / ၃၀၀၀ သောက်တဲ့သူတွေ ရှိပါတယ်။ ထိုနည်းတူစွာပဲ Vitamin D လည်း အဲဒီလိုပဲ သူ့ရဲ့ အင်အားကို တချို့ဆို ၁၀၀၀ / ၂၀၀၀ အထိ သောက်တာရှိပါတယ်။ တော်တော်များများကတော့ Zinc ပါထည့်ပြီး သောက်ကြပါတယ်။
ကျွန်တော်တို့ အဖွဲ့ထဲမှာ ဆရာကြီး ဦးညွန့်သိန်းရယ်၊ ဆရာကြီးဦးမြင့်ဟန်ရယ်၊ ဒေါက်တာဦးရဲမြတို့က ကုသရေးမှာ နဂိုကတည်း က အများကြီးတော်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အခုလည်း လုပ်နေပါတယ်။ သူတို့အနေနဲ့ ပိုပြီးတော့ ကျွမ်းကျင်ပါတယ်။ နောက်ပြီး ဒေါက်တာဦးစိုးလွင်ငြိမ်းတို့၊ ဦးသန်းဝင်းတို့၊ ဒေါက်တာထင်အောင်စောတို့က မြို့နယ် တွေအလိုက်ကို ကွင်းဆင်းပြီး ဆွေးနွေးပြီး တော့ ဘယ်လိုနေရမယ်၊ ထိုင်ရမယ်ဆိုတာ အကုန်လုံးသင်ကြားပေးပါတယ်။ အကောင်းဆုံး ကာကွယ်ရေး နည်းလမ်းကတော့ ခြောက်ပေ အကွာနေပါ။ မကြာခဏလက်ဆေးပါ။ ဆေးရင် လည်း စက္ကန့် ၂၀ ခန့် ဆေးပေးပါ။ နောက်ပြီး Mask အမြဲတမ်းတပ်ထားပါ။ လူတွေ သန့်သန့် ရှင်းရှင်းနေဖို့ အဲဒါမျိုးတွေပေါ့လေ။ အဲဒီဟာ မှာ ကျွန်တော်တစ်ခုပြောချင်တာက တော်တော်များများ တွေ့ရတာက Mask မတပ်ဘူးလားဆိုတော့ တပ်တယ်။
ဒါပေမယ့် Mask ကို လည်ပင်းအောက် မှာချိတ်ထားပြီး လျှောက်သွားနေတယ်။ အဲဒါမျိုးတွေလည်း တော်တော်များများ တွေ့ရ ပါတယ်။ နောက်ပြီး ဒီနေ့မနက်ပဲ ကျွန်တော် အစည်းအဝေးလုပ်တဲ့အခါမှာ ကျွန်တော် တို့ထဲက တစ်ယောက်က တင်ပြပါတယ်။ ရပ်ကွက်တွေ၊ လမ်းတွေမှာတော့ တအား တင်းကျပ်ပြီး ပိတ်ဆို့ထားတယ်။ ရပ်ကွက်တွေ ထဲမှာတော့ ခြင်းလုံးတွေခတ်၊ ကြိုက်တာလုပ် အဲဒီလို လုပ်နေတာမျိုးတွေ တွေ့ရပါတယ်။ Mask တွေလည်း မတပ်ကြဘဲနဲ့။ အဲဒါမျိုး တွေက တဖြည်းဖြည်းနဲ့ ကျန်းမာရေး ပညာ ပေးပြီးတော့ သူတို့နားလည်အောင် ရှင်းပြ ရမှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံတော်အနေနဲ့ပေါ့လေ အသွားအလာတွေ ကန့်သတ်တာတွေ၊ ရောဂါကို တစ်မြို့နယ် ကနေ တစ်မြို့နယ်၊ တစ်ပြည်နယ်ကနေ တစ်ပြည်နယ် မကူးအောင်လုပ်တာ အဲဒါက တစ်ပိုင်းပေါ့လေ။
ခုနက ဆရာမကြီး ဒေါ်သန္တာလွင် ပြောသလို Stay at Home အိမ်မှာပဲနေပါ။ အဲဒါ စိတ်အချရဆုံးပဲ။ အပြင်မသွားရင် ရောဂါမဖြစ်တော့ဘူး။ ကိုယ့်အိမ်ကိုလည်း ဧည့်သည်အလာမခံပါနဲ့။ ဧည့်သည်လာရင် ဧည့်သည်က ရောဂါ ပါလာ၊ မလာဆိုတာ ပြောလို့မရဘူး။ ဧည့်သည်လာရင်လည်း ဧည့်သည်ကို Mask တပ်ခိုင်းထားပါ။ ကိုယ် ကလည်း Mask တပ်ပြီး စကားပြောပါ။ အဲဒါမျိုးတွေကို ကျွန်တော်တို့ ပြောချင်ပါတယ်။
