ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ၁၅ ရက်နေ့

 

ချစ်ကြည်လေးစားအပ်ပါသော   ကယားပြည်နယ်အတွင်းရှိ  တိုင်းရင်း သား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ-

 


ယနေ့ ဇန်နဝါရီလ(၁၅)ရက်နေ့သည်  ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ကယားတိုင်းရင်းသားများ အတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ကယားပြည်နယ်နေ့ဖြစ်ပါ သည်။ 

 


ယခုကဲ့သို့ နှစ်သစ်ကူးအခါသမယတွင်  ကျရောက်သည့် ကယား ပြည်နယ်နေ့တွင်   ကယားတိုင်းရင်းသားများနှင့်  ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး    စိတ်ရောကိုယ်ပါ  ကျန်းမာရွှင်လန်းပြီး လိုရာဆန္ဒ  ပြည့်ဝကြပါစေကြောင်း   ဆုမွန်တောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။

 


၁၉၄၇ ခုနှစ်၊   ဖွဲ့စည်းအုပ်ချုပ်ပုံ   အခြေခံဥပဒေအရ   ကရင်နီ ပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏   ပြည်နယ်တစ်ခု အဖြစ် ပါဝင်ခဲ့ပြီး  ၁၉၅၁ ခုနှစ်၊   ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေအရ လူထုဆန္ဒဖြင့်  ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍   ကရင်နီပြည်နယ်မှ    ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။  ထိုသို့  ကယားပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်နေ့ကို   “ကယားပြည်နယ်နေ့”    အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။    

 

     
ကယားပြည်နယ်သည်   မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတောင်တန်းဒေသ ဖြစ်ပြီး   တောတောင်ရေမြေ   သဘာဝအလှတရားများ၊   မြေပေါ် မြေအောက် သယံဇာတများပေါကြွယ်ဝကာ ရိုးရာယဉ်ကျေးမှုအလှ တရားများဖြင့် သာယာလှပသောပြည်နယ် ဖြစ်ပါသည်။  ရာသီဥတု မျှတပြီး ဒေသခံတိုင်းရင်းသားများ၏  ရင်းနှီးဖော်ရွေမှု၊ ရိုးသားမှုတို့ သည် ပြည်နယ်၏ နှစ်သက်စွဲလမ်းဖွယ်ရာ  ဂုဏ်အင်္ဂါများပင်  ဖြစ်ပါ သည်။ 

 


သာယာလှပသည့်   ရှုခင်း၊ သန့်ရှင်းသပ်ရပ်သည့်  အခင်းအကျင်း၊ တိုင်းရင်းသားတို့၏   ပွင့်လင်းရိုးသားမှု၊   ဒေသခံသားချင်းများ၏ ပြည်နယ်အကျိုးကို  ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့်အတွက်   ဖွံ့ဖြိုး တိုးတက်ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုလည်း ဖြစ်ပါသည်။ 

 


ထိုသို့ရရှိပြီးအခြေခံကောင်းများကို  အမိအရဆုပ်ကိုင်၍  ကယား ပြည်နယ်   တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပြည်နယ် အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ထာဝရငြိမ်းချမ်းရေးကို သားစဉ် မြေးဆက်ခံစားနိုင်အောင်  တည်ဆောက်သွားကြရန်  အထူးလိုအပ် နေချိန် ဖြစ်ပါသည်။ 

 


မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို  ပြန်ပြောင်းကြည့်မည်ဆိုပါက လွတ်လပ်ရေးနှင့်အတူ  နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုပယောဂကြောင့် ပူးတွဲပါရှိလာခဲ့သော   ပြည်တွင်းသောင်းကျန်းမှုဖြစ်စဉ်များ၊  လူမျိုးစွဲ၊ ဝါဒစွဲ ဖြစ်စဉ်များနှင့်   တိုင်းရင်းသားများအကြား  ဖြစ်ပွားခဲ့ရသည့် သံသယဖြင့် လက်နက်ကိုင်ပဋိပက္ခများသည် နှစ်ပေါင်းရှည်ကြာစွာတည်ရှိခဲ့ပြီး ယင်း၏ ဆိုးကျိုးသက်ရောက်မှုများကြောင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို   များစွာထိခိုက်မှု ရှိခဲ့သည်ကို မိမိတို့အားလုံး  လက်တွေ့ခံစားနေကြရပြီ ဖြစ်ပါသည်။ 


ယနေ့ကာလသည်   နိုင်ငံတော်အစိုးရအနေဖြင့်   တိုင်းရင်းသား ပြည်သူအားလုံး၏  ဆန္ဒနှင့်မျှော်လင့်ချက်ဖြစ်သည့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားများကလည်း   အတိတ်ကာလ   အတွေ့အကြုံများကို သင်ခန်းစာရယူပြီး စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည့် အချိန်အခါ ဖြစ်ပါသည်။     

 


