
သဘာဝအရင်းအမြစ်များ၊ သယံဇာတများကို အသုံးချ၍ ဆောင်ရွက်မည်ဆိုပါက ကျွန်းစုမြို့နယ်သည် ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး လိုအပ်သည့်နည်းပညာများကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်
နေပြည်တော် ဇန်နဝါရီ ၁၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား ယနေ့ နံနက်ပိုင်းတွင် ကျွန်းစုမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာ သည့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကျွန်းစုမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လိုအပ်ချက်များတင်ပြ
ဦးစွာ ကျွန်းစုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ဆန်းဝင်းက ဒေသဆိုင်ရာ အချက်အလက်များ၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေနှင့် ဒေသဝမ်းစာအတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်မှု အခြေအနေ၊ ရော်ဘာ၊ အုန်း နှင့် ဆီအုန်းပင် စိုက်ပျိုးထားရှိမှုအခြေအနေ၊ ရေထွက် သယံဇာတများ ထုတ်လုပ်မှုနှင့် မွေးမြူရေးဆောင်ရွက် နေမှုအခြေအနေ၊ ဒေသတွင်း လျှပ်စစ်မီးသုံးစွဲမှု အခြေအနေ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိစေရေး ကွင်းဆင်းဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆလုံ လူမျိုးများအား လိုအပ်သည်များကို ထောက်ပံ့ပေး လျက်ရှိသည့် အခြေအနေ၊ ဒေသတွင်းရှိ ကျွန်းများသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက် လည်ပတ်မှုနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ ပုလဲလုပ်ငန်းဆောင်ရွက် လျက်ရှိသည့်အခြေအနေနှင့် ဒေသတွင်းလိုအပ်ချက် များကို တင်ပြသည်။
ဆွေးနွေးပြောကြား
ထို့နောက် ဝန်ကြီးဌာနအသီးသီး၏ လုပ်ဆောင် နေမှုအခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများက ဆွေးနွေးပြောကြားရာတွင် မြိတ်- ထားဝယ်-ကော့သောင်း လေကြောင်းခရီးစဉ်များ ကို ပြန်လည်ဖွင့်လှစ်ပေးထားသည့် အခြေအနေ နှင့် ကျွန်းပတ်လေကြောင်းခရီးစဉ်များ လာမည့် ရက်သတ္တပတ်အတွင်း ပြန်လည်ပြေးဆွဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ ရေကြောင်း ခရီးစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့အတွက် ရေကြောင်းထိန်းသိမ်း ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဒေသတွင်း ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ လာရောက်မှုကို ထိရောက်စွာ အသုံးချ၍ ဒေသထွက်ကုန်၊ ထုတ်ကုန်များကို အရည်အသွေးပြည့်မီသည့် ရောင်းကုန်များအဖြစ် လုပ်ဆောင်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်သည့် အခြေအနေ၊ ဒေသဝမ်းစာဖူလုံရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းစနစ်များနှင့် အသေးစား စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအနှီးများကို မတည် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည့်အခြေအနေ၊ ဒေသတွင်း ပုလဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငှက်သိုက် ထုတ်လုပ်မှုအခြေအနေနှင့် ကျွန်းများကို အခြေပြု၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို လုပ်ဆောင်နိုင်မည့်အခြေအနေများ နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။
ရေလုပ်ငန်း အဓိကထားလုပ်ဆောင်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားလို၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လာရောက်ခြင်းဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်နေလူဦးရေများပြား ပြီး မွေးမြူရေးနှင့် ရေလုပ်ငန်းကို အဓိကထား လုပ်ဆောင်ကြသည်ကို တွေ့ရှိရကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်မှုနှင့် ပတ်သက်၍ မြို့ပေါ်နေသူများ တွင် တိုးတက်မှုအချို့ ရှိနိုင်သည်ဟုဆိုသော်လည်း ဖွံ့ဖြိုးတိုးတက်မှု များစွာလိုအပ်နေသည်ကို တွေ့ရှိ ရကြောင်း၊ ဒေသခံများအနေဖြင့် မိမိတို့၏ ရှိရင်းစွဲ လုပ်ငန်းများဖြင့် ရောင့်ရဲတင်းတိမ်နေ၍ မရဘဲ
လူနေမှုဘဝအဆင့်မြှင့်တင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း။
ပညာရေး အားပေးကြရန်လို
ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာတွင် အသိပညာ၊ အတတ်ပညာဖြင့် ပြည့်စုံသည့် လူသား အရင်းအမြစ်များရှိရန် လိုအပ်သည့်အတွက် ပညာ ရေးကို အားပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူ များ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ် ပေးထားကြောင်း၊ ပညာရေးသည်တစ်ဦးချင်း၏ လိုအပ်ချက်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ပညာတတ် များလိုအပ်ကြောင်း၊ ကလေးငယ်များပညာသင်ကြား ခြင်းသည် ၎င်းတို့၏ ဘဝရပ်တည်ရေးနှင့် တိုးတက် ရေးအတွက်ဖြစ်ပြီး အစိုးရအတွက် အဓိက မဟုတ် ကြောင်း၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းတက်ရောက်စေရေး မိဘများက တွန်းတွန်း တိုက်တိုက်ဖြင့် ဆောင်ရွက်စေလိုကြောင်း၊ သက်ဆိုင် ရာ ကဏ္ဍများအလိုက်လုပ်ငန်းများ ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေးအတွက် အတန်းပညာများရှိရန် လိုအပ်ကြောင်း၊ ပညာသင်ကြားရေးအတွက် ယခု ထက် ပိုမို၍တွန်းအားပေး ဆောင်ရွက်ကြရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တစ်ဦးချင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း။
ဒေသတွင်း ဝမ်းစာဖူလုံမှုနှင့် ပတ်သက်၍ လိုအပ် ချက်များရှိနေသည်ကို တွေ့ရှိရပြီး စိုက်ဧရိယာ များ တိုးချဲ့ခြင်းထက် အထွက်နှုန်းမြင့်မားရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ လိုအပ်သည့် အခြေခံ စားကုန်ပစ္စည်းများကို ပြင်ပမှ ဝယ်ယူသုံးစွဲရာတွင် လမ်းခရီးအခက်အခဲများကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်နိုင်မည်ဖြစ်သဖြင့် မိမိတို့ ဒေသတွင်း၌ပင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ကြ စေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ အလိုက် ဝမ်းစာဖူလုံရေးအတွက် စားရေရိက္ခာ ဖူလုံရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိကြောင်း။
အုန်းကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်
စီးပွားရေးနှင့် ပတ်သက်၍ ရေလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွန်းစုဒေသ၌ ကုန်ချောအဆင့် အထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်း မည်ဖြစ်ကြောင်း၊ မြိတ်ဒေသတွင် ရော်ဘာနှင့် အုန်း များ စိုက်ပျိုးဖြစ်ထွန်းပြီး အီကွေတာနှင့် နီးကပ်သော နိုင်ငံအချို့တွင် အုန်းစိုက်ပျိုးမှုကို စနစ်တကျစိုက်ပျိုး ၍ ကုန်ပစ္စည်းထုတ်လုပ်မှုများအား စီးပွားဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း အုန်းကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေး အဆင့်မြင့်အုန်းထွက်ကုန်များ ဆောင်ရွက်ရန်လိုပြီး လိုအပ်သည်များကို နိုင်ငံတော်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ကဏ္ဍ အလိုက်ယခုထက် ပိုမိုတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ သဘာဝအရင်းအမြစ် များ၊ သယံဇာတများကို အသုံးချ၍ ဆောင်ရွက်မည် ဆိုပါက ကျွန်းစုမြို့နယ်သည် ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး လိုအပ်သည့် နည်းပညာ များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။
ကြီးပွားတိုးတက်လိုစိတ်ရှိပါက ကြိုးစား အားထုတ်မှုရှိရမည်ဖြစ်ပြီး မိမိတို့၏ ကာယစွမ်းအား၊ ဉာဏစွမ်းအားများကို မှန်မှန်ကန်ကန်အသုံးချ၍ ကြီးပွားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ထိုသို့ကြိုးစားဆောင်ရွက်မည်ဆိုပါက တစ်ဦးချင်းဘဝ တိုးတက်အောင်မြင်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူ ဖြစ်လာစေမည်ဖြစ်ကြောင်း။
ခရီးသွားများ ဆွဲဆောင်နိုင်ရေးပြင်ဆင်
ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရီးသွားလုပ်ငန်းများအား ခွင့်ပြုပေးထား ကြောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဆွဲဆောင် နိုင်ရေးအတွက် ဝန်ဆောင်မှုများကို အဆင့်မီစွာဖြင့် ပြင်ဆင်ဆောင်ရွက်ထားရန်လိုပြီး အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး Survey လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်နှင့် လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိုလည်း ဆောင်ရွက်ခြင်းဖြင့် ကျွန်းစုဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထိုက်အလျောက် အထောက်အကူပြု မည်ဖြစ်ကြောင်း။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်၊ ရပ်မိရပ်ဖများနှင့် ဒေသခံ များ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း၍ တိုင်ပင် ဆွေးနွေးဆောင်ရွက်မည်ဆိုပါက များစွာအကျိုး ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ကျွန်းစုဒေသကို ယခုထက်များစွာ ပိုမိုတိုးတက်စေလို သည့်အတွက် တိုက်တွန်းအကြံပြု ပြောကြားခြင်းပင် ဖြစ်ကြောင်းနှင့် ကျွန်းစုမြို့ပေါ်မှ ဦးဆောင်၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ကျွန်းစုမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်း များ၊ မြို့မိမြို့ဖများအတွက် စားသောက်ဖွယ်ရာ များနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ် ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်