NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသို့ အသိပေးထုတ်ပြန်ချက်

နေပြည်တော်   ဒီဇင်ဘာ    ၃၀


တပ်မတော်က နိုင်ငံရေးအရအရေးပေါ်အခြေအနေကြောင့် နိုင်ငံတော်တာဝန် အား ထိန်းသိမ်းဆောင်ရွက် ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် NLD အစွန်းရောက်တို့၏ သွေးထိုးလှုံ့ဆော်မှု၊ ၎င်းတို့ဖန်တီး ခဲ့သည့် CRPH၊ NUG နှင့်  PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက မြို့ကြီးအချို့တွင် ဆူပူအကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံ၊ ကျောင်းများမှစ၍ ဘာသာရေးနှင့် သက်ဆိုင်သောနေရာ၊ အဆောက်အဦများ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူ များဖြင့်  ပူးပေါင်း၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ သည်။


အကြမ်းဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့


ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ  လ  ၁  ရက်မှ  ယနေ့အထိ  မြို့ကြီးအချို့တွင်  အကြမ်း ဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုအနေဖြင့် အကြမ်းဖက်သူ ၁၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံး နှင့်                 အခြားဖောက်ခွဲဖျက်ဆီးရေး      ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင် များက အကြမ်းဖက်မှုများမရှိစေရေးအတွက် ရှာဖွေ ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ  အကြမ်းဖက်သူ ၉၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃၄၁၇ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁၅၀၀ တောင့်၊ လက်ပစ်ဗုံး ၆၄၇ လုံး၊ လက်လုပ်မိုင်း ၆၈၉၅ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်း များကို အချိန်မီဖော်ထုတ် တားဆီးထိန်းသိမ်းနိုင်ခဲ့ သည်။


ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့်      ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ        မြို့ကြီးများတွင် အကြမ်းဖက်မှုများကို  အဓိကဦးဆောင်ကြိုးကိုင် ဆောင်ရွက်နေသည့်  အကြမ်းဖက်အဖွဲ့ကြီးများကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး   ဖြစ်စဉ်  ၁၅ ကြိမ်တွင် ဖမ်းဆီးရမိသူ  ၂၇၂ ဦး၊  လက်နက်ခဲယမ်းအနေဖြင့် ပစ္စတို ၄၄ လက်၊ ပွိုင့်-၂၂ သေနတ်  ၈ လက်၊ MK-12 ၅၁ လက်၊ M-16 ၃၀ လက်၊ M-22 ၁၅ လက်၊ AK-47 ၅၅ လက်၊ M4-A1 ၁၀ လက်၊ 56-1 ၅ လက်၊ M-79 ၄ လက် အပါအဝင်  လက်နက်မျိုးစုံ ၂၂၈ လက်၊ ခဲယမ်းမျိုးစုံ  ၂၇၂၂၈  တောင့်၊     ရှေ့ထွက်မိုင်းနှင့် လက်ပစ်ဗုံးမျိုးစုံ ၂၈၆ လုံးတို့အား သိမ်းဆည်းရမိခဲ့ သည်။ ဖမ်းဆီးရမိသူများကို ဖော်ထုတ်ချက်များအရ KNU အဖွဲ့၏ အချို့တပ်မဟာများတွင် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ပြီး အမည်စာရင်း တိကျစွာ ဖော်ထုတ်ရရှိသူ ၁၇၃ ဦးရှိကြောင်းနှင့် အမည် စာရင်းတိကျစွာ ဖော်ထုတ်မရရှိသူ မြောက်မြားစွာရှိ ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိ လက်နက်၊ ခဲယမ်း အများစုသည်လည်း    KNU  နယ်မြေအသီးသီးမှ တစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာသော လက်နက်/ ခဲယမ်းများဖြစ်သည်။    အရှေ့တောင်အာရှဒေသ အတွင်း  စစ်အေးခေတ်နှင့်   စစ်အေးလွန်ခေတ်၌ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ၌ အားပေး အားမြှောက်ပြုလုပ်ခဲ့သည့် နိုင်ငံကြီးအချို့၏ ပဋိပက္ခ လက်ကျန် လက်နက်များဖြစ်ကြောင်း တွေ့ရှိရသည်။ 


တပ်မတော်အနေဖြင့်  ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍  ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် NCA သဘော တူညီချက်များကို တိကျစွာလေးစားလိုက်နာလျက်ရှိ သည့်အပြင်    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် အထိ သက်တမ်းတိုးမြှင့်ထားပြီးဖြစ်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ငြိမ်းချမ်းရေး နှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများ နှင့်  အခမ်းအနားများ၌  “နိုင်ငံတော်နှင့် ပြည်သူတို့ လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး      သဘောတူစာချုပ် (NCA)ပါအတိုင်း   တိကျစွာ   လိုက်နာသွားမည်” ဖြစ်ကြောင်း  သဘောထားထုတ်ပြန်ပြီးဖြစ်သည်။ ထို့ပြင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်  ၅ ရပ်နှင့် ဦးတည်ချက်  ၉ ရပ်တို့တွင် လည်း  ငြိမ်းချမ်းရေးကို    ဦးစားပေးလုပ်ငန်းအဖြစ် ချမှတ်၍  အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင် နိုင်ရေးအတွက်     အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ များ ဖွဲ့စည်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လျင်မြန်လွယ်ကူထိရောက်စွာ  ဆွေးနွေးဆောင်ရွက်နိုင်သည့် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။ 


သို့ဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူ စာချုပ်ပါ  ကတိကဝတ်များကို  အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် မိမိ လက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါစည်းကမ်းများ လိုက်နာ စေရေး ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်းနှင့် စာချုပ်ပါစည်းကမ်းများကို ကျူးလွန် ချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်  သည့် လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။


သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