
မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား အမြင်ချင်းဖလှယ်ဆွေးနွေး
နေပြည်တော် နိုဝင်ဘာ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအခြေအနေ၊ ယခုအခါ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာပြီဖြစ်သဖြင့် ကျောင်းများ ပြန်လည် ဖွင့်လှစ်လျက်ရှိမှုအခြေအနေ၊ မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကူညီဆောင်ရွက်ပေးမည့် အခြေ အနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်၊ ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက် ကြပြီး အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်