ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ  ဒီဇင်ဘာ ၁၄၊ ၁၅ ရက် ဆက်လက်ကျင်းပမည်

 

 

ရန်ကုန်    ဒီဇင်ဘာ  ၁၃
၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအုပ်စု   စတုတ္ထနေ့ကို  ဒီဇင်ဘာ ၁၄  ရက်နှင့်  ၁၅  ရက်တို့တွင်      ဆက်လက်ကျင်းပမည်ဖြစ်ပြီး   နောက်တစ်ဆင့် တက်ရောက်မည့်အသင်းများ ထွက်ပေါ်လာနိုင်သည်။   အုပ်စုစတုတ္ထနေ့တွင်  မြန်မာအသင်း ပွဲစဉ်မပါဝင်သော်လည်း  ဆီမီး ဖိုင်နယ်  တက်ရောက်ရေးမျှော်လင့်ချက်  အဖြေထွက်ပေါ်နိုင်သည့် ပွဲစဉ်များ ပါဝင်နေသည်။
ဒီဇင်ဘာ ၁၂ ရက်  ပွဲစဉ်များအပြီးတွင်  အုပ်စု (က) တွင် စင်ကာပူ နှင့် ထိုင်းအသင်းက နှစ်ပွဲကစား ခြောက်မှတ်စီ၊ ဖိလစ်ပိုင်အသင်းက နှစ်ပွဲကစား သုံးမှတ်၊                  
မြန်မာအသင်းက  သုံးပွဲကစား  သုံးမှတ်ရထားပြီး  တီမောအသင်းက သုံးပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ အုပ်စု (ခ)တွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်းက နှစ်ပွဲကစား ခြောက်မှတ်စီ၊ မလေးရှားအသင်း က သုံးပွဲကစား ခြောက်မှတ်ရထားပြီး ကမ္ဘောဒီးယားနှင့်   လာအိုအသင်း တို့မှာမူ  အမှတ်မရသေးပေ။ အုပ်စု (က) စတုတ္ထနေ့အဖြစ် ဒီဇင်ဘာ ၁၄ ရက်(ယနေ့) မြန်မာစံတော်ချိန် ညနေ  ၄  နာရီတွင် ဖိလစ်ပိုင်နှင့်    ထိုင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် စင်ကာပူနှင့် တီမော၊ ဒီဇင်ဘာ ၁၅ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီတွင် ကမ္ဘောဒီးယားနှင့် လာအို၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်အသင်း တို့   ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။  ယနေ့ကစားမည့်ပွဲတွင်  ထိုင်းနှင့် စင်ကာပူအသင်းတို့မှာ  ပြိုင်ဘက်အသင်းများထံမှ  အနိမ့်ဆုံး သရေ တစ်မှတ် ရယူနိုင်ပါက  မြန်မာအသင်းသည် ဆီမီးဖိုင်နယ် တက်ရောက် ခွင့်ဆုံးရှုံးမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဖိလစ်ပိုင်အသင်းနှင့်  ကစားရန်  ကျန်ရှိသော်လည်း ယနေ့ကစားမည့် ထိုင်း၊ စင်ကာပူအသင်းတို့၏ရလဒ်များမှာ ဆီမီးဖိုင်နယ် တက်ရောက်ရေး အတွက် အရေးပါနေခြင်းဖြစ်သည်။ မြန်မာအသင်းသည်  သုံးပွဲကစား ထားပြီး တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားသည်။ တီမောအသင်းကို နှစ်ဂိုးပြတ် အနိုင်ရထားပြီး စင်ကာပူကို သုံးဂိုးပြတ်၊ ထိုင်းကို လေးဂိုးပြတ်ရှုံးနိမ့် ထားသည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ကစားရမည်ဖြစ်သည်။  
ရဲရင့်လွင်