
ဆောင်းပါး
========
ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့် လန်ဆယ်(၃)
====================================
ဖုန်ဇီရမ်
ပူတာအိုမှခေါင်လန်ဖူးသို့ နေ့ချင်းပေါက်ပြီ
နယ်စပ်ရေးရာဝန်ကြီးဌာနက ဖောက်လုပ်ပေးနေသော မဂွေဇ-ခေါင်လန်ဖူး ကားလမ်းသည် စုစုပေါင်း (၆၅/၄)မိုင်ရှိသည့်အနက် ယခုအခါ (၅၀/၀)မိုင်သို့ ချင်းနင်း ဝင်ရောက်လာပြီ ဖြစ်သည်။ (၁၅/၀) မိုင်သာသာခန့် ဖောက်လုပ်ရန်ကျန်သော်ငြားလည်း ထိုခရီးမှာ ဆိုင်ကယ် ဖြင့် သွားလို့ရသော ခရီးဖြစ်နေပေပြီ။ ပူတာအိုမှလာသော ကားများသည် ရီဒမ်းကြိုးတံတားနားအထိ လာနိုင် သော်လည်း ခရီးသည်နှင့် ကုန်ပစ္စည်း အတင်အချလုပ်၍ ကောင်းသော ဖူလွမ်းကျေးရွာမှာသာ စတည်းချ၍ စောင့်ကြိုတတ်ကြ၏။ ပူတာအိုမှနေ၍ ကားဖြင့် ပဲလာလာ၊ ဆိုင်ကယ်ဖြင့်ပဲသွားသွား ပူတာအို- မချမ်းဘော့- မဂွေဇ- ခေါင်လန်ဖူးခရီးသည် နေ့ချင်းပေါက်ပြီဟု ပြောရမည် သာ။ ပူတာအိုမှ မဂွေဇအထိ (၇၀/၄)မိုင် ခရီးကို ကား/ဆိုင်ကယ်ဖြင့် သုံးနာရီခွဲခန့် ကြာမြင့်ပါသည်။ မဂွေဇ ကနေ ရီဒမ်းကြိုးတံတား မေခမြစ်အထိ (၄၃/၁)မိုင် ခရီးအား ကား/ဆိုင်ကယ်ဖြင့် သုံးနာရီခွဲ။ ရီဒမ်းကြိုးတံတား မှ ခေါင်လန်ဖူးအထိ (၂၂/၃)မိုင် ခရီးကို ဆိုင်ကယ်ဖြင့် (ကြိုးတံတား ကြံ့ခိုင်မှုအတွက် ကားများ ဖြတ်သန်းခွင့် မပြုသေး) သုံးနာရီခွဲခန့်ဟု ခန့်မှန်းတွက်ချက်နိုင်ပေရာ ပူတာအိုမှ ခေါင်လန်ဖူးခရီးသည် မနက် ၆ နာရီ ထွက်လျှင် ညနေ ၅ နာရီတွင် လိုရာပန်းတိုင်သို့ ရောက်ရှိနေပါ လိမ့်မည်။ ၂၀၁၀ ပြည့်နှစ် ပူတာအို-နောင်မွန် ကားလမ်း ဖောက်ပြီးသည့်တိုင် နောင်မွန်မှ ခေါင်လန်ဖူးအထိ ရက်သတ္တတစ်ပတ်ခန့် လမ်းလျှောက်နေကြရဆဲ၊ ကားလမ်း မပေါက်သေးသည့် ဟိုဘက်ခေတ်မှာဆိုလျှင်ဖြင့် ပူတာအိုမှ ခေါင်လန်ဖူးခရီးသည် ဆိုဖွယ်ရာ မရှိတော့ပြီ။ အနည်းဆုံး ကျွန်တော်တို့လို ဒေသခံများပင်လျှင် ၁၄ ရက်ခန့်ကြာအောင် ခက်ခက်ခဲခဲသွားလာခဲ့ကြရသည်။
ကုန်စည်စီးဆင်းမှုကဏ္ဍချောမွေ့လျက်ရှိ
