
စစ်တွေ ဒီဇင်ဘာ ၁၅
(၄၇)နှစ်မြောက် ရခိုင်ပြည်နယ် နေ့ အခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမ ခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့် ဦးမောင်းဟာ၊ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဦးမင်း သိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ ဦးစောဘလှိုင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ရခိုင်တိုင်းရင်းသားရိုးရာ အက အဖွဲ့က “ဂုဏ်တော်ဖွင့် ဆီမီးခွက်” ယိမ်းအကဖြင့် ကပြဖျော်ဖြေကြ သည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က ဖတ်ကြားပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်နေ့ မိန့်ခွန်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက ရခိုင် ပြည်နယ်အစိုးရအဖွဲ့၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်တို့နှင့် ပူးပေါင်းပြီး ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ ကြသော နိုင်ငံ့ဝန်ထမ်းများ၊မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ဂုဏ်ထူး ဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင် ဆုပစ္စည်းများ၊ မှတ်တမ်းတင် ဂုဏ်ပြုလွှာများကို လည်းကောင်း၊ ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား ဆုများကို လည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများအတွက် DVB – T2 Set Top Box အလုံး ၁၅၀၀ ကို ပေးအပ်ရာ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက လက်ခံရယူ သည်။
ဆက်လက်၍ တိုင်းရင်းသား ရိုးရာအကအဖွဲ့များဖြစ်ကြသော မြိုတိုင်းရင်းသား၊ ခမီတိုင်းရင်း သား၊ ဒိုင်းနက်တိုင်းရင်းသား၊ သက်တိုင်းရင်းသားတို့က ရိုးရာ အကများဖြင့် ကပြဖျော်ဖြေကြပြီး ရခိုင်တိုင်းရင်းသားရိုးရာ အက အဖွဲ့က “ရိုးတောင်ရိပ်က သာချင်း သံ” ယိမ်းအကဖြင့် ကပြဖျော်ဖြေ ကြကာ အခမ်းအနားအားရုပ်သိမ်း လိုက်သည်။
ရခိုင်ပြည်နယ်နေ့ အခမ်း အနားကို ၁၉၇၅ ခုနှစ်မှ စတင်၍ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယနေ့ ဆိုလျှင် (၄၇)နှစ်မြောက် တိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)