နောက်တစ်ခုက အခုရောဂါဆိုတာ ပြင်းထန်ပါတယ်။ သူရဲ့ အဓိကကူးစက်မှုက အတော်ကို သေချာသလောက်ပဲ။ ချောင်းဆိုး လိုက်တယ်၊ နှာချေလိုက်တယ်ဆိုရင် လေထဲ မှာလွင့်သွားပြီး လူတစ်ယောက် Mask မတပ်ဘဲလျှောက်သွားလို့ အဲဒါတွေကို ရှူမိရင် သူကကူးသွားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါတွေက သိပ်ကို အရေးကြီးတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒါတွေကို ကျန်းမာရေးပညာပေး စာစောင်တွေမှာလည်း ပါပါတယ်။ ရုပ်မြင် သံကြားတွေမှာလည်း နေ့တိုင်းလိုလိုပဲ သရုပ်ဆောင်တွေက ပြောပြနေပါတယ်။ လက်ဆေးဖို့ သီချင်းဆိုပြီး ပြောပြ အမျိုးမျိုး ပေါ့လေ။ ဒါတွေက သိပ်ပြီး အရေးကြီးပါတယ်။
စည်းကမ်းလိုက်နာ
နောက်တစ်ခုက မိမိကိုယ်ကို မိမိ ကျန်းမာအောင်နေဖို့၊ ထမင်းအချိန်မှန်မှန်စားဖို့၊ မှန်မှန်အိပ်ဖို့၊ အရေးအကြီးဆုံးက မှန်မှန် အိပ်ဖို့ပဲ ။ အဲဒါလေးတွေ နေဖို့ထိုင်ဖို့ အရေးကြီး ပါတယ်။ နောက် အဓိကက အပြင်တွေကို သိပ်မထွက်ဖို့ ၊ လိုအပ်မှထွက်ဖို့ ၊ ထွက်ရင်လည်း Mask သေချာတပ်သွားမယ်။ ကိုယ်သွားမယ့် ဈေးသော်လည်းကောင်း၊ ဆေးဆိုင်သော် လည်းကောင်းသွားမယ်ဆိုရင်လည်း ကိုယ်နဲ့ နီးစပ်တဲ့သူနဲ့ အနည်းဆုံး ခြောက်ပေအကွာ နေထိုင်မယ်။ အဲဒီလိုတွေ စည်းကမ်းလိုက်နာ မယ်ဆိုရင် ဒီရောဂါက မကူးစက်နိုင်ပါဘူး။
အခု ဒီလိုပြောနေတာတွေဆိုရင် အချို့ လူတွေက သိပ်ပြီးသဘောမပေါက်ဘူး။ သဘောပေါက်လည်း အချို့လူတွေက သိပ်ဂရု စိုက်စရာမလိုပါဘူး၊ ကိစ္စမရှိပါဘူး။ အဲဒီလိုပဲ ပေါ့ပေါ့ဆဆတွေးကြပါတယ်။ မဟုတ်ပါဘူး။ ဒီရောဂါက သိပ်ပြီး ကြောက်စရာကောင်းပါ တယ်။ သက်ကြီးပိုင်းဆိုရင် ဒီရောဂါနဲ့ သေဆုံး နှုန်းက များပါတယ်။ သက်ကြီးပိုင်း ၇၀ / ၆၀ အခြားရောဂါပါရှိမယ်။ ဥပမာ-နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ပါရှိမယ်ဆိုရင်ရောဂါရဲ့ ဒဏ်က ပိုပြီးခံရပါတယ်။
