ဓားသွားပေါ်က ပျားရည်စက်

Type

ဆောင်းပါး

=======

 

ဓားသွားပေါ်က ပျားရည်စက်

==================

 

မောင်ငြိမ်းအေး

==========

 

 

များသောအားဖြင့် ကေတီဗွီကို သွားခဲ့ဖူးတဲ့ အပေါင်း အသင်းရောင်းရင်းတွေဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာအတွက် ကေတီဗွီကို သွားခဲ့၊ ပျော်ခဲ့၊ ပါးခဲ့ကြတာတွေကို ထုတ်ဖော် ပြောကြားလေ့မရှိကြပါဘူး။ အခုတော့ ကေတီဗွီမှာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပေါက်ကွဲမှုကြီး တစ်ခုကို မြင်တွေ့ကြားသိလိုက်ရလို့ ကျွန်တော် ကေတီဗွီ သွားခဲ့တဲ့ အကြောင်းကို ထုတ်ဖော်ဖွင့်ဟဝန်ခံလိုပါတယ်။

 

ကျွန်တော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ် ဆိုရင် ကိုစိုး မွေးနေ့တုန်းက တစ်ခါ၊ ဆရာမျိုး နှုတ်ဆက် ပွဲတုန်းက တစ်ကြိမ်၊ ကိုဝင်းမိုး အရောင်းအဝယ်ဖြစ်တုန်းက တစ်လှည့်ကေတီဗွီဆိုင်ကို ရောက်ခဲ့ဖူးပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင်၊ ကျွန်တော့်အသိုင်းအဝိုင်း၊ ကျွန်တော့် အပေါင်းအသင်းလောကက မိတ်ဆွေတွေနဲ့အတူ ကေတီဗွီကို သုံးခါလောက်သွားခဲ့ဖူးတယ် ဆိုပါတော့။ ကျွန်တော်တို့ ကေတီဗွီ သွားတာက သီချင်းဆိုရုံသက်သက် ပါပဲ။ တခြားမပါပါဘူး။ ပထမနှစ်ပွဲကတော့ ကိုဗစ်မဖြစ်ခင် ယခင်တစ်နှစ်က ပြောင်ပြောင်တင်းတင်း သွားခဲ့တာ ဖြစ်ပြီး နောက်တစ်ပွဲကတော့ ကိုဗစ်ကာလထဲမှာဆိုတော့ တိုးတိုးတိတ်တိတ် သွားခဲ့ကြတာဖြစ်ပါတယ်။

 

အန္တရာယ်များတဲ့ ကိုဗစ်ကာလအတွင်းမှာ တရား မဝင်တဲ့ ကေတီဗွီပွဲကို နွှဲခဲ့တာဟာ ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ချိုးဖောက်တာဖြစ်လို့ ယခုထက်တိုင် စိုးရိမ်ထိတ်လန့် နောင်တရလို့ မဆုံးအောင်ဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက တဒင်္ဂပျော်ရွှင်မှုလေးဟာ ဓားသွားပေါ်က ပျားရည်စက်ကို လျက်ရတာနဲ့ တူနေပါတယ်။ အဲဒီတုန်းက ကံကောင်းထောက်မလို့ ကိုဗစ်ရောဂါကူးစက်မခံရပေမယ့် လွန်ခဲ့တဲ့ရက်က သင်္ဃန်းကျွန်းမြို့နယ်က ကေတီဗွီ ဖြစ်စဉ် ကြောင့် တွေးတွေးပြီး ကြက်သီးမွေးညင်းထအောင် ကြောက်မိပါတယ်။ အချိန်မရွေး အန္တရာယ်ကျရောက်လာမှာကိုမမြင်မိဘဲ လတ်တလောအပျော်မင်၊ အပေါင်း အသင်း စုံမက်တတ်တဲ့စိတ်၊ အပေါင်းအသင်းကို အလို လိုက်တဲ့စိတ်ဟာ ငယ်ငယ်ကတည်းက ယခုအချိန်အထိ ရှိနေတာကို မှားတယ်လို့ ဝန်ခံပါတယ်။

ထပ်မံအသိပေးညွှန်ကြား

 

 

တကယ်တော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိတဲ့ မတ်လလောက်ကတည်းက ဖျော်ဖြေရေး တွေ၊ ဇိမ်ခံရေးလုပ်ငန်းတွေဖြစ်တဲ့ ကေတီဗွီ၊ ဘား၊ နိုက်ကလပ်တွေနဲ့ အနှိပ်ခန်းတွေကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ပိတ်သိမ်းဖို့ အကြောင်းကြားထားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း တရားဝင်ပြန်လည် ဖွင့်လှစ်ခွင့်မပြုသေးဘူးဆိုတာကို ကျွန်တော်တို့တစ်တွေ သိသိကြီးနဲ့ သွားခဲ့မိတာကို အခုမှပဲ နောင်တလည်းရ၊ ရှက်လည်းရှက်မိပါတော့တယ်။ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ ဖျော်ဖြေရေးလုပ်ငန်းအချို့ဟာ ခွင့်ပြု ချက်မရှိဘဲ လုပ်ကိုင်နေကြလို့ သက်ဆိုင်ရာအဖွဲ့အစည်း တွေက စိစစ်ကြပ်မတ်ဖို့၊ ပိတ်သိမ်းအရေးယူဖို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီက ထပ်မံအသိပေးညွှန်ကြားခဲ့တာကိုလည်း ကြားသိခဲ့ဖူးပါတယ်။

 

ဟိုတယ်တွေနဲ့ သီးခြားနေရာတွေမှာ ဖျော်ဖြေရေး လုပ်ငန်းတွေဖြစ်တဲ့ ကေတီဗွီ၊ ဘားနဲ့ နိုက်ကလပ် လုပ်ငန်းတွေ လုပ်ကိုင်တာကို ပိတ်သိမ်းသွားဖို့နဲ့ လိုင်စင် ပိတ်သိမ်းတဲ့အထိ အရေးယူဖို့အထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဩဂုတ်လ ၁၅ ရက် နေ့စွဲနဲ့ အကြောင်း ကြားထားတာကိုလည်း ကြားသိရပါတယ်။ ဒါပေမဲ့ တချို့ ကေတီဗွီ၊ ဘားနဲ့ နိုက်ကလပ်တွေ ပြန်ဖွင့်လာတာဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အချို့ညွှန်ကြားချက်တွေ ဖြေလျှော့ပေးလိုက်တာကို အကြောင်းပြုပြီး ရောချလိုက် တာပဲ ဖြစ်ပါတယ်။ လက်ရှိကာလမှာ ဘယ်မှာမှ တရားဝင် ဖွင့်လှစ်ခွင့်မရှိသေးပါဘူး။ သို့သော်လည်းပဲ ရန်ကုန်မြို့ရဲ့ တချို့မြို့နယ်တွေမှာ ကေတီဗွီတွေ၊ ဘားတွေဖွင့်လှစ် လုပ်ကိုင်နေကြလို့ ကိုဗစ်ကြီးနဲ့ တွေ့လိုက်တော့မှပဲ အားလုံးအလန့်တကြားဖြစ်ခဲ့ရပါတယ်။

ကိုဗစ်ပိုးတွေ့လူနာအများဆုံး

 

စက်တင်ဘာလ ၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့ နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ တစ်နေ့တည်း ၈၅ ဦး တွေ့တဲ့အခါမှာ ပိုးတွေ့လူနာ ၇၃ ဦးက ကေတီဗွီဆိုင်က ဖြစ်တယ်ဆိုတာကို သိလိုက်ရတော့ အတော်ကို တုန်လှုပ်ချောက်ချားဖြစ်ကြပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ဟာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးမှာ ကိုဗစ်ပိုးတွေ့ လူနာ အများဆုံးတွေ့ရှိတဲ့ မြို့နယ်ဖြစ်နေပါပြီ။ ဇာစ်မြစ်က တော့ ကေတီဗွီကလို့ အပြစ်ပုံချရမလို ဖြစ်နေပါတယ်။ တကယ်တမ်းမှာလည်း သင်္ဃန်းကျွန်းမြို့နယ်က ကာရာ အိုကေဆိုင်တွေမှာ ဖျော်ဖြေမှုအစီအစဉ်တွေကနေ ပြန့်သွား တဲ့သဘောပါပဲ။ ကိုဗစ်-၁၉ ရောဂါ မဖြစ်မီကာလ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကာရာအိုကေလုပ်ငန်းလိုင်စင် စုစုပေါင်း ၃၂၆ ခု ခွင့်ပြု ပေးထားတာရှိကြောင်း၊ အရှေ့ပိုင်းခရိုင်မှာ ၁၁၆ ခု၊ အနောက်ပိုင်းခရိုင်မှာ ၁၁၂ ခု၊ တောင်ပိုင်းခရိုင်မှာ ၂၀၊ မြောက်ပိုင်းခရိုင်မှာ ၇၈ ခု ရှိကြောင်း သိရပါတယ်။ အဲဒီ အထဲမှာ သင်္ဃန်းကျွန်းမြို့နယ်ပါဝင်တဲ့ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဟာ ကာရာအိုကေဆိုင်အများဆုံး ဖြစ်ပါတယ်။ ယခုတော့ ကိုဗစ်ပိုးတွေ့လူနာ အများဆုံးရှိတဲ့ မြို့နယ် ဖြစ်နေပါပြီ။