ဖူလွမ်းကျေးရွာကို ဗဟိုပြု၍ လှုပ်ရှားသွားလာ နေကြသော ကား၊ ဆိုင်ကယ်တို့၏ ခရီးသည် တင်ဆောင်မှုအခြေအနေနှင့် ကုန်စည်များ သယ်ယူ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို လေ့လာ ကြည့်လျှင် ခေါင်လန်ဖူးမြို့နယ်အတွင်းသို့ ပုံမှန်ဝင်ရောက် လည်ပတ်နေကြောင်း တွေ့ရပေမည်။ တစ်ရက်လျှင် ပျမ်းမျှမော်တော်ယာဉ် ခုနစ်စီးနှင့် ဆိုင်ကယ် ၁၀ စီးခန့် မောင်းနှင်သွားလာမှုရှိပြီး ၎င်းယာဉ်များပေါ်၌ ခရီးသည် ၃၀ မှ ၄၀ အကြား လိုက်ပါစီးနင်းကြောင်း သိရှိရပါသည်။ တင်ဆောင်သော ကုန်ပစ္စည်းအမျိုးအစားများမှာ ဆန်နှင့် စားသုံးဆီ၊ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ ဒီဇယ်နှင့် ဓာတ်ဆီအစရှိသည့် စက်သုံးဆီများ၊ ဆေးဝါးပစ္စည်း အမျိုးမျိုး၊ အထပ်သား၊ သံနှင့်ချိန်းလင့် အစရှိသည့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ ကျောင်းဖွင့်ချိန်၌ တွေ့ရ တတ်သည့် ကျောင်းဝတ်စုံနှင့် ထီး၊ ဖိနပ်အမျိုးမျိုး၊ မုန့်နှင့် အချိုရည်မျိုးစုံတို့ဖြစ်ကြောင်း တွေ့ရှိရသည်။
စီးပွားဖြစ်ကုန်ထုတ်လမ်းမဟုတ်ပါ
နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများ တွင် ဖောက်လုပ်ပေးနေသော လမ်းများသည် စီးပွားဖြစ် ကုန်ထုတ်လမ်းများ မဟုတ်ကြပါ။ ယင်းလမ်းများ၏ သဘောသဘာဝကိုက အခေါင်အဖျားဒေသရှိ တိုင်းရင်းသား များနှင့်ပါမကျန် ရင်းနှီးချစ်ခင်စွာ ထိတွေ့ဆက်ဆံမှုပြုနိုင် စေရန်၊ ကူးလူးဆက်သွယ်နိုင်စေရန် ရည်သန်လျက် ကျေးလက်လမ်းအဆင့်ထက် အနည်းငယ်မြင့်မားရုံမျှသာ ဖောက်လုပ်ပေးထားခြင်းဖြစ်ပါသည်။ နောင်မှဆောက်လုပ် ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီး အဆင့်မြှင့်တင်သည့် လုပ်ငန်းများဆောင်ရွက်သည့် သဘောသဘာဝရှိပါသည်။ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းသည် တောင်ပေါ်ဒေသလမ်း ဖြစ်သည့်အားလျော်စွာ မြေပြိုခြင်း၊ သဲတောင်ပြိုခြင်းများ ကြောင့် အခိုက်အတန့် လမ်းပိတ်ဆို့သွားခြင်းများလည်း ဖြစ်ပေါ်နိုင်ပါသည်။ လမ်းအဆင့်မြှင့် ဆောင်ရွက်ပြီးချိန် မှာတော့ ယင်းကဲ့သို့ဖြစ်စဉ်များ ရှိတော့မည်မဟုတ်ပါ။
စုပေါင်းညီညာအောင်ကြောင်းဖြာ
