
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဘုတ်ပြင်းမြို့နယ်ရှိ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု
နေပြည်တော် ဇန်နဝါရီ ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူ များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ဘုတ်ပြင်းမြို့ရှိ တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။
တိုးချဲ့စိုက်ပျိုးနိုင်ရေး စိစစ်ဆောင်ရွက်
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆီအုန်းများ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ထပ်မံ တိုးချဲ့စိုက်ပျိုးနိုင်ရေး စိစစ်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
စားသုံးဆီများနှင့် ဆပ်ပြာများထုတ်လုပ်
ယင်းနောက် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ အထွေထွေ မန်နေဂျာ ဦးခိုင်ထူး၊ ယုဇနဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီမှ ဦးအန်းဘန်တို့ က တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးစီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းစတင်ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် နေမှုအခြေအနေ၊ စိုက်ပျိုးရန်ကျန်ရှိသည့် နေရာများတွင် ဆက်လက် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ နိုင်ငံတော်သို့ အခွန်ငွေများပေးသွင်းမှုအခြေအနေ၊ ကုမ္ပဏီဖွဲ့စည်းမှုနှင့် ဝန်ထမ်းများ ခန့်အပ်ထားရှိမှုအခြေအနေ၊ မျိုးများအား အဆင့်ဆင့်ပျိုးထောင်စိုက်ပျိုး မှုအခြေအနေ၊ ဆီသီးများအား အရည်အသွေးစစ်ဆေးခြင်းနှင့် အရည် အသွေး ကိုက်ညီသည့် ဆီများထုတ်လုပ်နိုင်ရေး အဆင့်ဆင့်ဆောင်ရွက် လျက်ရှိသည့် အခြေအနေနှင့် ထုတ်လုပ်သည့်ဆီကြမ်းများအား ရန်ကုန် မြို့ရှိ ဆီချောထုတ်လုပ်ရေးစက်ရုံသို့ ပို့ဆောင်လျက်ရှိမှု အခြေအနေ၊ ဆီအုန်းကိုအခြေခံ၍ စားသုံးဆီများနှင့် ဆပ်ပြာများ ထုတ်လုပ်နေမှု အခြေအနေ၊ ဆီသီးခိုင်များထွက်ရှိမှုနှင့် ဆီကြမ်းနှင့် ဆီချော(စားအုန်းဆီ) များ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ကျန်းမာရေး၊ ပညာရေးအတွက်လည်း ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများ စိုက်ပျိုးဆောင်ရွက်လျက်ရှိမှုနှင့် ယခုထက် ပိုမိုစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးပြီး စိုက်ပျိုးမြေများတွင် အမှန်တကယ်စိုက်ပျိုးခြင်းမရှိခြင်း ကြောင့် အမှန်တကယ်စိုက်ပျိုးဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များနှင့် နိုင်ငံတော်အတွက် များစွာနစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေများကို အမှန်တကယ်အသုံးချခြင်း ရှိ/မရှိကို မြေယာမူဝါဒ၊ မြေယာဥပဒေများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက အမြန်ဆုံးစိစစ်တင်ပြဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဆီအုန်းစိုက်ပျိုးရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီးအား နိုင်ငံတော်၏ ဆန်အိုးကြီးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ဆီအုန်းစိုက်ပျိုးဖြစ်ထွန်းသည့် တနင်္သာရီ တိုင်းဒေသကြီးကိုလည်း ဆီအိုးကြီးအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ ကြောင်း၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လည်း ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း၊ ဆီအုန်း စိုက်ပျိုးမှုမှ စားသုံးဆီများရရှိသကဲ့သို့ အခြားထုတ်ကုန်များကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်းရှင်များအနေဖြင့်လည်း စိုက်ပျိုးမြေများတွင် အမှန်တကယ် စိုက်ပျိုးရန်နှင့် ဆီအုန်းများအား စားသုံးဆီထုတ်လုပ်နိုင်ရေး သတ်မှတ် ချက်များနှင့်အညီ ထုတ်လုပ်ဆောင်ရွက်ရန်လိုကြောင်း။
ဆီအုန်းများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန်၊ မြေကောင်းမွန်ရန်နှင့် ရေလုံလောက်စွာရရှိရန်ဆောင်ရွက်ပြီး စိုက်နည်း စနစ် မှန်ကန်စွာဖြင့် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ ပိုမို ကောင်းမွန်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းများဖြင့် အသုံးမပြုစေရေး တာဝန်ရှိသူများက ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက် ရန်လိုကြောင်း၊ သက်တမ်းကုန်ဆုံးတော့မည့်အပင်များ ပြန်လည် ဖြည့်စွက်စိုက်ပျိုးရာတွင် လစ်ဟာမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ပြီး အပိုင်းလိုက်ခွဲ၍ စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးပင်များ ကုန်ကြမ်းများ ထုတ်လုပ်နိုင်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီစားသုံးမှုမှာ တစ်ဦးချင်းအနေဖြင့် မြင့်မားပြီး စားအုန်းဆီများအား ပြည်ပမှနှစ်စဉ် ဆီတန်ချိန်များစွာ တင်သွင်းခဲ့ရကာ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ဖိုးခန့် တင်သွင်းခဲ့ရသဖြင့် နိုင်ငံတော်မှ ငွေကြေးများစွာ သုံးစွဲခဲ့ရကြောင်း။
ပညာရှင်များ၏ တွက်ချက်မှုအရ ကျန်းမာရေးအတွက် လူတစ်ဦး၏ တစ်ရက်ဆီလိုအပ်ချက်သည် ၁ ဒသမ ၅၈ ကျပ်သားဖြစ်၍ တစ်နှစ်လျှင် ၆ ပိဿာခန့်သာ စားသုံးသင့်ပြီး တစ်ဖက်မှ ဆီစားသုံးမှုလျှော့ချသကဲ့သို့ တစ်ဖက်တွင် ဆီအထွက်နှုန်းတိုးစေရန်အတွက် စိုက်ပျိုးထုတ်လုပ် ခြင်းဖြင့် ကိုယ်စီကျန်းမာသောဘဝကို ပိုင်ဆိုင်ကာ နိုင်ငံအတွက်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ စားသုံးဆီများတင်သွင်းမှုလျှော့ချနိုင်ရေးအတွက် ယခုစားသုံးဆီထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအနေဖြင့် ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလို ကြောင်း၊ စိုက်ဧကများအား မှန်မှန်ကန်ကန် စနစ်တကျဖြင့် စိုက်ပျိုး၍ အထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအား ပြုပြင်ပြောင်းလဲရန်လိုကြောင်း၊ နိုင်ငံအတွက်နစ်နာ မှုများစွာ ဖြစ်ပေါ်လျက်ရှိသဖြင့် အားလုံးကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း၊ ကော့သောင်းဒေသနှင့် ဘုတ်ပြင်းဒေသများတွင် ဆီအုန်းများ ရာနှုန်းပြည့်စိုက်ပျိုးကြရန်လိုကြောင်း မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေးစီမံကိန်း ဆီကြမ်းထုတ်လုပ်ရေး စက်ရုံ အတွင်း စက်ရုံလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။
ယင်းနောက် တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ ထွက်ရှိသည့် ဆီသီးခိုင်များနှင့် ဆီသီးခိုင်မှတစ်ဆင့် ကာနယ်ဆီ၊ ဆီကြမ်းဆီ၊ စားအုန်း ဆီနှင့် ဆပ်ပြာများ ထုတ်လုပ်ထားရှိမှုအား ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်