ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများဖြစ်ပွားပြီး အရွယ်မတိုင်မီ သေဆုံးနေရသည့်အတွက် ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရန်လို

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅


“ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းများနှင့်အညီ ကျင်းပသည်။

 


အခမ်းအနားတွင်   ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင် ဝင်းက နှစ်စဉ် မေ ၃၁ ရက်တွင် ကျရောက်သည့် “ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေမှု အခြေအနေများကြောင့် ယနေ့မှ ကျင်းပဆောင်ရွက် နိုင်ခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၁ ခုနှစ်  “ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့”       အထိမ်းအမှတ် ဆောင်ပုဒ်မှာ  “Commit To Quit” ဖြစ်၍ မြန်မာ ဘာသာဖြင့် “ဆေးလိပ်၊ ကွမ်းယာဖြတ်ကြဖို့ ဆုံးဖြတ် လိုက်ကြစို့” ဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်၏ ဦးတည်ချက်အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကျန်းမာရေးနှင့် လူမှုစီးပွားဆိုင်ရာ အခြေအနေဆိုးများကို    ကြုံတွေ့လာရနိုင်သည့် အတွက် အချိန်မလွန်ခင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုကို       ချက်ချင်းဖြတ်ရန်အတွက် တိုက်တွန်းလိုခြင်း ဖြစ်ပါကြောင်း။

 


အချိန်မတိုင်မီ သေဆုံး


ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု ကြောင့် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော်သည်  နာတာ ရှည်ရောဂါမျိုးစုံဖြစ်ပွား၍ သက်တမ်းစေ့မနေရဘဲ အချိန်မတိုင်မီ သေဆုံးကြလျက်ရှိ၍ ၎င်းတို့အနက် ၁ ဒသမ ၂ သန်းခန့်သည် သူတစ်ပါး၏ ဆေးလိပ်ငွေ့ ကို တစ်ဆင့်ခံရှူရှိုက်ရသည့်အတွက်ကြောင့်  ရောဂါ များ ဖြစ်ပွားသေဆုံးနေကြရပါကြောင်း၊ အလွယ် တကူ ကာကွယ်၍ရနိုင်သည့်  အကြောင်းများကြောင့် သေဆုံးရခြင်းများတွင်  ဆေးလိပ်နှင့်  ဆေးရွက်ကြီး ပစ္စည်းအမျိုးမျိုး သောက်သုံးခြင်းသည် “ထိပ်ဆုံး” တွင် ရှိနေပါကြောင်း၊ အဆိုပါအကြောင်းရင်းကြောင့် အရွယ်ရောက်သူ ၁၀ ဦးတွင် တစ်ဦးသည် အသက် မသေသင့်ဘဲ   သေဆုံးနေသည်ကို   တွေ့ရှိနေရပါ ကြောင်း။

 


မြန်မာနိုင်ငံ၌ ဆောင်ရွက်ခဲ့သော မကူးစက်နိုင် သောရောဂါများ ဖြစ်ပွားစေသည့် အကြောင်းရင်း များကို လေ့လာသည့် စစ်တမ်းအရ ဆေးလိပ်သောက် သုံးမှုနှုန်း  ၂၆  ရာခိုင်နှုန်းရှိပြီး ဆေးရွက်ကြီးနှင့် ကွမ်းယာတွဲဖက်စားသုံးမှုနှုန်း ၄၃ ရာခိုင်နှုန်းရှိနေ သည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိရပါကြောင်း၊ ထို့အတူ ၂၀၁၆ ခုနှစ်တွင်  ပြုလုပ်သည့်  Global  Youth Tobacco Survey အရ အသက် ၁၃ နှစ်မှ ၁၅ နှစ် အတွင်း   ကျောင်းသားလူငယ်များတွင်  ဆေးလိပ် သောက်သုံးသူ ၁၁ ရာခိုင်နှုန်းနှင့် ကွမ်းယာ၊ ဆေးရွက် ကြီး တွဲဖက်သုံးစွဲသူ ၆ ရာခိုင်နှုန်းရှိသည်ကို သိရှိရ ပါကြောင်း။

 


မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Framework Convention on Tobacco Control ကို ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၃  ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့ပြီး “ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ” ကို ၂၀၀၆ ခုနှစ် မေ ၄ ရက်တွင်  ပြဋ္ဌာန်းခဲ့ပါကြောင်း၊ မကြာသေးမီအချိန် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း များကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ် ဖော်ပြခြင်းဆိုင်ရာအမိန့်” ကို ထုတ်ပြန်ဆောင်ရွက် ခဲ့ပါကြောင်း၊ အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံသည် တတိယ မြောက် အကောင်အထည်ဖော်ဆောင်ရွက်သည့် နိုင်ငံဖြစ်ပါကြောင်း။

 


