ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ထည်ဝါခံ့ညား ပြည့်အင်အား ပဲခူးမြစ်ကူးတံတားများ

Type
၁

ဆောင်းပါး

=====

 

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ

ထည်ဝါခံ့ညား ပြည့်အင်အား ပဲခူးမြစ်ကူးတံတားများ

================================================================

 

ကိုတင့်(မြို့ပြအင်ဂျင်နီယာ)

 

ပဲခူးမြစ်သည် ပဲခူးရိုးမပေါ်ရှိ ဆင်နှာမောင်းတောင်တွင် မြစ်ဖျားခံ၍ တောင်ဘက်ရှိ ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းသည်။ မြောက်ဘက်ပဲခူးရိုးမတွင် မြစ်ဖျားခံသော ကိုလူတွဲချောင်း၊ လက်ပံချောင်း၊ အောင်မြချောင်း၊ ရွှေလောင်းချောင်းနှင့် စလူချောင်းတို့သည် ပဲခူးမြစ် အတွင်းသို့ စီးဆင်းပေါင်းဆုံကြသည်။ အခြားချောင်းများ မှာ မဇင်းချောင်း၊ ဇလတ်ထော်ချောင်းနှင့် ဝမ်းဘောဒတ် ချောင်းတို့သည်လည်း ပဲခူးမြစ်အတွင်းသို့ စီးဆင်းကြ သည်။ ပဲခူးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၃၁ ပေတွင် တည်ရှိကြောင်း သိရှိရသည်။ ပဲခူးမြစ် ဖြတ်သန်းစီးဆင်းသော မြို့နယ်များမှာ ပဲခူးတိုင်း ဒေသကြီးအတွင်းတွင် ပဲခူးမြို့နယ်၊ ကဝမြို့နယ်၊ ဒါးပိန် မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လှည်းကူး မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ ဖြစ်ကြသည်။

 

ရန်ကုန်-နေပြည်တော် အမြန်လမ်း ဖြတ်သန်းသွား သော မိုင်တိုင် ၃၉/၀ တွင် ပဲခူးမြစ်ကူးတံတား (အမြန် လမ်း) အသွား/အပြန် တံတားများကို ၂၀၀၉ ခုနှစ်က တည်ဆောက်ဖွင့်လှစ်ပြီး ဖြစ်သည်။ ရန်ကုန်-ပဲခူး-တောင်ငူ-မန္တလေးကားလမ်းမှာ ပဲခူးမြို့တွင်းမှဖြတ်သန်း သွားခြင်းကြောင့် မြို့လယ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ အမြဲကြုံတွေ့ရသည်။ သို့ဖြစ်၍ ပဲခူးမြို့ရှောင်လမ်းကို ၂၀၁၅ ခုနှစ်က ဖောက်လုပ်ခဲ့ပြီး ပဲခူးမြစ်ကူးတံတား (မြို့ရှောင်လမ်း) ကို ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ပဲခူးမြို့တွင်း၌လည်း ပဲခူးတံတား (ပဲခူးမြို့) ခြောက်လမ်းသွား တံတားကြီးကို ၂၀၁၀ ပြည့်နှစ်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ သည်။ ပဲခူးမြို့တွင်း ခြောက်လမ်းသွားတံတားကြီးကို တည်ဆောက်ခဲ့ခြင်းကြောင့် အမြဲတမ်းကြုံတွေ့နေရသော ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ ပဲခူးမြို့တွင်း၌လည်း တည်ဆောက်ပြီး ခြောက်လမ်းသွား ပဲခူးတံတားကြီးကြောင့် ပဲခူးမြို့တွင်း ယာဉ်သွားလာမှုများ အဆင်ပြေချောမွေ့နေပြီ ဖြစ်သည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ဆဲ ပဲခူးမြစ်ကူးတံတား နှစ်စင်း တည်ဆောက်ဆဲ ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း)