ကာရာအိုကေဆိုင်ဆိုတာ အလုံပိတ်အဆောက် အအုံဖြစ်ပြီး အဲဒီအဆောက်အအုံထဲမှာပဲ အလုံပိတ် အခန်းတွေ ထပ်မံဖွဲ့စည်းထားပါတယ်။ တစ်ခန်းတစ်ခန်းကို လူ ငါးယောက်စာ၊ ၁၀ ယောက်စာ၊ ၁၅ ယောက်စာ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ လူစုလူဝေးလည်းဖြစ်၊ အလုံပိတ် အခန်းလည်းဖြစ်လို့ ရောဂါပိုးမွှားပြန့်အောင်လုပ်နိုင်တဲ့ အထိရောက်ဆုံးနည်းလို့ ပြောရမလိုဖြစ်ပါတယ်။ ကူးစက် မြန်ကြောက်စရာ ကိုဗစ်ရောဂါကာလ မဟုတ်ရင်တောင်မှ အခြားရောဂါတစ်ခုခုရှိသူ ရောက်လာရင်လည်း ကူးစက်မှု မြန်မှာပါ။ ပျော်ရွှင်ပွဲကိုနွှဲမယ့် အခန်းတွင်းမှ လူအားလုံးဟာ တစ်ယောက်မကျန် အလှည့်ကျ သီချင်းဆိုကြမယ်၊ မိုက်ကရိုဖုန်းကို တစ်ယောက်တစ်လှည့် လက်ပြောင်းသုံး ကြမယ်၊ အဲဒီမှာပဲ ကိုဗစ်နဲ့စတွေ့တော့တာပါပဲ။ ကာရာ အိုကေဆိုင်က ရောဂါပေါက်ကွဲမှုဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေ မြန်မြန်ဆန်ဆန်ကြီး စတင်ကြုံတွေ့ခဲ့ရပါတယ်။

 

ကျွမ်းကျင်ပညာရှင်

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံကြီးတွေမှာ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြစ်နိုင်တဲ့နေရာတွေဖြစ်တဲ့ ဘုရားကျောင်းတွေ၊ ဘားတွေ၊ နိုက်ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေကို ပိတ်ပစ်ကြရပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားမှု အစောပိုင်း ကာလက တောင်ကိုရီးယားနိုင်ငံဟာ ကိုဗစ်ရောဂါကို စံနမူနာပြ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထိန်းချုပ်နိုင်လို့ ဖြေလျှော့မှုတွေလုပ်ပေးလိုက်တဲ့အခါမှာ အဲဒီ လူစုလူဝေး နေရာတွေကနေ ရောဂါပိုး ပြန်လည်ပျံ့နှံ့လာလို့ အမြန်ဆုံး ပြန်လည်ပိတ်လိုက်ရပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါဖြစ်ပွားသေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံကြီးဖြစ်လို့ ပြည်သူလူထုရဲ့ လွတ်လပ်မှုကို ထိန်းချုပ်ရအလွန်ခက်ပါတယ်။ ဒါကြောင့် လည်း ဖြစ်ပွားမှုဟာ သိသိသာသာ မလျော့ကျနိုင်သေးဘဲ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တွေမှာ ပြည်သူတွေ နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေးရှောင်တာ၊ လက်ဆေးတာ၊ ခြောက်ပေအကွာနေတာနဲ့ နိုက်ကလပ်တွေ၊ ဘားတွေကို သွားရောက်တာ ရှောင်ကြဉ်ဖို့ သို့မဟုတ် ဘားတွေ၊ နိုက်ကလပ်တွေကို ပိတ်သိမ်းဖို့ ပါဝင်တဲ့ စည်းမျဉ်းငါးချက်ကို လိုက်နာနိုင်မှ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု တစ်ရှိန်ထိုးတက်နေတာကို ရပ်တန့်နိုင်မယ်လို့ အမေရိကန်ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်က သတိပေး ထားပါတယ်။

