
ပဲခူး ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပ သည့် (ပထမအကြိမ်) ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီး ရင်ပြင်တော် စွယ်တော်တိုက်၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသကွပ်ကဲ ရေးမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ ဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီး၏ ဩဝါဒါစရိယ ဆရာတော်ကြီးများကြီးမှူး ၍ ဇန်နဝါရီ ၁၄ ရက်မှ ၁၇ ရက်အထိ ဆရာတော်၊ သံဃာတော် အပါး ၃၀ မှ အလှည့်ကျရွတ်ဖတ်ပူဇော် လှူဒါန်းသွားမည်ဖြစ်ပြီး ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော် လှူဒါန်းမှု အောင်ပွဲအခမ်းအနား၌ ပြည်မြို့တွင်း ဩဝါဒဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ သံဃ နာယကအဖွဲ့ ဆရာတော်များ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော် သည့် ဆရာတော်များ၊ အမှုဆောင်အဖွဲ့ သီလရှင်ဆရာ ကြီးများ၊ ဘုန်းတော်ကြီး စာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များမှ သံဃာ/ သီလရှင် စုစုပေါင်း အပါး ၁၇၃၀ တို့အား ဆေးနှင့်ဆေးဝါးပစ္စည်း များ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ပြည်မြို့ ပညာရေးဒီဂရီကောလိပ်ရှိ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများအား သွားရောက်တွေ့ဆုံအားပေးပြီး သင်တန်းကာလ ရက် ၈၀ အတွက် နံနက်စာ ကုန်ကျငွေကျပ် ၃၆၂၄၀၀၀ နှင့် ဆရာ ဆရာမများအတွက် သီးခြား ထောက်ပံ့ငွေကျပ် ၁၀ သိန်း ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ် ဒုရင်ဒုဗိုလ်ရွာရှိ MCM Co., မှ GasTarbine ဖြင့် လျှစ်စစ်ဓာတ်အားမဂ္ဂါဝပ် ၄၀ ထုတ်လုပ်နေသည့်စက်ရုံသို့ သွားရောက်ကြည့်ရှုပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့နယ် လက်ပံတောအုပ်စု ငှက်ပစ်တောင် ကျေးရွာ၌ နေကြာသီးသန့် သုံးဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆီဖူလုံမှုရှိစေရေး တိုးချဲ့စိုက်ပျိုးသွားရန် မှာကြားပြီး ကျေးရွာဖွံ့ဖြိုးရေးဆိုင်ရာများ ဖြည့်ဆည်းဆောင်ရွက် ပေးကာ ဝက်ထီးကန်မြို့ မိန်းမရဲကျေးရွာရှိ ဆိုလာ စနစ်ဖြင့် လယ်မြေများ ရေပေးဝေနေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်