အသက်ဆုံးရှုံးသွားတဲ့အထိကို ခံရပါ တယ်။ ဒါလေးတွေကို ကျွန်တော်တို့လည်း ဂရုတစိုက် သေချာကို လိုက်နာပြီးလုပ်မယ် ဆိုရင် တစ်အချက်က Transmission တစ်ယောက်နဲ့တစ်ယောက် ကူးစက်တာ ပြန့်ပွားတာပိတ်သွားမယ်ဆိုရင် ဒီရောဂါက သူ့ဟာသူအလိုလို ကင်းငြိမ်းသွားမှာ ဖြစ်ပါ တယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ အခုလို ရုပ်မြင်သံကြားက ဟောပြောမယ်။ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ စေတနာရှိစွာ နဲ့ ကျွန်တော်တို့ကို ပြည်သူလူထုကို ဒီလို ဟောပြောပွဲတွေ လုပ်ပေးမယ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်လည်း တစ်လ တစ်ခါလောက် အစီရင်ခံ တင်ပြပေးတယ်။ နောက်ပြီး ရုပ်မြင်သံကြားတွေကလည်း ထုတ်လွှင့်ပေးတယ်။ ဒါလေးတွေကို ပေါ့ပေါ့ ဆဆမဟုတ်ဘဲနဲ့ သေချာလိုက်နာမယ်ဆိုရင် ဒီရောဂါက တစ်နေ့နေ့ကျရင် ပျောက်ကွယ် သွားမှာဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီလောက်ပါပဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဒေါက်တာသန္တာလွင်။ ။ ယခုလို ဖြေကြား
ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီးရှင့်။ နောက်ထပ် မေးခွန်းတစ်ခုကတော့ ယခုလုပ်နေတဲ့ လူနာ တွေနဲ့ ထိတွေ့တဲ့သူတွေကို ရှာဖွေတားဆီး ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်ကို ဘယ်လောက် ကြာကြာဆက်လုပ်ရမှာလဲလို့ မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီမေးခွန်းကို ကျွန်မ ဖြေကြားပေးပါမယ်ရှင်။
ကျွန်မတို့အနေနဲ့က ကိုဗစ် - ၁၉ ပိုး ဖြစ်စေတဲ့ ပိုးရှိတဲ့လူနာတွေနဲ့ ထိတွေ့ထားတဲ့ လူတွေကို ရှာဖွေဖော်ထုတ်ပြီး အသွားအလာ ကန့်သတ်ပြီးထားရှိတဲ့ လုပ်ငန်းစဉ်ကို ထိန်းချုပ်ရေးလုပ်ငန်းစဉ် တစ်ခုအနေနဲ့ နည်းဗျူဟာထဲမှာ ပါဝင်ပြီး ဆောင်ရွက်လျက် ရှိပါတယ်။ တင်းတင်းကျပ်ကျပ်ကို ဆောင်ရွက် ပါတယ်။ ကျွန်မတို့ ခွဲခြားထားမှုအရ ထိတွေ့မှု သတ်မှတ်ထားတဲ့၊ အဓိပ္ပာယ်ဖော်ထားတဲ့ Defination တွေအရ Primary Contact ၊ Secondary Contact ဆိုပြီး Contact တွေကို ထိတွေ့မှုအခြေအနေအပေါ်မှာ မူတည်ပြီး ခွဲခြားထားပြီး Primary Contact ဆိုတာ ထိတွေ့မှု ပိုပြီးတော့ နီးစပ်တယ်ဆိုရင် ကျွန်မ တို့ သူတို့ကို ကွာရန်တင်းစင်တာတွေမှာ ထားပြီး ရောဂါရှိ/မရှိ စစ်ဆေးပေးပါတယ်။
