
ဘားအံ ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နေပြည်တော်တွင် ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်းပြိုင်ပွဲသို့ ကရင်ပြည်နယ် ကိုယ်စားပြုအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ယခုပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပါဝင် ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိ တို့ ကိုယ်စားပြုမြို့နယ်အသင်းများ အောင်မြင်မှု ရရှိရေး ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ပြည်နယ် ကိုယ်စားပြုအားကစားသမားများကို ရွေးချယ်ရာတွင် အကောင်းဆုံးရွေးချယ်ပေးကြဖို့ တိုက်တွန်းလို ကြောင်း၊ ကရင်ပြည်နယ် အေရိုးဗစ်အသင်းသည် အောင်မြင်မှုအစဉ်အလာရှိသည့် အသင်းတစ်သင်း ဖြစ်သည်နှင့်အညီ ယခုနှစ်ကျင်းပမည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ပြိုင်ပွဲကို အဆင့်မီမီဖြင့် အောင်မြင်မှု ရရှိအောင် ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ကြောင်း စသည်ဖြင့် တိုက်တွန်းပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် အသင်း ခုနစ်သင်းအား ငွေကျပ် ၅၁ သိန်း ထောက်ပံ့ ပေးအပ်ပြီး အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပြိုင်ပွဲအား စတင်ကျင်းပ သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ်ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး အမျိုး သမီး ငါးယောက်တွဲ ပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစားသုံးမျိုး ကျင်းပသွားမည်ဖြစ်ကာ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ပြည်နယ်စည်ပင်သာယာရေအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော ဘားအံမြို့အဝင် ကျောက်စီ ရေမြောင်း တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ကရင် ပြည်နယ် ဘားအံမြို့ မြို့အဝင်မုခ်ဦး တည်ဆောက် ရေးလုပ်ငန်းခွင်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)