
ဝါရှင်တန် ဇန်နဝါရီ ၂
အမေရိကန်ပြည်တောင်စုတွင် ဇန်နဝါရီ ၁ ရက်က လေကြောင်းခရီးသွားလာမှုများတွင် အနှောင့်အယှက် များနှင့်ဆက်လက်ကြုံတွေ့နေရဆဲဖြစ်သည်။ ကိုဗစ် -၁၉ကူးစက်မှုများကြောင့် လေကြောင်းခရီးသွားလာမှုတွင် အဟန့်အတားများကြုံတွေ့နေရသည့်ကြားမှ တိုင်းပြည်၏ အချို့သောနေရာများတွင် ရာသီဥတုဆိုးရွားသဖြင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်။
အမေရိကန်တွင် လေယာဉ်ခရီးစဉ်ပေါင်း ၂၆၀၄ ခု ဖျက်သိမ်းခဲ့ရပြီး တစ်ကမ္ဘာလုံးအနှံ့ လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှု၏ ထက်ဝက်နီးပါးရှိသည်ဟု လေကြောင်းခရီးစဉ် ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ထို့ပြင် ပြည်တွင်းခရီးစဉ်ပေါင်း ၃၄၄၇ ခုမှာလည်း ဇန်နဝါရီ ၁ ရက်တွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်ခဲ့ရ သည်။ အမေရိကန်တွင်လည်း ချီကာဂိုရှိ လေဆိပ်တွင် ရာသီဥတုဆိုးရွားမှုကြောင့် အခက်ကြုံခဲ့ရသည်။
ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းမှစ၍ ညအချိန်အထိ နှင်းမုန်တိုင်းရှိမည်ဟု ခန့်မှန်းထားသောကြောင့် ဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ လေကြောင်းခရီးသွားလာမှုလုပ်ငန်းမှာ ကိုဗစ် -၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်မှုကြောင့် ရုန်းကန်နေရဆဲဖြစ်သည်။ ကိုဗစ် -၁၉ ကူးစက်ခံရခြင်း သို့မဟုတ် ရောဂါကူးစက်ခံရသူများ နှင့် ထိတွေ့မိသည့်တွက် အသွားအလာကန့်သတ်ခံထားရခြင်းတို့ကြောင့် လေယာဉ်မှူးများ၊ လေယာဉ်အမှု ထမ်းများနှင့် အခြားသော ဝန်ထမ်းများမှာ လုပ်ငန်းခွင်သို့မဝင်နိုင်သေးပေ။
အေအက်ဖ်ပီ