ဒီလုပ်ငန်းကို လုပ်ခြင်းအားဖြင့် ကျွန်မ တို့အနေနဲ့ လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ ပိုးတွေ့ထားတဲ့လူနာနဲ့ ထိစပ်ပြီး ချိတ်ဆက် ပြီး တခြားသောကူးစက်နိုင်စွမ်းရှိနေတဲ့၊ ပြည်သူတွေထဲမှာရှိနေတဲ့ လူတွေကို ရှာဖွေ ဖော်ထုတ်နိုင်တာဖြစ်ပါတယ်။ ဆင့်ပွား ဆင့်ပွား တစ်ယောက်ကနေတစ်ယောက် ရောဂါကူးစက်သွားတာ ဖြစ်တဲ့အတွက် တစ်ယောက်ကနေ အချိန်နောက်ကျတာ နဲ့အမျှ ကြာလေကြာလေ ထိတွေ့တဲ့သူကို ရှာမတွေ့ရင် သူကနေ ထပ်ဆင့် ထပ်ဆင့် ကူးသွားနိုင်တဲ့ အခွင့်အလမ်းအရမ်းများပါ တယ်။ ထပ်ဆင့်ကူးသွားတဲ့အတွက် တစ်ဆ ကနေ နှစ်ဆ ရုတ်တရက် အမြန်ဖြစ်သွား နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အတွက် အချိန်နဲ့အမျှ အရေးကြီးတာသည် ပိုးတွေ့လူနာနဲ့ ထိစပ်နေတဲ့သူတွေကို၊ ထိတွေ့ဖူးတဲ့သူတွေကို Contact တွေကို ကျွန်မတို့က ကွာရန်တင်းအချိန်မီ ရှာဖွေ ထိန်းသိမ်းထားဖို့သည် ကျွန်မတို့အတွက် အလွန်အရေးကြီးတဲ့ ထိန်းချုပ်ရေးလုပ်ငန်း စဉ် ဖြစ်ပါတယ်။
၁၀၀ မှာ ၁၈ ယောက် ကူးစက်
အဲဒီလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေတဲ့အခါမှာ ဘယ်လောက်ကြာကြာ ဆက်လုပ်ရဦးမှာလဲဆိုတော့ လူနာတွေ ရှိနေသရွေ့ ထိတွေ့တဲ့သူတွေလည်း ရှိနေ ဦးမှာဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ အခုအခြေအနေအထိ တွေ့ရှိထားတဲ့ တွေ့ရှိ ချက်အရ အဲဒီ Contact တွေကြားထဲက ဓာတ်ခွဲစမ်းသပ်မှု ၁၀၀ မှာ ၁၈ ယောက်က ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ခံထားရ တယ်လို့ ကျွန်မတို့ တွေ့ရှိထားရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ဟာ လူနာတွေ ရှိရင် ဆက်လုပ်နေရဦးမှာဖြစ်တယ်။
ဒီကိုဗစ် - ၁၉ ရောဂါဟာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က မတ်လ ၁၁ ရက်မှာ ကမ္ဘာ့ကပ် ရောဂါလို့ ကြေညာခဲ့တာဖြစ်တဲ့အတွက် ဆက်လုပ်ရမယ့်အချိန်ကတော့ ကပ်ရောဂါ မဟုတ်တော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြန်လည်ကြေညာတဲ့အချိန်အထိ တော့ ကျွန်မတို့ ဆက်လုပ်ရဦးမယ့် အနေအထားရှိပါတယ်။ ကျွန်မတို့ တော်တော်ကြီးကို ဆက်လုပ်ရဦးမှာပါ။ ရောဂါရဲ့ ထိန်းချုပ်မှုအနေအထားက လူတိုင်းအားလုံး၊ ပြည်သူအားလုံးက ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို အားလုံး