ပြည်နယ် ဩဝါဒါစရိယဆရာတော်ကြီးနှင့် ပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးတို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖူးမြော်ကြည်ညို

 

စစ်တွေ   ဒီဇင်ဘာ   ၁၅


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဒေါ်အေး နုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်တွေမြို့ လောကာ နန္ဒာစေတီတော် သာသနာ့ ဗိမာန်တော်၌  ပြည်နယ် ဩဝါဒါစရိယဆရာ တော်ကြီးနှင့် ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးတို့ အမှူးပြုသော  ဆရာတော်၊  သံဃာတော်များအား ဖူးမြော်ကြည်ညို ကြသည်။

 


 ထို့နောက်  ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒသိရီထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဧည့်ပရိသတ်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ပြည်နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ စစ်တွေ မြို့  ဓမ္မသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမ ထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 


 ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် အဖွဲ့သည်  စစ်တွေမြို့  လောကာနန္ဒာစေတီတော်  ပရဝဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စကြာမုနိ သွန်းစက်တော်ဘုရားအား ဖူးမြော် ကြည်ညိုကြပြီး လောကာနန္ဒာစေတီတော် ဘက်စုံပြုပြင်မွမ်းမံနေမှု ကို လှည့်လည်ကြည့်ရှု ဖူးမြော်ကြသည်။

 


ယင်းနောက်  ကမ္ဘာ့ဗုဒ္ဓသာသနာ့အာဇာနည်  ဂုရု ဂုရု  မဟာဂုရု အသျှင်စန္ဒြမဏိဗိမာန်တော်သို့   သွားရောက်ပြီး   ဆရာတော်ကြီး၏ ကြေးသွန်းရုပ်တုတော်ကို ဖူးမြော်ကြသည်။

 


ကြည့်ရှုအားပေး


 ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ကြည့်ရှုအားပေးကြသည်။

 


ထို့နောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ရခိုင်ပြည်နယ်အစိုးရ ဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်၊ သက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့ များနှင့် တွေ့ဆုံ၍ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ မှန်ကန်သည့် အတွေးအမြင်များဖြင့်  ဒေသဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ရေး၊ တိုင်းရင်းသားများ၏   စာပေ၊  ယဉ်ကျေးမှု   ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး တက်ရောက် လာကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ တင်ပြချက် များအပေါ် ပြန်လည်ဆွေးနွေးညှိနှိုင်းပေးသည်။

 


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တည်ခင်း ဧည့်ခံသော (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ညစာ စားပွဲသို့ တက်ရောက်ခဲ့ကြသည်။                                

သတင်းစဉ်