အခွန်တိုးမြှင့်ကောက်ခံ


ဆေးလိပ်နှင့်   ဆေးရွက်ကြီးအခွန်   တိုးမြှင့် ကောက်ခံခြင်းဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းလာမည်ဖြစ်ကာ  ပြည်သူများ ခံစားရမည့်  ကျန်းမာရေး၊  လူမှုရေး၊  စီးပွားရေး ဆိုင်ရာပြဿနာများကို လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံ တော်ဘဏ္ဍာငွေ တိုးတက်စေသည့်အတွက် ကျန်းမာ ရေး၊ လူမှုရေးနှင့် အားကစားမြှင့်တင်ရေး အသုံးစရိတ် များကို တိုးမြှင့်သုံးစွဲလာနိုင်မည်ဖြစ်ပါကြောင်း၊ ယခု မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၇ ဒသမ ၄၂ နှစ်သာရှိပြီး  ဆေးလိပ်၊  ဆေးရွက်ကြီးသုံးစွဲမှု ကြောင့် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့်   ကင်ဆာရောဂါများဖြစ်ပွားပြီး အရွယ်မတိုင်မီ သေဆုံးနေရသည့်အတွက် အဓိက အကြောင်းရင်းဖြစ်သည့်  ဆေးလိပ်၊  ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများကို အောင် မြင်အောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 


ဆေးလိပ်နှင့်    ဆေးရွက်ကြီးသောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများတွင် အစဉ်တစိုက်ပူးပေါင်း ဆောင်ရွက်ပေးသည့် ပြည်သူ့ကျန်းမာရေးဖောင်ဒေး ရှင်းကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ ကျန်းမာရေး ဝန်ကြီးဌာန၏  ပံ့ပိုးမှု၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်မှုများနှင့်အတူ  နှီးနွှယ်ဝန်ကြီး ဌာနအားလုံးနှင့်     ပြည်သူလူထုတစ်ရပ်လုံးက အင်တိုက်အားတိုက်   ပူးပေါင်းပါဝင်၍    ပြည်သူ့ ကျန်းမာရေးအတွက် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊   စည်းကမ်းများကို   အလေးထားလိုက်နာ ဆောင်ရွက်ရန်    လိုအပ်ပါကြောင်းနှင့်   ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့်  “Commit To Quit” “ဆေးလိပ်၊ ကွမ်းယာ ဖြတ်ကြဖို့ ဆုံးဖြတ်လိုက်ကြစို့” ဟူသည့် အတိုင်း ပြည်သူများအနေဖြင့် ယနေ့မှစ၍  ဆေးလိပ်၊ ကွမ်းယာဖြတ်ကြပါဟု  တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 


သဝဏ်လွှာဖတ်ကြား


ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Poonam Khetral Singh ၏  ၂၀၂၁   ခုနှစ်  ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့     အထိမ်းအမှတ်သဝဏ်လွှာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့  မြန်မာနိုင်ငံ  ဒုတိယဌာနေ ကိုယ်စားလှယ် Dr. Fabio Mesquita က ဖတ်ကြား ခြင်း၊     ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ် ရေးဆိုင်ရာ အောင်မြင်မှုများနှင့် ရှေ့ဆက်ဆောင် ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားခြင်း၊ The Union အဖွဲ့၏ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဒေသဆိုင်ရာညွှန်ကြား ရေးမှူး Dr. Tara Singh Bam က ဖတ်ကြားခြင်း၊ အရှေ့တောင်အာရှ    ဆေးလိပ်နှင့်  ဆေးရွက်ကြီး ထိန်းချုပ်ရေး မဟာမိတ်အဖွဲ့၏ ၂၀၂၁ ခုနှစ် ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် သဝဏ် လွှာကို      Smoke   Free   Program  Manager  Dr. Domilyn C. Villarreiz  က ဖတ်ကြားခြင်းနှင့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့   အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုပြသခြင်းကို ဆောင်ရွက်သည်။ 

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် အခမ်းအနား အထိမ်းအမှတ် ပြခန်း ငယ်အား လှည့်လည်ကြည့်ရှုသည်။ 

 


အဆိုပါအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒုတိယရှေ့နေချုပ်၊ နှီးနွှယ်ဝန်ကြီး ဌာနများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။ 

 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  ကမ္ဘာ့ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုအခြေအနေ       အစီရင်ခံစာ (၂၀၂၁) (Global Tobacco Epidemic Report 2021) အရ  မြန်မာနိုင်ငံသည်   လူမှုကွန်ရက်အပါအဝင် မီဒီယာပေါင်းစုံအသုံးပြု၍ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှု လျှော့ချနိုင်ရေး အသိပညာမြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်အမြင့်ဆုံး ၄၆  နိုင်ငံတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ကြောင်း သိရှိရ သည်။ 

 


တတိယမြောက်   အကောင်အထည်ဖော်


ထို့အတူ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် “ဆေးလိပ်နှင့်    ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ     ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ် ဖော်ပြခြင်းဆိုင်ရာအမိန့်” ကို ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ထုတ်ပြန်ဆောင်ရွက်ခဲ့ရာ ၎င်းဆောင်ရွက် ချက်သည် အရှေ့တောင်အာရှဒေသတွင် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံသည် တတိယ မြောက်   အကောင်အထည်ဖော်ဆောင်ရွက်သည့် နိုင်ငံဖြစ်ကြောင်း သိရှိရသည်။            
  သတင်းစဉ်