လိုက်နာမှသာ ဖြေလျှော့မှုတွေ ဟာ နောက်ပိုင်းမှာရှိလာနိုင်မှာ ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ နောက်ဆုံး မေးခွန်းလေးတစ်ခုကို ကျွန်မ ဆက်လက် ပြီးတော့ မေးမြန်းပါရစေရှင်။ ကျွန်မတို့ရဲ့ ရရှိထားတဲ့အချိန်အတွင်းမှာ နောက်ဆုံး မေးခွန်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ အတွက် ကာကွယ်ဆေးနဲ့ကုသဆေးတွေ ကို အခြေအနေအရ မည်မျှရှာဖွေတွေ့ရှိပြီး တော့ မည်သည့်အတိုင်းအတာအထိ ရောက်ရှိနေပြီလဲ။ ဒီရောဂါကာကွယ် တိုက်ဖျက်ဖို့၊ ကုသဖို့ ကာကွယ်ဆေးတွေ ပေါ်လာပြီလား။ ပေါ်လာပြီဆိုရင်လည်း ကျွန်မတို့နိုင်ငံအနေနဲ့ ရရှိနိုင်ပါ့မလား။ သုံးစွဲနိုင်ပါ့မလားဆိုတဲ့ မေးခွန်းဖြစ်ပါ တယ်။ ဒီမေးခွန်းကိုတော့ ဆရာကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ ညွန့်သိန်းက ဖြေကြားပေးပါရှင်။
ပါမောက္ခဒေါက်တာညွန့်သိန်း။ ။ ဟုတ်ကဲ့
ခင်ဗျ၊ ဒီမေးခွန်းကလည်း ကျွန်တော်တို့ ပြည်သူ လူထုအားလုံး စိတ်ဝင်စားနေတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီရောဂါကြီး စပေါ်ကတည်းက ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးက သိပ္ပံပညာ ရှင်အားလုံးက တစ်ဖက်မှာ ဒီလိုထိန်းချုပ် နေသလို တစ်ဖက်မှာလည်း ရောဂါနဲ့ ပတ်သက်လို့ ရှာဖွေနေကြတယ်။ ကိုဗစ် ရောဂါပိုးရဲ့ ပြဿနာကလည်း တစ်နေ့တစ်နေ့ ကို တစ်မျိုးတစ်မျိုး တွေ့တွေ့နေပါတယ်။
ဒီကပ်ရောဂါကြီး ပျောက်သွားဖို့က အဓိက အချက်က သုံးချက်ပါ။ တစ်ချက်က သူ့ကို နိုင်နိုင်နင်းနင်းကုသနိုင်မယ့် ဆေးပေါ်လာရင်၊ ဒုတိယအချက်က သူ့ကို လုံးဝကာကွယ်နိုင် မယ့် ကာကွယ်ဆေးပေါ်လာရင်၊ တတိယ အချက်က ကြောက်ဖို့ကောင်းပါတယ်။ စခါစ မှာ တချို့နိုင်ငံကြီးတွေက အဲဒါလုပ်လိုက်ပြီး တော့ ဒုက္ခရောက်သွားတာ။ Herd Immunity ခေါ်ပါတယ်။ ရောဂါကို ပေးဖျက်လိုက်ပြီး တော့ လူရဲ့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း ဖြစ်သွားပြီး လူတွေက ရောဂါပြီးသွားတယ် ပေါ့။ အဲဒါကို Herd Immunity ကို အားကိုးပြီး ပထမပိုင်းတုန်းက ဒါကြီးကတော့ သိပ်မဖြစ် လောက်ပါဘူးဆိုပြီးတော့ လုပ်ခဲ့တဲ့ USA နဲ့ UK မှာ အားလုံးသိတဲ့အတိုင်းပါပဲ။ ယူအက်စ် အေဆိုရင် ထိပ်ဆုံးကို ဖြစ်သွားတယ်။ သိန်းနဲ့ သန်းနဲ့ချီ ဖြစ်ကုန်ကြပါတယ်။ အဲဒီ တော့ Herd Immunity ကို မေ့ထားရတော့မယ်။