စကားပြောတဲ့အခါ၊ အော်ဟစ်တဲ့အခါ၊ သီချင်းဆိုတဲ့ အခါ ပါးစပ်ကထွက်လာတဲ့ အမှုန်အမွှားတွေဟာ လေထဲမှာ ပိုမိုပျံ့လွင့်နိုင်ပါတယ်။ လေဝင်လေထွက် မကောင်းတဲ့ အလုံပိတ်အခန်းတွေမှာ လူတွေစုဝေးပြီး ဆိုကြ၊ ပြောကြတဲ့အခါမှာ အစုအပြုံလိုက် ရောဂါကူးစက် မှု ဖြစ်စေတာကို ယခုတော့ လက်တွေ့ကြုံခဲ့ကြရပါပြီ။ ဒါကြောင့် ကာရာအိုကေ ပါတီတွေ၊ အရက်ဆိုင်တွေ၊ အရက်ဘားတွေ၊ အားကစားလေ့ကျင့်ရေးခန်းမ စတဲ့ အလုံပိတ်အခန်းတွေဟာ ရောဂါပြန့်ပွားစေရာ အဓိက အချက်အချာနေရာတွေ ဖြစ်တယ်ဆိုတာကို သတိထား ကြရမှာဖြစ်ပါတယ်။ လေထဲမှ ရောဂါကူးစက်မှုကို ရှောင်လိုလျှင် လူစုလူဝေးနေရာတွေ၊ အလုံပိတ်အခန်း တွေ၊ လေဝင်လေထွက် မကောင်းတဲ့နေရာတွေမှာ နီးကပ်စွာစကားပြောတာ၊ သီချင်းဆိုတာ၊ အော်ဟစ်တာ တွေကို ရှောင်ကြဉ်ကြပါလို့ အကြံပြုလိုပါတယ်။

 

ကူးစက်မှုအလွယ်ဆုံးနေရာ

ကိုရိုနာဗိုင်းရပ်စ်ပိုး အလျင်အမြန် ပြန့်ပွားနေတဲ့ အချိန်မှာ အလုံပိတ်အခန်းတွေ၊ လူစုလူဝေးအခန်းတွေ ရှိတဲ့ ဘားတွေ၊ နိုက်ကလပ်တွေ၊ ကာရာအိုကေဆိုင်တွေ ဟာ အန္တရာယ် အများဆုံး၊ ကူးစက်မှုအလွယ်ဆုံးနေရာတွေ ဖြစ်တယ်ဆိုတာကို သတိထားကြရမှာပါ။

အခုအခါမှာတော့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တရားမဝင်ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ကေတီဗွီတွေ၊ နိုက် ကလပ်တွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်အတိုင်း ရှာဖွေဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ အမှုပေါင်း ၉၀၀ နီးပါး ရှိခဲ့တာဟာ ဝိသမလောဘ စီးပွားရေးသမားတွေနဲ့ ကျွန်တော်တို့လို စည်းကမ်းမလိုက်နာတဲ့ ပြည်သူတွေရှိနေ လို့ ဖြစ်ကြရတာလို့ ဝန်ခံရမှာပါ။

 

ကိုဗစ်-၁၉ ရောဂါကြောင့် မွန်းကျပ်နေတဲ့ကာလမှာ သီချင်းဆိုတာဟာ ကောင်းတဲ့အလုပ်ဆိုပေမယ့် အလုံ ပိတ်အခန်းထဲမှာ အပေါင်းအသင်းတွေနဲ့စုဝေးပြီး မဆို ပါနဲ့။ မိမိနေအိမ်၊ မိမိခြံဝင်းအတွင်း၊ ရေချိုးခန်းအတွင်း သီချင်းဆိုတာဟာ အကောင်းဆုံး ဘေးအန္တရာယ်အကင်း ဆုံး ဖြစ်ပါတယ်။ သီချင်းဆိုတာနဲ့ပတ်သက်လို့ အီတလီ နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်း အလွန်များပြားပြီး ရောဂါကြောင့် သေဆုံးသူများလွန်းတဲ့အတွက် တစ်မြို့ လုံးကို လော့ဒ်ဒေါင်းချလိုက်တဲ့အခါမှာ အီတလီနိုင်ငံသူ နိုင်ငံသားတွေက ၎င်းတို့ရဲ့ နေအိမ်ပြတင်းပေါက်တွေကနေ သီချင်းတွေ သံပြိုင်သီဆိုခဲ့ကြတာကို အားလုံးလည်း ဖတ်ရှုကြားသိဖူးကြမှာပါ။ သီချင်းဆိုတာဟာ ကြောက်ရွံ့ မှုတွေပျောက်ပြီး စိတ်ဓာတ်တွေ တက်ကြွစေတယ်၊ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ကိုဗစ် ကာလမှာတော့ ကာရာအိုကေဆိုင် အလုံပိတ်အခန်းထဲမှာ သီချင်းသွားဆိုကြမယ်ဆိုရင်တော့ အဲဒီ တဒင်္ဂပျော်ရွှင် ချမ်းမြေ့မှုဟာ ဓားသွားပေါ်က ပျားရည်စက်ကို လျက်လိုက်ရသလို ဖြစ်သွားမှာကို သတိပြုမိစေဖို့ ရေးသားတင်ပြလိုက်ရပါကြောင်း ။ ။