
ဆောင်းပါး
=======
ပထမခေါင်လန်ဖူး၊ ဒုတိယရှိန်းခေါင်နှင့် လန်ဆယ် (၂)
=====================================
ဖုန်ဇီရမ်
(၂၃-၉-၂၀၂၀ ရက်နေ့မှ အဆက်)
ပေ ၇၇၀၀ ဆန်းလွတ်ချက်တောင်
သည်တောင်ကြီးကို သူတို့ကျော်နိုင်ပါ့မလား၊ ဒေသခံ တော်တော်များများက မဖြစ်နိုင်ဘူးဟု ပြောနေကြသည်။ အရှည်လေးမိုင်ခန့်ရှိသော ကျောက်တောင်ကြီး။ ကျွန်တော် တို့ ခရီးသွားတွေအတွက်တော့ မဂွေဇကနေ ငါ့လုံဒမ်း ၂၄/၀ မိုင်ခရီးကို အဆင်ပြေပြေ သွားလာနိုင်ကြပြီ။ မဂွေဇ မှ စတင်ဖောက်လုပ်လာသော ကားလမ်းက ငါ့လုံဒမ်း အထိပေါက်ပြီ။ ထိုအချိန်မှာ သူတို့က ဆန်းလွတ်ချက် ကျောက်တောင်ကြီးကို ကျော်လွှားနိုင်အောင် ဆက်လက် ကြိုးစားဖောက်လုပ်နေကြဆဲ။ သူတို့ဆိုတာက နယ်စပ် ရေးရာဝန်ကြီးဌာနက အင်ဂျင်နီယာတွေ၊ ဝန်ထမ်းတွေ ပါ။ လမ်းလုပ်သားထဲမှာ အညာသားတွေလည်း တွေ့ရ၏။ နတလပိုင် ယာဉ်/ယန္တရားတွေကလည်း အများကြီး။ ထူးထူးခြားခြား မိုင်းနှင့် ယန္တရားပညာရှင် တပ်မတော်သားတွေကိုပါ တွေ့နေရသောကြောင့် မေးမြန်းကြည့်သောအခါ မြစ်ကြီးနားအင်ဂျင်နီယာ တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များဖြစ်ကြောင်း သိလိုက်ရ သည်။ ကျောက်တောင်ကို မိုင်းခွဲချိန်မှာ ကျွန်တော်တို့ကို ဖြတ်သန်းသွားလာခွင့်မပြု၊ ခေတ္တခဏ စောင့်ရပါသည်။
ထိုနေရာမှာ သူတို့ဖောက်လုပ်ချိန် လနှင်ချီ၍ ကြာသွား သည်ဟု ကျွန်တော်ထင်မြင်မိသည်။ သွားရင်းလာရင်း မျက်မှန်းတန်းပြီး ရင်းနှီးခင်မင်သွားသော နတလဦးစီး ဌာနက ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဒီပါမောင်ကို မေးမြန်းကြည့်ရာ “ဒီနေရာက အခက်ခဲဆုံးပဲဗျို့၊ တကယ့် ကျောက်တောင်နဲ့ လာတိုးနေပြီ၊ တစ်ရက်မှာ ၁၀ ပေ လောက်ပေါက်အောင် ကျားကုတ်ကျားခဲချနေရတယ်”ဟု ပြောကြားလာသည်။ ထိုနေရာကား မိုင်တိုင်ဖြင့်တွက်လျှင် ၃၀ နှင့် ၃၂ အကြား ဖြစ်ပါလိမ့်မည်။
မှတ်မှတ်ရရ ကျွန်တော်တို့ ခရီးသွားများက ဆန်း လွတ်ချက်တောင်ထိပ်ကို ကွေ့ပေါင်း ၂၉ ကွေ့နေရာမှ တက်နေချိန် သူတို့အဖွဲ့သည် လက်ဝဲဘက်ခပ်လှမ်းလှမ်းရှိ ကသစ်ပင်နေရာမှ ပတ်၍ခွေ၍ ဖောက်လုပ်နေချိန်ဖြစ် သည်။ မိုင်းခွဲသံတွေကလည်း တဂျိမ်းဂျိမ်း။ မိုင်းခွဲရင်းဖြင့် ကျောက်တုံးများ ပြိုကျပြီး လမ်းလုပ်သားနှစ်ဦး အသက်ဆုံးရှုံးသွားကြောင်းကိုလည်း စိတ်မကောင်းစွာ ကြားလိုက်ရသည်။ ကျွန်တော်တို့ ရဝမ်၊ လီဆူ၊ ဂျိန်းဖော နှင့် ခန္တီးရှမ်း တိုင်းရင်းသားများကောင်းကျိုးအတွက် အသက်စွန့်သွားရသည့် အညာသားလေးများမို့ အထူးပဲ စိတ်မကောင်း၊ ဝမ်းနည်းမိသည်၊ ဂုဏ်ယူချီးကျူး ကျေးဇူး လည်းတင်မိပါသည်။