အခုမေးတဲ့ မေးခွန်းအရ နံပါတ်(၁)က ကာကွယ်ဆေး၊ နံပါတ်(၂)က ကုသဆေးဖြစ်ပါ တယ်။ အဲဒီကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ လုပ်နေတာ အမျိုး ၂၀၀ ကျော်ပြီ။ ကာကွယ် ဆေးတစ်ခုဆိုတာ ဒီအတိုင်းကာကွယ်တယ် ဆိုပြီး လုပ်လို့မရဘူး။ တစ်ဖက်က ကာကွယ် နိုင်သလို နောက်တစ်ဖက်ကလည်း အန္တရာယ် မရှိဘူးဖြစ်ရမယ်။ နောက်တစ်ခုက ကာကွယ် တယ်ဆိုတာလည်း ဘယ်လောက်ကာကွယ် နိုင်မလဲ၊ တစ်လ ကာကွယ်မလား၊ နှစ်လ ကာကွယ်မလား၊ တစ်နှစ် ကာကွယ်မလား၊ နောက်ပိုင်း လူတိုင်းလူတိုင်း ထိုးလို့ရနိုင်မလား အဲဒါတွေကို အခုလောလောဆယ် ကျွန်တော် တို့ သိပ္ပံပညာစကားနဲ့ ပြောမယ်ဆိုရင်တော့ Phase တွေရှိပါတယ်။ Phase 3 ကျော်သွား တာ ကမ္ဘာပေါ်မှာ သတ်မှတ်ထားတာ ၆ ခု၊ ၇ ခုလောက်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် လူတွေမှာ သုံးလို့မရသေးပါဘူး။ တစ်လောက အားလုံးသိကြပါတယ်။ ရုရှားမှာ စပေါ်လာ တယ် လို့ပြောတယ်။ သူတို့နိုင်ငံမှာလည်း သုံးနေတယ်။ ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကရော၊ US CDC ကရော ရာနှုန်းပြည့် တော့ သူတို့က အားမပေးသေးဘူး။ ပြန်စမ်း ပါဦးလို့ ပြောနေတယ်။
အဲဒီတော့ ကာကွယ်ဆေးအခြေအနေက ဒီနှစ်ကုန်ပိုင်းလောက်မှ၊ ဒါမှမဟုတ် နောင် နှစ်ဆန်းလောက်မှ စိတ်ချလက်ချသုံးရမယ် ဆိုတာ တစ်ကမ္ဘာလုံးက လက်ခံထားပါတယ်။ အဲဒီတော့ ကာကွယ်ဆေးကတော့ ရာနှုန်း ပြည့် အားကိုးလို့ မရသေးပါဘူး။
ကုသတဲ့ဆေးဆိုတာလည်း ရှင်းရှင်း ပြောရရင် စပေါ်ရင် မတ်လကတည်းက စပြီး တော့ ဆေးတွေပေါင်းစုံရှာကြတယ်။ ဒီနေ့ အထိတော့ ဘယ်ဆေးကတော့ ကိုဗစ်ကို ရာနှုန်းပြည့်နိုင်တယ် ပြောလို့ရတဲ့ ဆေးတစ်ခု မှ မရှိသေးပါဘူး။ ဒါပေမယ့် မျှော်လင့်ချက်ရှိတဲ့ ဆေးလေးတွေ ရှိတယ်။ အားလုံးပြောပြော နေတယ်။ အခုလည်းမေးမယ့်အထဲမှာ ပါလာ မယ်ထင်ပါတယ်။ Remdesivir ဆိုတဲ့ဆေး၊ Gilead ကုမ္ပဏီက ထုတ်တဲ့ဆေး အဲဒီဆေးဆို လည်း အခုဆေးတစ်ခုသုံးတော့မယ်ဆိုရင် FDA လို့ခေါ်တဲ့ အစားအစာနှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့ဆိုတာရှိပါတယ်။ အဲဒီအဖွဲ့က လည်း ခုနပြောသလို အဆင့်တွေ လုပ်ပြီး တော့မှ လူတွေအားလုံးကို အန္တရာယ်မရှိဘူး၊ အာနိသင်လည်း ရှိတယ်ဆိုမှ ထုတ်ပေးရတာ။ အဲဒီ အခု Remdesivir ဆိုတဲ့ ဆေးလို အခု USA မှ FDA က ရာနှုန်းပြည့်ပေးတာ မဟုတ် ပေမယ့် EUA ခေါ်တဲ့ အရေးပေါ် အသက် ကယ်ရမယ့် လူတွေအတွက်ဆိုပြီး ထုတ်ပေး နေတာတွေ ရှိပါတယ်။ သူကနေ အခြားနိုင်ငံ တွေမှာ ခွဲလုပ်ပေးနေတာတွေလည်း ရှိပါ တယ်။
ထပ်ပြီးတော့လည်း လူတွေကို သောင်းနဲ့ ချီပြီး စစ်နေတာတွေရှိပါတယ်။ ကျွန်တော် သိသလောက်ကတော့ ခုနအချိန်အတိုင်း အတာအရ ဆရာမဒေါ်သန္တာလွင် ပြောသလို ပေါ့။ အတိအကျ ဆေးဝါးနဲ့ပတ်သက်လို့က တော့ နောက်ရက်တွေမှာ နောက်ထပ်ပညာရှင် တစ်ယောက်က အစအဆုံး ဖြေပါလိမ့်မယ်။ အတိုချုပ်ဖြေရရင် ကာကွယ်ဆေးရော၊ ကုသ ဆေးရော ရာနှုန်းပြည့်ပြောလို့ရတဲ့ ဆေးမရှိ သေးပါဘူး။ ကာကွယ်ဆေးက ရနိုင်ပါ့မလား ဆိုတဲ့ စကားလုံးကတော့ တစ်နေ့ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွား ပါပြီ။ မှန်ပါတယ်။ နိုင်ငံကြီးတွေကထုတ်တော့ နိုင်ငံကြီးတွေက ဈေးကြီးမယ်။ ဒါပေမယ့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးစီးပြီး ကျွန်တော်တို့ နိုင်ငံကနေ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဲဒီအဖွဲ့အစည်း တွေနဲ့ ချိတ်ထားပါတယ်။ တကယ်တမ်းဖြစ်လာ ရင် ကျွန်တော်တို့ ရအောင်ယူနိုင်မယ့် အဆက် အသွယ်တွေ၊ အစီအစဉ်တွေ အားလုံးလုပ်ထား ပါတယ်။ အများထိုးပြီဆိုရင်တော့ မြန်မာ နိုင်ငံမှာလည်း ထိုးရမယ့်သဘောရှိပါတယ်။
ကုသဆေးကလည်း ကုသတဲ့နည်းတွေ ရှိပါတယ်။ ရောဂါပျော့ပျော့မှာတော့ ရောဂါကို ထိန်းတဲ့ သဘောပေါ့။ ရောဂါပြင်းလာတယ်။ ကျွန်တော်တို့ ဆေးလောကစကားနဲ့ ပြောရင် တော့ Cytokine တုံ့ပြန်မှုမုန်တိုင်းလို့ ခေါ်ပါ တော့၊ Cytokine တုံ့ပြန်မှုမုန်တိုင်းမှာတော့ နိုင်ငံတကာမှာပေးနေတဲ့ ဆေးမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာလည်း ပေးနေကြပါ တယ်။ နောက်တစ်ခုက ပြောတယ်။ ကုသဖို့ကို EUA နဲ့ ပေးထားတဲ့ဆေးတွေ ကျွန်တော်တို့ ဒီမှာ စမ်းသုံးနေတာလည်း ရှိတယ်လို့ ကျွန်တော်တို့ သိပါတယ်။ အဲဒီဆေးအတိ အကျကို နောက်ရက်တွေမှာ ပညာရှင်တွေက ဆက်ဖြေပါလိမ့်မယ်။
ဒေါက်တာသန္တာလွင်။ ။ ကျေးဇူးတင်ပါတယ် ဆရာကြီးများရှင်။
- Log in to post comments