
ရန်ကုန် ဒီဇင်ဘာ ၅
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက် ၁၀ နာရီခွဲ တွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏ စာမေးပွဲဩဝါဒါ စရိယ ဆရာတော်ကြီးများ၊ စာထောက်စာမ ဆရာတော်များ နှင့် စာဖြေသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ရွှေတိဂုံ စေတီတော် ချမ်းသာကြီး တန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော (၁၀၃) ကြိမ် မြောက် စေတိယင်္ဂဏစာလျှောက် မေးပွဲ ဖြေဆိုလျက်ရှိသော သီးခြား စာချတန်း ၂၈ ပါး၊ သီးခြား စာသင်တန်း ၆၇ ပါးတို့ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ ဖြေဆိုနေမှုကို ဖူးမြော် ကြည်ညိုကြသည်။
စေတိယင်္ဂဏ စာမေးပွဲကြီး ဖြစ်ပေါ်လာမှုမှာ ၁၈၉၄ ခုနှစ်တွင် စေတိယင်္ဂဏအသင်းကြီး စတင် တည်ထောင်ခဲ့ပြီး ၁၉၁၈ ခုနှစ်မှ စတင်၍ စေတိယင်္ဂဏစာလျှောက် မေးပွဲကြီးကို ကျင်းပခဲ့သည်။ ၁၉၈၄ ခုနှစ် (၆၇) ကြိမ်မြောက် စေတိယင်္ဂဏစာလျှောက်မေးပွဲမှ စတင်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပခဲ့သည်မှာ ယခုနှစ် အထိ (၁၀၃)ကြိမ်မြောက် ရှိပြီဖြစ်သည်။
မန္တလေးမြို့တွင်လည်းမန္တလေး ပရိယတ္တိ သာသနာ့ဟိတအသင်း ကြီးမှ ကြီးမှူး၍ ပရိယတ္တိ သာသနာ့ဟိတ သကျသီဟ သာမဏေကျော် စာမေးပွဲနှင့် စာချတန်းစာမေးပွဲတို့ကို ၁၉၀၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခု နှစ်အထိ (၁၁၈)ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်