တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကရင်အမျိုးသားနေ့ နှစ်သစ်ကူးပွဲတော်တက်ရောက်

 

မြိတ်   ဇန်နဝါရီ   ၂


၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ကျရောက်သည့် ကရင်အမျိုးသားနေ့ နှစ်သစ်ကူးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့    ကလွင် ရေပုန်းရပ်ရှိ မြိတ်ကက်သလစ် ခရစ်ယာန်ပရဟိတဂေဟာ၌   ဇန်နဝါရီ  ၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။

 


ကရင်သက္ကရာဇ်(၂၇၆၁)ခုနှစ်   ရှိခဲ့ပြီဖြစ်သည့် ကရင်အမျိုးသားနေ့ နှစ်သစ်ကူးပွဲတော်ကို    မြိတ်ကက်သလစ်   ခရစ်ယာန်ပရဟိတဂေဟာမှ ကျောင်းသား ကျောင်းသူများက နှစ်သစ်ကူးအဖွင့်သီချင်းနှင့်  ပဝ-သာယာကုန်းဒုံးယိမ်းအဖွဲ့က ကရင်ဒုံးယိမ်းအကတို့ဖြင့် သီဆိုကပြ၍ ဖွင့်လှစ်ခဲ့ကြပြီး သဘာပတိ  မော်လမြိုင်  ကက်သလစ်သာသနာပိုင် ဂိုဏ်းအုပ်ဆရာတော် ဘစ်ရှော့ရေမွန် စောဖိုးရေက နှစ်သစ်ကူး အမှာ စကား ပြောကြားသည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးမြတ်ကို က    ကရင် အမျိုးသားနှစ်သစ်ကူးနေ့သည်  ကရင်အမျိုးသားအားလုံး၏   စည်းလုံး ညီညွတ်ရေးကို တည်ဆောက်ပေးခဲ့သော သမိုင်းဝင်နေ့လည်းဖြစ်ပြီး ထိုနေ့ကို ကရင်တစ်မျိုးသားလုံး၏ မိဘဘိုးဘေးတို့ထံမှ  လက်ဆင့် ကမ်းပေးခဲ့သည့်  တစ်ခုတည်းသော အမွေအနှစ် နေ့ကြီးရက်မြတ်အဖြစ်    ဂုဏ်ယူပါကြောင်း ပြောကြားသည်။

 


 ဆက်လက်၍     တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးပေးပို့သော   သဝဏ်လွှာကို     တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောမာတင်လူသာက  ဖတ်ကြား၍ ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီ  (ဗဟို)ရန်ကုန်က ပေးပို့ သည့်သဝဏ်လွှာကို   နော်စိုးအိအိဇော်က ဖတ်ကြားသည်။  ကရင် နှစ်သစ်ကူးပွဲတော်တွင် ကရင်နှစ်သစ်ကူးပွဲတော်သမိုင်း မှတ်တမ်းအား ဖတ်ကြားခြင်းနှင့် ကရင်ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေခြင်းဖြင့်  ၂၀၂၂ ခုနှစ် ကရင်အမျိုးသားနေ့နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပခဲ့သည်။                                                  

ခိုင်ထူး (မြိတ် ပြန်/ဆက်)