ဗြိတိန်နိုင်ငံတွင်  အိုမီခရွန်ကူးစက်မှုကြောင့် သေဆုံးသူ တစ်ဦးရှိ

 

 

လန်ဒန်  ဒီဇင်ဘာ ၁၄
ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ကြောင့် ဗြိတိန်နိုင်ငံတွင် သေဆုံးသူ တစ်ဦး ရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောသည်။
ဗြိတိန်နိုင်ငံ၌ အိုမီခရွန်ကူးစက်မှုများ ဆက်လက်များပြားလျက် ရှိသည်။  ပြည်သူလူထုကြားတွင်  ကိုဗစ်-၁၉ မျိုးကွဲကူးစက်ပျံ့နှံ့မှုမှာထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း၊     ကိုဗစ် -၁၉  အပိုဆောင်း ကာကွယ်ဆေးထိုးရန် အရေးကြီးကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ဒီဇင်ဘာ ၁၃ ရက်တွင် ပြည်သူများကို တိုက်တွန်းခဲ့သည်။
လက်ရှိလန်ဒန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုများတွင်  အိုမီခရွန် ကူးစက်မှုမှာ ၄၀ ရာခိုင်နှုန်းရှိကြောင်း၊  မကြာမီအချိန်အတွင်း တိုင်းပြည် ကို လွှမ်းမိုးမည့် ဗိုင်းရပ်စ်ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။ 
ဗြိတိန်နိုင်ငံ၌  ဒီဇင်ဘာ ၁၃ ရက်က  အိုမီခရွန်ကူးစက်ခံရသူပေါင်း ၄၇၁၃ ဦးအထိ ရှိလာသည်။ အင်္ဂလန်၌ အိုမီခရွန်ကြောင့် ဆေးရုံတက်ရ သူဦးရေမှာ ၁၀ ဦးရှိပြီး အများစုမှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးထား သူများဖြစ်သည်။ အိုမီခရွန်ကူးစက်မှုကို ကာကွယ်ရန်အတွက် ကာကွယ် ဆေးနှစ်ကြိမ် ထိုးရုံမျှဖြင့် လုံလောက်မှုမရှိဟုလည်း ဗြိတိန်ကျန်းမာရေး အာဏာပိုင်များက ပြောသည်။ 
ယခုလကုန်တွင်  အသက်  ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ထိုးခွင့်ရှိသူများ  ကာကွယ်ဆေးထိုးကြရန်  တိုက်တွန်းခဲ့သည်။ ကိုဗစ်-၁၉ မျိုးကွဲကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက်  ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကန့်သတ်ချက်များကို အစိုးရက တင်းကျပ်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