
နေပြည်တော် ဇန်နဝါရီ ၁၄
စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက စက်မှုဝန်ကြီးဌာန အနေဖြင့် စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေးကဏ္ဍ၌ တာဝန်ခံ ဝန်ကြီးဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိ သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် များနှင့်အညီ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရမည့် စီမံကိန်းပုံစံနှင့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ အမျိုးသား စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေး မူဝါဒ၊ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များကို ၂၀၁၆ ခုနှစ်တွင် အတည်ပြုခဲ့ပြီးဖြစ် ကြောင်း၊ မူဝါဒ၊ ရည်မှန်းချက်များ အနေနှင့် ၂၀၁၂ ခုနှစ် စွမ်းအင် သုံးစွဲမှုကို အခြေခံပြီး ၂၀၃၀ ပြည့် နှစ်တွင် စုစုပေါင်းစွမ်းအင်သုံးစွဲမှု ၏ ၂၀ ရာခိုင်နှုန်းကို လျှော့ချရန်ရည်မှန်းထားပါကြောင်း၊ ရည်မှန်း ချက်များ ပြည့်မီရေးအတွက် စက်မှုကဏ္ဍတွင် စက်ရုံအလုပ်ရုံ များ၊ အဆောက်အဦကဏ္ဍတွင် စီးပွားရေးအဆောက်အဦများနှင့် နိုင်ငံပိုင် အဆောက်အဦများ၊ စွမ်းအင်အသုံးပြုသည့် စက်ပစ္စည်း ကိရိယာများ၏ စွမ်းအင် စွမ်း ဆောင်ရည် သတ်မှတ်ရေးကဏ္ဍ နှင့် ပို့ဆောင်ရေးကဏ္ဍတို့၌ အဓိကထား အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲရေး လုပ်ငန်းများသည် စွမ်းအင်သုံးစွဲမှု အလေအလွင့် များကို လျှော့ချနိုင်စေခြင်းဖြင့် စွမ်းအင် ကုန်ကျစရိတ်ကို သက်သာ လျော့ကျနိုင်စေပြီး အကျိုးဆက်အနေနှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကိုလည်း လျော့ကျစေသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ် ဓာတ်အားကို မဖြစ်မနေချွေတာ သုံးစွဲရန်အတွက် အရေးကြီးသည့် အခြေအနေဖြစ်လာ၍ စွမ်းအင် အကျိုးရှိ ထိရောက်စွာသုံးစွဲရေး လုပ်ငန်းများကို ထိရောက်မှုရှိ အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက် ရမည်ဖြစ်သည့် အတွက် စက်မှုဝန်ကြီးဌာန၏ ဆောင်ရွက် ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှလည်း စက်မှုဝန်ကြီးဌာန၏ ဆောင်ရွက် ချက်များအပေါ် ဖြည့်စွက်ဆွေးနွေး ပေးရန်နှင့် ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ စက်မှုဝန်ကြီး ဌာနတွင်လည်း ဆိုလာ၊ LED မီးလုံး၊ မီးချောင်းများ၊ ဆိုလာ Panel များ ထုတ်လုပ်လျက်ရှိ သဖြင့် လိုအပ်သောပံ့ပိုးမှုများနှင့် အကြံဉာဏ်များ ပေးစေလို ကြောင်း ပြောကြားသည်။
ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေးနည်းလမ်းများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသို့ တင်ပြခွင့်ပြုချက် ရယူခဲ့ပြီး အခြားသောဝန်ကြီးဌာန များနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့လည်း ဖြန့်ဝေခဲ့ပြီး မိမိတို့ ဌာနမှလည်း စံနမူနာပြ ကျင့်သုံးလိုက်နာ ဆောင်ရွက်လျက်ရှိသလို ဓာတ် အားသုံးစွဲသူများ ပိုမိုကျယ်ပြန့် ထိရောက်စွာ သိရှိနိုင်ရေးအတွက် လည်း မီဒီယာများမှတစ်ဆင့် အသိပညာပေး ဖြန့်ဝေလျက်ရှိ ကြောင်း၊ စွမ်းအင်ကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့ တွင် စွမ်းအင်အကျိုးရှိ ထိရောက် စွာ အသုံးပြုနိုင်ရေးကို ဆောင်ရွက် လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် စွမ်းအင်ခြိုးခြံချွေတာရေးဌာန၊ ညွှန်ကြားရေးမှူးတို့က စွမ်းအင် အကျိုးရှိ ထိရောက်စွာ အသုံးပြု နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်ရမည့် အစီ အမံများကိုလည်းကောင်း၊ တက် ရောက်လာကြသည့် ဆက်စပ် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များက စွမ်းအင်အကျိုးရှိ ထိရောက်စွာ သုံးစွဲနိုင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်