ဒေသခံတိုင်းရင်းသား တစ်ယောက်အနေဖြင့် ကျွန်တော်၏ ထင်မြင်ယူဆချက်ကိုတင်ပြရလျှင် ရှေးယခင် အစိုးရများ အဆက်ဆက်မှာ သည်လမ်းကို ဘာကြောင့် မဖောက်ခဲ့ကြပါသနည်း။ ထင်သလောက်မလွယ်၍ အခက် အခဲများစွာရှိနေ၍ ဖြစ်ပါလိမ့်မည်။ နယ်စပ်ရေးရာဝန်ကြီး ဌာနက တာဝန်ရှိသူများ၏ ပြောစကားအရလည်း မဂွေဇ- ခေါင်လန်ဖူးကားလမ်းကြီးကို သူတို့ချည်းသက်သက် ဖောက်လုပ်ရန်မှာ မလွယ်ဟုဆိုကြ၏။ အစိုးရ၏ ရန်ပုံငွေ နှင့် တပ်မတော်၏ အကူအညီဖြစ်သော အရာရှိဦးစီး အင်ဂျင်နီယာစစ်သည်များ တွဲဖက်ပေးခြင်း၊ အရေးပေါ် ယမ်း လိုအပ်ချက်၊ စက်သုံးဆီလိုအပ်ချက်များ ရှိလာချိန်တွင် ရဟတ်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ဖြည့်တင်းပေးခြင်း များရှိကြောင်း မေးမြန်းသိရှိရပါသည်။ နယ်စပ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် နှင့် တာဝန်ရှိသူများကလည်း လမ်းဖောက်လုပ်ရေး လုပ်ငန်း ခွင်သို့ မကြာခဏလာရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း တွေ့ရသည်။
ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့် လန်ဆယ်
မဂွေဇ-ခေါင်လန်ဖူးကားလမ်းမကြီး၏ လာရာနှင့် လားရာကတော့ အတော်လေးစိတ်ဝင်စားစရာကောင်းနေ ပါပြီ။ ဆန်းလွတ်ချက်ကိုကျော် မေခကိုဖြတ်ပြီး ခက်ခဲ ကြမ်းတမ်းစွာ ခရီးနှင်လာရသော သည်ကားလမ်းကြီး၊ ခေါင်လန်ဖူးမှာပဲ အဆုံးသတ်မှာလား၊ မည်သည့်အရပ်ဒေသ များသို့ ခရီးဆက်မလဲဆိုသည်ကို ကျွန်တော်သိချင်လာမိ သည်။ ထို့ကြောင့် နတလဦးစီးဌာနက အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် ဆုံစည်းခိုက် သိလိုသမျှကို မေးမြန်း စေ့ငုကြည့်ရာ သူကလည်း စီမံကိန်းလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်လာပုံ၊ ယနေ့အထိ ဆောင်ရွက်ပြီးစီးမှုများ အပြင် ရှေ့ဆက်သွားမည့် လျာထားချက်များကိုပါ စိတ်ရှည် လက်ရှည် ရှင်းပြပါသည်။
“ကျွန်တော်တို့ မဂွေဇ-ခေါင်လန်ဖူးကားလမ်းမကြီး ကို အပိုင်း(၄)ပိုင်းခွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။
အပိုင်း(၁) မဂွေဇ-ငါ့လုံဒမ်း (၂၅/၄)မိုင်၊
အပိုင်း(၂) ငါ့လုံဒမ်း-လုံးတုံဗိုလ်တဲ (၁၀/၀)မိုင်၊
အပိုင်း(၃) လုံးတုံဗိုလ်တဲ-မေခမြစ်အနီး ဆီဆုံအထိ (၁၀/၄)မိုင်၊
အပိုင်း(၄) ဆီဆုံ-ခေါင်လန်ဖူး (၁၉/၄)မိုင်။
အခုစီမံကိန်းလုပ်ငန်းအပိုင်း(၄)ကို ရောက်နေပါပြီ။ ဆောင်ရွက်ပြီးသမျှ လုပ်ငန်းတွေကတော့ လာမည့်နှစ်မှာ မြေလမ်းအနေနဲ့ ပြီးသလောက်ဖြစ်သွားမယ်၊ ကျောက်လမ်း က (၄၄/၀)မိုင် အထိ လျာထားပါတယ်။ ဒီလမ်းကြီးပေါ် မှာ ကွန်ကရစ်တံတားအစင်း၂၀၊ Box Culvert ၁၅၂ စင်း၊ ကျောက်စီရေမြောင်း ၁၃၉၉၅ ပေ၊ ကွန်ကရစ် ရေကျော် နှစ်ခု၊ ကွန်ကရစ်ရေပြွန်နှစ်ခု ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဒီကားလမ်းကြီးကို ဖောက်လုပ်ပေးခဲ့တဲ့ နေရာမှာ မိမိဝန်ထမ်းတွေ၊ တပ်မတော်သားတွေ၊ ဌာနပိုင် ယာဉ်/ယန္တရားတွေနဲ့အတူ ခွဲဝေရရှိတဲ့ ဝန်ကြီးဌာန ဘတ်ဂျက် ရန်ပုံငွေကိုသာအသုံးပြုပြီး ကျေးလက်လမ်း အဆင့်ထက် အနည်းငယ် သာလွန်ကောင်းမွန်တဲ့ လမ်းတစ်လမ်း ဖြစ်အောင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။ မဂွေဇ-ခေါင်လန်ဖူး ကားလမ်းကြီးပေါက် သွားပြီဆိုရင်တော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ မြောက်ဘက်က ရှိန်းခေါင်ဒေသနဲ့ နယ်စပ်ရေးရာဝန်ကြီး ဌာနရဲ့ နယ်စပ်ပတ်လမ်း စီမံကိန်းမှာပါဝင်နေတဲ့ တောင်ဘက်က လန်ဆယ်ဒေသတွေအထိ လမ်းတွေ ဆက်လက်ဖောက်လုပ်ပေးဖို့ လျာထားပြီးဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက် စက်ယန္တရားကြီးတွေလည်း အသင့် ရှိနေပြီ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဖိတ်ခေါ်ပါသည် ခေါင်လန်ဖူးဒေသဆီ
ပူတာအိုကနေထွက်ပြီး အရှေ့အနောက် ၁၅ မိုင်၊ တောင်မြောက် ၂၅ မိုင်ကျယ်ဝန်းတဲ့ ပူတာအိုလွင်ပြင်ကြီး ကို ဖြတ်ပြီးတာနဲ့ မချမ်းဘော့မြို့ကလေးကို ရောက်ပါ မည်။ ဂျိမ်းဖောလိုတော့ မကျန်ဘော့ဟု အဓိပ္ပာယ်ရ၏။ မကျန်ကချောင်း၊ ဘော့က မြစ်ဆုံဖြစ်၍ မကျန်ချောင်းနှင့် မလိခမြစ်ဆုံရာ အရပ်ဖြစ်ပါသည်။ ထိုမှလွန်လျှင် မဂွေဇ ကိုရောက်ပြီး ခေါင်လန်ဖူးမြို့လေးဆီ ခရီးဆက်နိုင်ပါပြီ။ သဘာဝတောတောင် ရှုခင်းများနှင့် သာယာလှပသော၊ ရဝမ်၊ လီဆူ၊ ဂျိမ်းဖော၊ ခန္တီးရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုတို့ ထုံလွှမ်းနေသော၊ ဧရာဝတီမြစ်၏ ရေဦးရေဖျား ပတ်ဝန်းကျင်နှင့် ဆီးနှင်းဖုံးဒေသရှိ ဇီဝမျိုးစုံ မျိုးကွဲများကို တစ်ဝကြီးလေ့လာကြည့်ရှုခံစားနိုင်မည့် ခေါင်လန်ဖူးဒေသသို့ ကြွမြန်းခဲ့ကြပါရန် လေးစားစွာ ဖိတ်မန္တက ပြုလိုက်ရပါကြောင်း.....။
။
- Log in to post comments