
ကျိုင်းတုံ ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်စေရန် ကတ်ထိုက်ကျေးရွာအုပ်စုအတွင်းရှိ သီးပွင့် ဆဲဘိန်းခင်း ၁၁ ဧကကို ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၃၀ ရက်က ဖျက်ဆီးခဲ့သည်။
ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဌေးမောင် ဦးစီးတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်ရင်းမှ တပ်မတော်သားများ၊ အမှတ်(၂၈) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် ကျော်မိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကတ် ထိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်း ဆိုက်နွန်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ကတ်ထိုက်ကျေးရွာအုပ်စု နောင်ဆုံ (၃)ကျေးရွာ၏ အနောက်ဘက် လေးမိုင်ခွဲခန့် အကွာမှ အမြင့် တစ်ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ငါးဧက၊ နောင်ဆုံ(၃)ကျေးရွာ၏ အနောက်ဘက် ငါးမိုင်ခန့်အကွာမှ အမြင့် ၁ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ခြောက်ဧက ခန့်တို့ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
ကျိုင်းတုံမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှုပပျောက်စေရန်အတွက် ဘိန်းအစားထိုးသီးနှံ များစိုက်ပျိုးရန်လည်း သက်ဆိုင်ရာဌာနများက စီမံချက်များရေးဆွဲကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းရွှေအောင်(ပြန်/ဆက်)