ကျွန်တော်တို့ တိုင်းရင်းသားများမှာ အလေ့အထတစ်ခုရှိပါသည်။
တောင်အောက်မှ ပင်ပန်း ကြီးစွာ တက်လာကြပြီးနောက် တောင်ထိပ်ရောက်ခါ နီး၌ ကျောက်တုံးငယ်တစ်ခုကို ကောက်ယူလာကာ တောင်ထိပ် မှာ အမှတ်တရ စုပုံထားရှိခြင်းဖြစ်ပါသည်။ ကျွန်တော်လည်း ဆန်းလွတ်ချက်တောင်ထိပ်ကို ဖြတ်ကျော်တိုင်း ခဲတစ်လုံးချခဲ့ဖူးပါသည်။ အောင်မြင်ခဲ့ပြီ၊ ကျော်လွှားနိုင်ခဲ့ပြီ ဆိုသည့်သဘော။ သို့သော် ၂၀၁၈ခုနှစ် စက်တင်ဘာလ မှာတော့ ကျွန်တော်တို့ အမှတ်တရချထားသော ကျောက်တုံးလေးတွေ ပျောက်ချင်းမလှ ပျောက်သွားပါ တော့သည်။ တစ်စုံတစ်ယောက်က ရွှေ့ပြောင်းယူဆောင် သွားခြင်း မဟုတ်ပါ။ မြေထိုးစက်ကြီးများ၊ မြေကော်မြေညှိ စက်ကြီးများ တောင်ထိပ်သို့ရောက်ရှိလာပြီး ရှင်းလင်း ဖယ်ရှားပစ်လိုက်ရာ ပေ၂၀၀ ပတ်လည်ခန့် View Piont တစ်ခု ဖြစ်သွားပါတော့သည်။ တောင်ထိပ်မှ လှမ်းကြည့် လျှင် မေခမြစ်ကို လှမ်းမြင်နေရ သည်။ ရီဒမ်းကြိုးတံတားကိုမူ ပြတ်ပြတ်သားသား မမြင်ရ။ ဘာပဲပြောပြော ဆန်းလွတ် ချက် ကျောက်တောင်ကြီးကို သူတို့ အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီ။
လမ်းတစ်ဝက်ဖွင့်ပွဲကျင်းပ
လမ်းတစ်ဝက်ဖွင့်ပွဲဟု ရည်ညွှန်းလိုက်ရခြင်းမှာ မဂွေဇ-ခေါင်လန်ဖူးကားလမ်းသည် ၆၅/၄မိုင်ရှိသည်။ ဆန်းလွတ်ချက်တောင်ထိပ်အထိ ၃၃/၆မိုင် ဖြစ်ပါသည်။ ဖောက်လုပ်ပြီးသမျှ မြေလမ်းပေါ်မှာ တံတားများ တည် ဆောက်ခြင်း၊ Box Culvert များ တည်ဆောက်ခြင်း၊ ကျောက်ခင်းခြင်း၊ ကျောက်စီရေမြောင်းများ ပြုလုပ်ခြင်း တို့ ဆောင်ရွက်ပြီးနောက် လမ်းတစ်ဝက်ဖွင့်ပွဲအခမ်းအနား ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထိုအခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားရာမှာ လမ်းတစ်လမ်း ဖောက်လုပ်ခြင်းသည် ဒေသဖွံ့ဖြိုးရေး အတွက်ဖြစ်သလို ထိုထက်ပို၍ အရေးကြီးတာက ပြည်ထောင်စုတိုင်းရင်းသားအားလုံးအကြား နီးစပ်လာ အောင် လုပ်ပေးခြင်းဖြစ်ကြောင်း၊ ထိတွေ့မှုတံတားကြီး တစ်ခု တည်ဆောက်လိုက်တာနှင့်တူကြောင်း၊ ဒီလမ်းကို အင်မတန်ခက်ခက်ခဲခဲ ဖောက်လုပ်နေရတယ်ဆိုတာ သိပါကြောင်း၊ ဘယ်လိုခက်ခဲပါစေ တကယ်ဆန္ဒရှိရင် လုံ့လဝီရိယနဲ့စုပေါင်းပြီး လုပ်သွားမယ်ဆိုရင် မကျော်လွှား နိုင်တဲ့အခက်အခဲ ဘာမှမရှိဘူးဟု ပြောကြားသွားသည်ကို ကျွန်တော်အမှတ်ရမိပါသည်။
ရီဒမ်းတံတားကို ကျော်ခဲ့ပြီ