မကြာမီ ကျင်းပတော့မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သို့ ရောက်ရှိမည့်အချိန်ကာလတွင်   တိုင်းရင်းသားအားလုံးသည် နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအတွက် တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူများအဖြစ်  ခံယူသည့်စိတ်၊ အေးအတူပူအမျှ တစ်မြေထဲနေ   တစ်ရေတည်း သောက်သူများအဖြစ်   မှတ်ယူသည့် နှလုံးသား၊    တောင်ပေါ်မြေပြန့်    မခွဲခြားဘဲ   တစ်ဝမ်းတည်းဖွား သွေးချင်းများဟု ခံယူသည့် သံယောဇဉ်တရား တို့ဖြင့် အတူတကွ လက်တွဲပြီး အခက်အခဲမှန်သမျှကို ကျော်လွှားဖြတ်သန်းလုပ်ဆောင် ကြရမည့် အချိန်အခါလည်း ဖြစ်ပါသည်။     

 


ယခုကာလသည်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ထိန်းသိမ်းရယူပြီး   ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေးဦးတည်ချက် (၉)ရပ် ချမှတ် ကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းများ အောင်မြင်ရေးမှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရန်  အလွန်အရေးကြီး လှပါသည်။ ထို့ကြောင့်   ငြိမ်းချမ်းရေးခြေလှမ်းသစ်များ     ပြန်လည် စတင်နိုင်ရန် ငြိမ်းချမ်းရေးအတွက်    ဆွေးနွေးနိုင်ရေး    အတိအလင်း ဖိတ်ခေါ်ထားပြီးဖြစ်ရာ   တိုင်းရင်းသားလူမျိုးများအားလုံးအတွက် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ယခင်ကထက် ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်မည်ဟု အပြည့်အဝ ယုံကြည်ပါသည်။

 


နိုင်ငံတော်အစိုးရသည်    နိုင်ငံတော်၏အကျိုး၊   တိုင်းရင်းသား ပြည်သူလူထု၏  အကျိုးကိုသာ     အစဉ်ရှေးရှုကြိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် နိုင်ငံတော်ကြီး ပိုမိုတည်ငြိမ်အေးချမ်းပြီး သာယာ ဝပြောစေရန်နှင့် စားရေရိက္ခာဖူလုံစေရန်  အဓိကထားပြီး တိုင်းရင်း သားပြည်သူများနှင့်အတူ  တစ်စိတ်တစ်ဝမ်းတည်း   တက်ညီလက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။  “ညီညာမှ ပြည်သာမည်” ဖြစ်သည့်အတွက်  အားလုံး၏  စုစည်းမှုစွမ်းအားနှင့် ဝိုင်းဝန်းတည်ဆောက်ကြရမည် ဖြစ်ပါသည်။ 

 


တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်  ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် တပ်မတော်နှင့်အတူ နိုင်ငံ့ဝန်ထမ်းများအားလုံး၊   အရပ်ဘက်အဖွဲ့ အစည်းများအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက  ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြမှသာ   မျှော်မှန်းသည့်ပန်းတိုင်ကို  အချိန်တို အတွင်း    အောင်အောင်မြင်မြင်ရောက်ရှိနိုင်မည်     ဖြစ်ပါသည်။ ထိုပန်းတိုင်သို့ ရောက်ရှိရန်    အဓိကကျသည့်အချက်မှာ   မိမိတို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြရေးနှင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးပင် ဖြစ်ပါသည်။ 

 


ယခုလတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုး လှုံ့ဆော်မှုများ၊   သဘောထားကွဲလွဲပြီး  နိုင်ငံနှင့်ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော  အချို့အဖွဲ့အစည်းများ၏ ခြေထိုးမှု များ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါး ထဲသို့ ဆွဲချနေသည့်  မဟုတ်မမှန်လုပ်ကြံသတင်းများ၊ NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံး မှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူ လူထုအကြား အသိအမြင်များမှားပြီး ညီညွတ်မှုများ ပြိုကွဲကာ မငြိမ်း မချမ်းဖြစ်နေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ထိုအခြေအနေ များ၏ အကျိုးဆက်သည် နိုင်ငံတော်၏ကောင်းကျိုးကို ဖော်ဆောင် နိုင်မည် မဟုတ်သကဲ့သို့   နိုင်ငံတော်နှင့်  ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ကြရန်   လိုအပ်ပါ သည်။ 

 


ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့်   ပြည်ထောင်စု စိတ်ဓာတ် အခြေခံကောင်းများ  ပွားများဖြစ်ထွန်းအောင် ကြိုးပမ်း ဆောင်ရွက်ကြရပါမည်။

 


မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊  ယုံကြည်မှုများဖြင့် တည်ဆောက်ကြရာတွင် ကယားပြည်နယ်ရှိ တိုင်းရင်းသားများက လည်း အတွေးအခေါ် အယူအဆ မှန်ကန်စွာဖြင့် စည်းစည်းလုံးလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်    အလေးအနက်   တိုက်တွန်း အပ်ပါသည်။ 

 


ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအားလုံး ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင် သူများ ဖြစ်ကြပါစေ၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝ တိုးတက်မြင့်မားလာရေးကို အားကြိုးမာန်တက် ဆောင်ရွက် နိုင်ကြပါစေ၊ နိုင်ငံတော်နှင့်  နိုင်ငံသားများ အကျိုးစီးပွားတိုးတက် မြင့်မားရေးကို   ဝိုင်းဝန်းဖော်ဆောင်နိုင်ကြပါစေကြောင်း  ဆုမွန် ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။ 
                      

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