ပဲခူးမြို့ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် မြို့တွင်း သွားလာရာတွင် ယာဉ်ကြောရှုပ်ထွေးမှုလျော့နည်း စေရန်အတွက် ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) တည် ဆောက်ခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တံတားအထူးအဖွဲ့ (၉)မှ တာဝန်ယူ ဆောင် ရွက်လျက်ရှိရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်း ၈၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။ ပဲခူးမြစ်ကူး တံတား(မြို့ဦးကင်း) တံတားအမျိုးအစားသည် သံကူ ကွန်ကရစ်တံတားဖြစ်ပြီး အရှည် ၅၁၈ ပေ၊ ယာဉ်သွား လမ်းအကျယ် ၂၈ ပေ နှစ်လမ်းသွားနှင့် လူသွားလမ်း အကျယ်တစ်ဖက်ခြောက်ပေစီရှိသည်။ ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) သည် ပဲခူးမြို့ စိန်သာလျောင်းဘုရားလမ်းနှင့် ဥဿာမြို့သစ် သမိန်ဗရမ်းလမ်းသို့ ဆက်သွယ်သွားလာ နိုင်သည့်လမ်း ဖြစ်သည့်အပြင် ပဲခူးမြို့ရှောင်လမ်းနှင့်ပါ ချိတ်ဆက်သွားလာနိုင်ပြီး သနပ်ပင်၊ ခရမ်း၊ သုံးခွနှင့် ရန်ကုန်တိုင်းဒေသကြီးအထိ လမ်းပေါက်သွားမည်ဖြစ် သည်။ ပဲခူးမြို့ရှောင်လမ်းကို ဆက်သွယ်သည့်လမ်း ဖြစ်သည့်အတွက် ပဲခူးမြို့တွင်း ယာဉ်ကြောကျပ်တည်း မှုများ၊ ကုန်စည်စီးဆင်းမှုများ၊ ကျောင်းသား ကျောင်းသူ များသွားလာနိုင်ရေး ပိုမိုအဆင်ပြေလာတော့မည်ဖြစ်သည်။

တည်ဆောက်ဆဲ ပဲခူးမြစ်ကူးတံတား (ကဝ)

ပဲခူးမြစ်ကူးတံတား (ကဝ) ကို ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကဝမြို့ရှောင်လမ်းပေါ်တွင် ပဲခူးမြစ်အား ဖြတ်သန်း၍ တည်ဆောက်နေသည်။ ယင်းတံတားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ (၉) က တာဝန် ယူတည်ဆောက်နေခြင်းဖြစ်သည်။ တံတားမှာ နှစ်လမ်း သွား သံကူကွန်ကရစ်တံတားဖြစ်သည်။ ပေ ၁၀၀ အရှည် ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ (P.C Girder) များခြောက်ခန်းရှိပြီး တံတားအရှည်ပေ ၆၀၀ ရှိသည်။ တံတားတစ်စင်းလုံးပြီးစီးမှု ၉၅ ရာခိုင်နှုန်းရှိပြီး မကြာမီ တံတားဖွင့်လှစ်တော့မည်ဖြစ်သည်။ လက်ရှိအသုံးပြု နေသည့် ပဲခူးမြစ်ကူးတံတား (ကဝ) မှာ တစ်လမ်းသွား ဘေလီတံတားဖြစ်ပြီး ကဝမြို့တွင်းကို ဖြတ်သန်းသွားလာရ သည့်အတွက် ယာဉ်ကြောကျပ်တည်းမှုများဖြစ်ပေါ်ကာ ယာဉ်အန္တရာယ်များပြားလာသောကြောင့် ကဝမြို့ ရှောင်လမ်းကို တည်ဆောက်ရခြင်းဖြစ်သည်။

 

ကဝမြို့ကြီး မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုနှင့် ကိုက်ညီမှု ရှိစေရန် ပဲခူးမြစ်ကူးတံတား (ကဝ) သံကူကွန်ကရစ် တံတားသစ်ကြီးကို မြို့ရှောင်လမ်း ပေါ်တည်ဆောက်ရခြင်း ဖြစ်ကြောင်းနှင့် တံတားသစ်တည်ဆောက်ပြီးစီးပါက ယခင် ဘေလီတံတားဟောင်းအား ဖျက်သိမ်းမည်မဟုတ်ဘဲ ယာဉ်ငယ်များ ဆက်လက်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း လည်း သိရှိရသည်။ တံတားသစ်ကြီးတည်ဆောက် ပြီးစီးပါက ရန်ကုန်-ပဲခူးခြောက်လမ်းသွားလမ်းမကြီးနှင့် ရန်ကုန်-ခရမ်း-သုံးခွ-သနပ်ပင်-ပဲခူးလမ်းမကြီးကို ဆက်သွယ်ပေးနိုင်မည့် အင်းတကော်-ထုံးကြီး-ကဝ-အုန်းနှဲလမ်းကို ကဝတံတားကြီးမှ ဆက်သွယ်ပေးနိုင်တော့ မည်ဖြစ်သည်။ ကဝမြို့နယ်ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သော ထုံးကြီး၊ ကဝ၊ အုန်းနှဲ၊ သက္ကလ တို့မှ ကုန်စည်များ ရန်ကုန်မြို့နှင့် ပဲခူးမြို့သို့ တိုက်ရိုက် တင်ပို့ဖြန့်ဖြူးနိုင်တော့မည်ဖြစ်သည်။

 

ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု)သည် ရန်ကုန် တိုင်းဒေသကြီး ဆားတလင်း-ဒါးပိန်-ကျွဲကူးဆိပ်လမ်းနှင့် ပဲခူးတိုင်းဒေသကြီး သပြု-ရှမ်းကံ-ကဝလမ်းအား ဆက် သွယ်ပေးမည့် တံတားဖြစ်သည်။၂၀၁၉ ခုနှစ် ဧပြီလ ၆ ရက် နေ့က တံတားစတင်တည်ဆောက်ခဲ့သည်။ ပဲခူးမြစ်ကူး တံတား (ဒါးပိန်-သပြု) သည် အရှည် ၁၀၅၁ ပေ၊ ယာဉ်သွား လမ်း ၂၈ ပေ၊ လူသွားလမ်းတစ်ဖက်လျှင် သုံးပေ သုံးလက်မစီ ပါဝင်သည့် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအမျိုး အစား ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ရန်ပုံငွေများဖြင့် တံတားကို တည်ဆောက်ခြင်း ဖြစ်သည်။ အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၀)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ တံတားပြီးစီးမှုမှာ ၈၄ ရာခိုင်နှုန်းရှိကြောင်းသိရှိရပြီး မကြာမီဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

 

ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) တံတားကြီး တည်ဆောက်ပြီးစီးသွားပါက ပဲခူးတိုင်းဒေသကြီးဘက်မှ သပြု-ရှမ်းကံ-ကဝလမ်းနှင့် ရန်ကုန်တိုင်းဒေသကြီးဘက် မှ လှည်းကူး-ဆားတလင်း-ဒါးပိန်-ကျွဲကူးလမ်းတို့ ဆက်စပ်သွားလာနိုင်တော့မည်ဖြစ်သည်။ ကဝမြို့နယ်နှင့် အုန်းနှဲ၊ သက္ကလ၊ သနပ်ပင်ဒေသများမှ ကုန်စည်များကို အဆိုပါတံတားမှ ဖြတ်သန်းပြီး လှည်းကူးမြို့နယ် ရန်ကုန် မြို့တော်အဝင် အမှတ် (၂) လမ်းမကြီးမှ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်သည်။ ပဲခူးမြစ်ကမ်းတစ်လျှောက်ရှိ နေထိုင်သော ဒေသခံပြည်သူများသည် လယ်ယာထွက်ကုန်ပစ္စည်းများ အား ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု)ကို အသုံးပြု၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များသို့ ပေးပို့နိုင်တော့မည်ဖြစ်သောကြောင့် ကုန်စည်ပို့ဆောင်ရေးအတွက် အရေးပါလှသော တံတား ကြီးတစ်စင်း ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ပြီးစီးသော ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ် (၁)နှင့် အမှတ်(၂)

ရန်ကုန်-သန်လျင်တံတား (အမှတ် ၁)

ရန်ကုန်-သန်လျင်တံတားကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ၏ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ အင်ဂျင် နီယာများနှင့် အတတ်ပညာရှင်များ ပူးပေါင်း၍ ၁၉၈၈ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ငါးနှစ်တာကာလအချိန် ကြာခဲ့ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင် တည်ဆောက်ပြီးစီးဖွင့်လှစ်နိုင်ခဲ့သည်။ ရန်ကုန်-သန်လျင် တံတားမှာ ပဲခူးမြစ်ပေါ်တွင်တည်ဆောက်ခဲ့ပြီး တံတား အလယ်တွင် မီးရထားလမ်းနှင့် ဘေးနှစ်ဖက် ကားလမ်း အသွား/အပြန် ပါရှိသည်။ တံတားအလျား ၅၉၇၇ ပေရှိပြီး တံတားအကျယ်မှာ ၆၇ဒသမ၂၄ ပေရှိသည်။ ၁၉၉၃ ခုနှစ်မှ ယနေ့အချိန်အထိ မီးရထားလမ်းနှင့် ကားလမ်း အသုံးပြု နေရဆဲ တံတားကြီးတစ်စင်းဖြစ်သည်။ ရန်ကုန်-သန်လျင်-ကျောက်တန်းဒေသ၊ ခရမ်း-သုံးခွဒေသများနှင့် သီလဝါအထူးစီးပွားရေးဇုန်များ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အတွက် အရေးပါ အရာရောက်နေသော တံတားကြီးတစ်စင်းဖြစ်သည်။

 

ရန်ကုန်-သန်လျင်တံတားအမှတ် (၂)(ဒဂုံတံတား)

ဒဂုံတံတားသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းနေသော ပဲခူးမြစ်ကိုဖြတ်ကျော်၍ ဆောက်လုပ်ထားသည့် ခြောက်လမ်းသွား သံကူကွန်ကရစ် တံတားကြီးတစ်စင်းဖြစ်သည်။ ရန်ကုန်နှင့် သန်လျင်ကို စည်းခြားထားသော ပဲခူးမြစ်အား ဖြတ်ကျော်၍ ရန်ကုန်-သန်လျင် အမှတ်( ၂) တံတားသည် ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းတွင် တည်ရှိသောကြောင့် ဒဂုံတံတားဟု အမည် ပေးခဲ့ခြင်းဖြစ်ကြောင်း မှတ်သားရသည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည်။ သန်လျင် မြို့ရှိ သီလဝါအထူးစီးပွားရေးဇုန်၊ သီလဝါဆိပ်ကမ်းသည် နိုင်ငံခြားတိုင်းပြည်များမှ ပို့ကုန်/သွင်းကုန်များကို အဓိက လက်ခံဆောင်ရွက်ပေးနေသော နိုင်ငံခြားသင်္ဘောကြီး များ ဆိုက်ကပ်ရာ မြန်မာ့ဆိပ်ကမ်းကြီးတစ်ခု ဖြစ်သည်။ ရန်ကုန်မြို့တွင်း/မြို့ပြင်သို့ သီလဝါဆိပ်ကမ်းမှ ကွန်တိန်နာ ကုန်ကားကြီးများ ဖြတ်သန်းသွားလာရာတွင် ဒဂုံတံတား ကြီးပေါ်မှ ပေါင်းကူးသွားလာနိုင်ခွင့်ကို အထူးပေးစွမ်း လျက်ရှိသည်။

ပဲခူးမြစ်သည် ဒီရေအတက်အကျရှိနေ၍ ရေစီးအလွန် သန်သည်။ တံတားအုတ်မြစ်လုပ်ငန်းဆောင်ရွက်ခဲ့စဉ်က Foundation Depth နက်ခြင်း၊ ရေစီးကြမ်းခြင်း၊ ဝဲကတော့ များထိုးခြင်းတို့ကြောင့် Under Water Foundation၊ Bored Pile Foundation လုပ်ငန်းများကို Staging များ တည် ဆောက်၍ RCD Method ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ Shaft Top ပေါ်တွင် Cantilever Beam များကို တည်ဆောက်ခဲ့ကြ သည်။ ဒဂုံတံတားကြီး၏ Cantilever Beam များကို တည်ဆောက်ခဲ့စဉ် ငြမ်းအဖြစ် Baily Frame များကို Over Handing Method ကိုအသုံးပြု၍ ရေပြင် အထက်လေထဲတွင် တစ်ဆင့်ချင်းခက်ခဲစွာ ငြမ်းထိုး ဆောင်ရွက်ခဲ့ကြရကြောင်း မှတ်သားရသည်။

ပင်မတံတား ရေလယ်တိုင်ကြီးများပေါ်တွင် ပေ ၁၆၀ အကျယ်ခန်းများအတွက် တစ်ခန်းလျှင် ပေ ၁၁၀ အရှည်ရှိ PC Girder များ ၁၅ လုံးအား Canti-lever Beam ပေါ်တွင် တင်၍ တည်ဆောက်ထားကြောင်း သိရသည်။ တံတားကြီး အရှည်မှာ ပေ ၄၅၄၀ ၊ တံတားအကျယ် ၈၄ ပေ၊ ကားလမ်း အကျယ် ၇၂ ပေနှင့် လူသွားလမ်းအကျယ် ခြောက်ပေနှစ်ဖက် ပါရှိသည်။ ခွင့်ပြုဝန်အလေးချိန် ၇၅ တန်ရှိသော ခြောက် လမ်းသွား သံကူကွန်ကရစ်တံတားကြီးကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရှိ ရသည်။

 

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ခြင်း

သန်လျင်ဘက်ကမ်းတွင် သီလဝါအထူးစီးပွားရေးဇုန် (SEZ) နှင့် Myanmar International Terminals Thilawa (MITT) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။ ရန်ကုန်မြို့၏ အဓိက စီးပွားရေးနယ်မြေတွင် ပါဝင်သည့် မြို့နယ်များနှင့် သန်လျင်-သီလဝါ အထူးစီးပွား ရေးဇုန်တို့ ကူးသန်းသွားလာမှုကြောင့် လည်းကောင်း၊ သန်လျင်ဒေသပတ်ဝန်းကျင်မှ ဒေသခံပြည်သူများ ခရီးသွား မှုကြောင့်လည်းကောင်း လက်ရှိ ရန်ကုန်-သန်လျင် တံတား အမှတ် (၁)သည် ဖြတ်သန်းနေသည့်ယာဉ်စီးရေ များပြား လာပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။ လက်ရှိတံတား၏ အသွား/အပြန် လမ်းယာဉ်ကြောနှင့် မလုံလောက်ပါသဖြင့် ပဲခူးမြစ်ကူးတံတား (သန်လျင် အမှတ်- ၃) ကို လေးလမ်းသွားတံတားကြီးအဖြစ် မဖြစ်မနေ တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

Central Business District (CBD) နှင့် သီလဝါလမ်း ကြောင်းမှာ သန်လျင်တံတားအမှတ် (၂) (ဒဂုံတံတား)မှဖြတ်သန်းသွားလာပါက လမ်းကြောင်းမှာ ၃၈ ဒသမ ၁ ကီလိုမီတာ ရှည်လျားပြီး ယာဉ်သွားလာမှုကြာချိန် မိနစ် ၇၀ ခန့် ကြာမည်ဖြစ်ပြီး ယခုတံတားအသစ်ကို ဖြတ်သန်းပါက ခရီးအကွာအဝေး ၁၉ ဒသမ ၅ ကီလိုမီတာရှိ ကာ ယာဉ်သွားလာမှုကြာချိန် ၄၅ မိနစ်သာကြာမည်ဖြစ်ပြီး အချိန် ၂၅ မိနစ်ခန့် သက်သာမည်ဖြစ်သည်။ လေးလမ်းသွား ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ်-၃) တည်ဆောက် ပြီးစီးပါက ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ်သာဖြစ်နိုင်ပြီး တံတားကို အချိန်တိုအတွင်း ဖြတ်သန်းသွားလာအသုံးပြု နိုင်မည်ဖြစ်သည်။

 

သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာအေဂျင်စီ (JICA) က ချေးငွေအမေရိကန်ဒေါ်လာ ၂၈၂ ဒသမ ၅၄ သန်းနှင့် ညီမျှသည့် ဂျပန်ယန်း ၃၁ ဒသမ ၀၅၁ ဘီလီယံ ချေးငွေရယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။ တံတားစီမံကိန်းတစ်ခုလုံးတန်ဖိုးမှာ မြန်မာနိုင်ငံ ဘက်မှထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၆၆၆ သန်းအပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၃ ဒသမ ၂၀၆ သန်းဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း တံတားကြီးပြီးစီးမည် ဟု သိရှိရသည်။

သန်လျင်တံတား အမှတ် (၃)ကို ပဲခူးမြစ်ပေါ်၌ တည်ဆောက်ရာတွင် သန်လျင်တံတားအမှတ် (၁) ၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်ထား သည်။ သာကေတနှင့်သန်လျင်မြို့တို့ ဆက်သွယ်မည့် ယင်းတံတား အရှည် စုစုပေါင်းမှာ မီတာ ၃၅၀၀ ရှည်သည်။ ဂျပန်နိုင်ငံချေးငွေဖြင့် ဆောင်ရွက်ခြင်းကြောင့် ဆောက်လုပ် ရေးဝန်ကြီးဌာန တံတားဦးစီးဌာနက ကြီးကြပ်ကာ ဂျပန်နိုင်ငံမှ တည်ဆောက်ရေး ကန်ထရိုက်တာကုမ္ပဏီများ က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