ဆန်းလွတ်ချက်တောင်ထိပ်အထိ လမ်းပေါက်ပြီ ဆိုတာကို ဒေသခံများမှာကြားနေရသော်လည်း မျက်မြင် ကိုယ်တွေ့မဟုတ်၍ သိပ်မယုံချင်။ ဟော လက်ရှိရဟတ် ယာဉ်ကွင်းများ ဖောက်ထားသောနေရာ ဖူလွမ်းကို စက် ယန္တရားကြီးများ ရောက်ရှိလာချိန်မှာ အားလုံးလာရောက် ကြည့်ရှု ကြပြီး အံ့သြဝမ်းသာဖြစ်ကြသည်။ သူတို့တစ်သက် ဒီနေရာမှာ တောင်ယာလယ်ကွက်လေးတွေပဲ အမြဲရှိနေ မည်၊ ယခုလိုစက်ယန္တရားကြီးများ ရောက်လာပြီး တူးကြ၊ ဆွကြ၊ ထိုးကြ၊ကော်ကြသည့် မြင်ကွင်းကို မြင်ကြရလိမ့်မည် ဟူ၍ လည်းကောင်း၊ ကားလမ်းကြီးတစ်ခု ဆန်းလွတ် ချက် တောင်ထိပ်ကနေ ဘွားခနဲပေါ်ပေါက်လာမည်ဟူ၍လည်းကောင်း ဘယ်တုန်းကမှ ထင်မထားကြချေ။ အဆိုပါ ဖူလွမ်း ကျေးရွာအနီး ၄၁/၀ မိုင် နေရာသည်ပင်လျှင် များမကြာ မီမှာ ကားဂိတ်နေရာ၊ ဆိုင်ကယ်တက္ကစီနေရာ ဖြစ်သွားပြီး လူအတက်၊အဆင်း ကုန်အတင်၊ အချ နေရာလေးဖြစ်လာခဲ့သည်။
မေခမြစ်ကူး ရီဒမ်းကြိုးတံတား တည်ရှိရာနေရာ သည် ၄၃/၁ မိုင်ဖြစ်ပါသည်။ ထိုနေရာသို့အရောက်တွင် စက်ယန္တရားကြီးများကို ကူးတို့ဖောင်ဖြင့် ဖြတ်ကူး ပို့ဆောင်ပေးပြီး လမ်းဆက်ဖောက်ကြသည်ကို တွေ့ရ ၏။ မူလက လူနှင့်ဆိုင်ကယ်များသာ ဖြတ်ကူးနိုင်သော ရီဒမ်းကြိုးတံတားကိုလည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ပြန်လည်ပြုပြင်ပြီး ကားလေးများဖြတ်ကူးနိုင်သည့် ခံနိုင်ဝန်ရသည်အထိ ဆောင်ရွက်ပေးခဲ့သည်။ ယင်းအပြင် ကုန်စည်စီးဆင်းမှု မြန်ဆန်သွက်လက်စေရန်အတွက် ဆန်အိတ် ၁၂၀ ခန့်၊ စက်သုံးဆီဆိုလျှင် ပီပါ ၃၀ ခန့် အထိ တင်ဆောင်ဖြတ်ကူးနိုင်သော စက်လှေတစ်စင်းကို လည်း မေခမြစ်အတွင်း ထားရှိပေးခဲ့သည်။
ကားလမ်းအစ ပြုရာ မဂွေဇရွာဟောင်းအနီးက ကဆန်ခချောင်းကူး တံတား တည်ဆောက်ရေးကို ဆောက်လုပ်ရေးဝန်ကြီး ဌာနက Feasibility study စတင်ဆောင်ရွက်ပြီး မေခ မြစ်ကူး ရီဒမ်းကြိုးတံတားနေရာတွင် တံတားကြီး တစ်စင်း တည်ဆောက်ပေးရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ နောင်အနာဂတ် ခေါင်လန်ဖူးဒေသအတွက် ကောင်းလေစွ။
ဂရုဝမ်ကွေ့အလွန်မှာ
ရီဒမ်းမြစ်ကူးတံတားကျော်ပြီး တွေ့ရှိရသော အခက်ခဲဆုံး ချောက်ကမ်းပါးယံနှင့် ချောက်ရှိသော ဂရုဝမ်ကွေ့နေရာ ကားလမ်းဖောက်သည့်အခါတွင်လည်း လမ်းအူကြောင်း အသစ်ရှာရခြင်း၊ မတ်စောက်သောနေရာ ကို အဆင်ပြေပြေ ဖောက်လုပ်နိုင်အောင် ခွေရဝိုက်ရ ပတ်ရခြင်းတို့ကြောင့် လားဝမ်ထုနှင့်ဂရုဝမ်အကြားတွင် စုစုပေါင်း ၆၇ ရက်မျှ ဖောက်လုပ်ခဲ့ရကြောင်း သိရသည်။ စောစောကပြောခဲ့သည့် မိုင်တိုင် ၃၀ နှင့် ၃၂ အကြား ဆန်း လွတ်ချက်ကျောက်တောင်ကြီးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ရက်ပေါင်း ၂၂၇ ရက်မျှကြာအောင် ကြိုးစားဖောက်လုပ်ခဲ့ရကြောင်း လည်း ကြားသိခဲ့ရသည်။ ဂရုဝမ်ကွေ့မှာ အတက်ခြောက်ထပ် ခုနစ်ကွေ့နှင့် အဆင်းခုနစ်ထပ်ရှစ်ကွေ့ဟု ကျွန်တော် တို့က ခေါ်ကြသည်။ ယခင်ဆိုင်ကယ်လမ်းပဲရှိစဉ်က ထိုနေရာရောက်လျှင် နောက်ကပါလာသောလူ ဆင်းပေးရ သည်။ အတက်အဆင်း မတ်စောက်၍ဖြစ်သည်။ ဂရု ဝမ်ချိုင့်ဝှမ်း(ခေါ်)ဂရုဝမ်ကွေ့နေရာသည် ၄၈/၀ မိုင်နေရာ ဖြစ်၏။ ကားလမ်းဖောက်လုပ် ရေးအဖွဲ့ နောက်ဆုံးရောက်ရှိ နေသောနေရာမှာ ၄၉/၀ မိုင်ဖြစ်ပေရာ များမကြာမီ ခေါ်ဘူဒဲ မြို့ဟောင်းနေရာ လမ်းခွဲသို့ ရောက်ပါတော့မည်။
ခေါ်ဘူဒဲအမှတ်တရ
မချမ်းဘော့၊ နောင်မွန်နှင့်ခေါ်ဘူဒဲတို့သည် တစ်ချိန်က ကျေးရွာအဆင့်မျှသာ။ ကျွန်တော်လေ့လာမှတ်သားမိ သလောက်ဆိုလျှင်ဖြင့် ၁၉၅၈ခုနှစ် အိမ်စောင့်အစိုးရ တာဝန်ယူပြီး ၁၉၆၀ ပြည့်နှစ်၌ ပူတာအိုနယ်ခြားခရိုင် ဖွဲ့စည်းချိန်တွင် မြို့အဆင့်သတ်မှတ်ပေးခဲ့သည်။ သို့သော် ပထဝီအနေအထားအရ ခေါင်လန်ဖူးက ပိုမိုသင့်တော် ကြောင်းတွေ့ရ၍ ၁၉၉၆ ခုနှစ်တွင် မြို့နယ်ရုံးများကို ခေါင်လန်ဖူးသို့ ပြောင်းရွှေ့ပေးခဲ့သည်။ လက်ရှိ ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက်လေးခု၊ ပတ်ဝန်းကျင် ကျေးရွာအုပ်စု ၂၃ စု၊ အိမ်ခြေ ၂၁၈၆ အိမ်၊ အိမ်ထောင်စု ၂၁၈၉ စု၊ လူဦးရေစုစုပေါင်း ၁၄၈၉၁ ဦး နေထိုင်လျက်ရှိ ကြသည်။
အနီးကပ်ကြီးကြပ်ထောက်ပံ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခေါင်လန်ဖူးဒေသသို့ မကြာ မကြာရောက်ရှိခဲ့သည်။ ခေါင်လန်ဖူးဒေသလမ်းပေါက်ရေး အတွက် လိုအပ်သမျှကို တက်ကြွစွာ အနီးကပ်ကြီးကြပ် ထောက်ပံ့ပေးနေသူဖြစ်သည်။ ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ခရီးစဉ်၌ ခေါင်လန်ဖူးဒေသရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ၊ ဝန်ထမ်းများ၊ ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ ကျွန်တော်လည်း တက်ရောက် ခွင့်ရရှိခဲ့ပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဒေသဖွံ့ဖြိုးရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် မြေပေါ်မြေအောက်သယံဇာတများ ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ မူးယစ်ဆေးဝါး ပြဿနာ လုံးဝအဝင်မခံရန်၊ ဒေသတွင်းဆန်ဖူလုံရေး၊ ဒေသနှင့် ကိုက်ညီသည့် စားကုန်သောက်ကုန် များ ထုတ်လုပ်နိုင်ရေး မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ ။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments