
နေပြည်တော် ဇန်နဝါရီ ၅
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်အတွင်း ဦးစားပေးမြှင့်တင်မည့်ကဏ္ဍများတွင် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီး ပေးနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို အလေးထား၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူ၏ လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်များ၊ ကော်မတီ အဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားပြီး အစည်းအဝေးမှ နေပြည်တော်ဒေသအတွင်း အလုပ်အကိုင်အခွင့် အလမ်းများစွာ ဖန်တီးပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့်အညီ အတည်ပြုမိန့်ထုတ်ပေးရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်