 

သံလျင်တံတားအမှတ် (၃) စီမံကိန်းတည်ဆောက် ရေးအတွက် လုပ်ငန်းလုပ်ကွက် Package 3 ခု ခွဲခြားထား ပြီး ဂျပန်နိုင်ငံကုမ္ပဏီများဖြစ်သော Tokyu ကုမ္ပဏီက Package 3 ဖြစ်သည့် Flyover Bridge ကိုလည်းကောင်း၊ Sumitomo Mitsui ကုမ္ပဏီက Package 1+2 (Main Bridge) ကိုလည်းကောင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။

တံတား၏ကိုယ်ထည်ကို ရေလယ်တွင် ၄၄၈ မီတာ အရှည်ရှိသော Cable Stayed Birdge အပါအဝင် PC Box Girder, Steel Box Girder များနှင့် တည် ဆောက်သွားမည်ဖြစ်သည်။ တံတားအုတ်မြစ်လုပ်ငန်းကို Steel Pipe Sheet Pile နှင့် တည်ဆောက်မည်ဖြစ်ပြီး ယာဉ်တစ်စီး၏ ခံနိုင်ဝန်အားကို ၇၅ တန် သတ်မှတ် ထားကြောင်း သိရှိရသည်။

သန်လျင်တံတားအမှတ် (၃) တည်ဆောက်ခြင်းကြောင့်

ရရှိလာမည့်အကျိုးကျေးဇူးများသီလဝါအထူးစီပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း/ပြည်ပ စီးပွားရေး လုပ်ငန်းများတိုးပွားလာ မှုကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာစေမည်ဖြစ်သည်။ သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာမှုကြောင့် ရန်ကုန်မြို့တော်နှင့် သီလဝါအထူး စီးပွားရေးဇုန်အကြား မော်တော်ယာဉ်များ ပိုမိုများပြား လာမှုကြောင့် ဖြစ်ပေါ်လာသည့်ယာဉ်ကြောပိတ်ဆို့မှု များကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

အာဆီယံနိုင်ငံများအတွင်း မိမိနိုင်ငံ၏ မြို့ကြီးများ၌ နိုင်ငံတကာအဆင့်မီတံတားများ ပေါ်ထွန်းလာခြင်းဖြင့် မြို့ကြီးများ၏ စနစ်တကျဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အပံ့ဖြစ်စေသည်။ အဆင့်မြင့် နည်းပညာများ ဖြင့်ဆောက်လုပ်မည့် တံတားများဖြစ်သည့်အတွက် မြန်မာအင်ဂျင်နီယာများအနေဖြင့် တံတားပုံစံထုတ်လုပ် ခြင်း၊ တည်ဆောက်ခြင်း စသည့်ခေတ်မီနည်းပညာနှင့် အတွေ့အကြုံများရရှိနိုင်ပြီး ကျွမ်းကျင်လုပ်သားများ လည်း ပေါ်ထွက်လာမည်ဖြစ်သည်။ ထို့အပြင် ပြည်တွင်း ရှိ ကျွမ်းကျင်လုပ်သားများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သည်။

 

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သည်နှင့်အညီ နိုင်ငံတကာကုန်စည်စီးဆင်းမှုများကို လည်း လွယ်ကူချောမွေ့စေခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ အလျင်အမြန် ဝင်ရောက်လာစေသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။

ထည်ဝါခံ့ညား ပြည့်အင်အား ပဲခူးမြစ်ကူးတံတားများ

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့နှင့် ညှိနှိုင်းဆွေးနွေးစီမံချက်များရေးဆွဲကာ ပဲခူးမြစ်ဖြတ်သန်းရာ မြို့ရွာဒေသများရှိ လမ်းပန်း ဆက်သွယ်ရေးအရ အဓိကလိုအပ်ချက်ရှိသည့်နေရာများ တွင် ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းများချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ လိုအပ် ချက်ရှိသည့် နေရာဒေသများတွင် ပဲခူးမြစ်ကူးတံတားများ တည်ဆောက်ပေးခြင်းဖြင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွား ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေနိုင်မည်ဖြစ်ပါကြောင်း ပဲခူးမြစ်ကူး တံတားများအကြောင်း ဒေသခံပြည်သူများအတွက် ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါသည်။ ။