
နေပြည်တော် ဇန်နဝါရီ ၁၄
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံး အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟို အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ငွေကြေးခဝါချ မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့သည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာ အမျိုးအသားအဆင့်မဟာဗျူဟာ (၂၀၁၉-၂၀၂၃)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း အပြန် အလှန် အကဲဖြတ်ရေး အစီရင်ခံစာအရ ငွေကြေး ဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ အကြံပြုချက်များအပေါ် စဉ်ဆက်မပြတ်တိုးတက်ဆောင်ရွက်မှု အစီရင်ခံစာ (Follow Up Report) ကို အာရှပစိဖိတ်ဒေသ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia-Pacific Group on Money Laundering-APG) သို့ နှစ်စဉ် ဖေဖော်ဝါရီ ၁ ရက်တွင် ပေးပို့လျက်ရှိပါကြောင်း၊ FATF ၏ တိုးတက်ဆောင်ရွက်မှုများကို စောင့်ကြည့်ရ မည့် နိုင်ငံနှင့် ဒေသများစာရင်းလုပ်ငန်းစဉ်အရ အကောင်အထည်ဖော်ရမည့် အစီအမံ (Action Plan) ၏ တိုးတက်မှု အစီရင်ခံစာ (Progress Report) ကို အာရှပစိဖိတ်ဒေသပူးတွဲအဖွဲ့ (Asia-Pacific Joint Group-APJG) သို့ လေးလ (၁)ကြိမ် ပေးပို့လျက်ရှိပါ ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အစည်းအဝေးကျင်းပ ပြီး ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။
FATF က မိမိတို့ နိုင်ငံအပေါ် သတ်မှတ်ထားသည့် တိုးတက်ဆောင်ရွက်မှုများကို စောင့်ကြည့်ရမည့်နိုင်ငံ နှင့် ဒေသများစာရင်းမှ ပယ်ဖျက်နိုင်ရေးဆောင်ရွက်ရန် အရေးကြီးပြီး တိုးတက်ဆောင်ရွက်မှုများကိုလည်းပြသနိုင်ခဲ့ပါကြောင်း၊ တရားမဝင်ရရှိထားသော ငွေကြေးနှင့် ပစ္စည်းများ နိုင်ငံတော်၏ငွေရေးကြေးရေး စနစ်အတွင်းဝင်ရောက်ခြင်းမှ တားဆီးကာကွယ်ရန် ငွေကြေးခဝါချမှုနှင့် ဆက်စပ်သည့် ပြစ်မှုများနှင့် ပတ်သက်၍ စိစစ်စုံစမ်းမှုများပြုလုပ်ပြီး ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူမှုများ ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့ နိုင်ငံ၏ ငွေကြေးခဝါချမှု ကျူးလွန်ပုံနည်း လမ်းများ (Typologies) မှာ အိမ်ခြံမြေ၊ မော်တော် ယာဉ်နှင့် အဖိုးတန်ပစ္စည်းများ ဝယ်ယူခြင်းသည် အများဆုံးဖြစ်ပြီး ငွေကြေးလဲလှယ်ခြင်း၊ ငွေသား ပြောင်းလဲခြင်း၊ တရားဝင်နှင့် တရားမဝင်ငွေကြေးများ ကို ရောနှော၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်း၊ အမည်ခံ၊ ဘဏ္ဍာထိန်းများ၊ မိသားစုဝင်များ သို့မဟုတ် တတိယ အဖွဲ့အစည်းများ အသုံးပြုခြင်း၊ သဏ္ဌာန်ဆောင် ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ အသုံးပြုခြင်း၊ ငွေဆက်သား၊ ငွေကြေးမှောင်ခိုခြင်း၊ အင်တာနက် လောင်းကစားပြုလုပ်ခြင်း၊ ကုန်သွယ်မှုအခြေပြု ငွေကြေးခဝါချခြင်းနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့ခြင်း၊ နိုင်ငံရပ်ခြား စီးပွားရေးလုပ်ငန်းများ ပြုလုပ်ခြင်းစသည့် နည်းလမ်းများကိုအသုံးပြု၍ ကျူးလွန်ခြင်းများတွေ့ရှိရပါကြောင်း။
ထို့ကြောင့် ငွေကြေးခဝါချမှုကို တားဆီး ကာကွယ်ရန်အတွက် သတင်းပို့အဖွဲ့အစည်းများ အပေါ် ကြီးကြပ်ဆောင်ရွက်ခြင်းကို စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ FATF က သတ်မှတ်ထားသည့် Action Plan ပါအချက်များသည် သီးခြားအကြောင်းအရာများ မဟုတ်ဘဲ အမျိုးသား အဆင့် မဟာဗျူဟာ (၂၀၁၉-၂၀၂၃)တွင် ပါရှိသော အချက်များသာဖြစ်ကြောင်း၊ မဟာဗျူဟာတွင် ပါဝင်သည့် အချက်များကို အလေးထားအကောင် အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် FATF ၏ အကြံ ပြုချက်များကိုလည်း ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မဟာဗျူဟာကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသည့်ဌာန ဆိုင်ရာအဖွဲ့အစည်းများ အားလုံးက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ တာဝန်ယူထားသည့်သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက် မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်