
ရန်ကုန် ဇန်နဝါရီ ၁၄
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ လှေလှော် အားကစား သမားများသည် ကနူး/ကယက် အားကစားနည်း ၌ ရွှေတံဆိပ်ဆုရရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။
“ကနူးကယက်ကတော့ ရွှေ ရဖို့ တော်တော်လေး ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်မှုလည်းကောင်းမယ်၊ လေ့ကျင့်နေတဲ့စံချိန် အကောင်း ဆုံးစံချိန်ကို ပြိုင်ပွဲမှာ လှော်ခတ်နိုင်မယ်ဆိုရင်တော့ ရွှေကို မှန်းနိုင်တဲ့အနေအထားမျိုးရှိတယ်။ ဒါကလည်း ပြီးခဲ့တဲ့ ဖိလစ်ပိုင် ဆီးဂိမ်းရလဒ်ရယ်၊ လက်ရှိ ရှိနေတဲ့ကစားသမားတွေရဲ့ စံချိန်တွေကို လေ့လာသုံးသပ် ပြီးတော့ အကြမ်းဖျင်းသုံးသပ်တွေ့ရှိချက်ကို ပြောကြား တာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ကနူး ကယက်နှင့် အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲနှစ်မျိုးဖြင့် မြန်မာလှေလှော် အဖွဲ့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချူပ် အနေဖြင့် ကနူးကယက်ပြိုင်ပွဲ၌ အားကစားသမား ၁၇ ဦး၊ နည်းပြ သုံးဦးဖြင့် တရုတ်နိုင်ငံ၌ စခန်းသွင်းလေ့ကျင့်ပြင်ဆင်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လှေပြိုင်ပွဲ၌ ကစားသမား ၁၂ ဦးဖြင့် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်တွင် စခန်းသွင်း လေ့ကျင့်လျက်ရှိသည်။
အဆိုပါ ဆီးဂိမ်းပြိုင်ပွဲ၌ ကနူးကယက် အားကစားနည်းပြိုင်ပွဲကို မေ ၁၇ ရက်မှ ၂၁ ရက်အထိလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ လှေ အားကစားနည်းပြိုင်ပွဲကို မေ ၉ ရက်မှ ၁၄ ရက်အထိလည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း