အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် ကူးစက်ခံရသူစုစုပေါင်း ၁၉၉ ဦးရှိ မြန်မာနိုင်ငံသို့ အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ဝင်ရောက်ကူးစက်မှုမရှိအောင် အတတ်နိုင်ဆုံးဆောင်ရွက်

 

နေပြည်တော်   ဒီဇင်ဘာ   ၁


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ကျန်းမာရေးဝန်ကြီးဌာန  ရုံးအမှတ် (၄) ၌ ဒီဇင်ဘာ ၁ ရက် ရက် ညနေပိုင်းက Video conference ဖြင့်  ကျင်းပသည်။

 


အစည်းအဝေးတွင် ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းက မြန်မာ နိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို  အောင်မြင်စွာ  ထိန်းချုပ်နိုင် ရေးအတွက် Public Health Intervention များဖြစ်သော အခြေခံ ကာကွယ်ရေးလုပ်ငန်းများ  ထိရောက်အောင် ကြီးကြပ်ဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊  သတိပေးခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း၊ အနီးကပ် ထိတွေ့သူများအား ရှာဖွေဖော်ထုတ်၍  အသွားအလာကန့်သတ်ထားရှိ ခြင်းအား    တိုးမြှင့်ဆောင်ရွက်ခြင်း၊    Localized lockdown နှင့် Movement restriction များအား  ထိရောက်အောင်ဆောင်ရွက်ခြင်း၊ ဦးတည်အုပ်စုများ အမြန်ဆုံး ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အဓိက အားဖြည့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ 

 


လက်ရှိတွင် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံပေါင်း  ၂၁  နိုင်ငံတွင်  ကူးစက်ခံရသူစုစုပေါင်း ၁၉၉ ဦးရှိကြောင်း၊ မြန်မာနိုင်ငံ တွင်းသို့ အိုမီခရွန်  မျိုးဗီဇပြောင်းဗိုင်းရပ်စ် ဝင်ရောက်ကူးစက်မှုမရှိအောင်   အတတ်နိုင်ဆုံး     ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားကူးစက်လျက်ရှိသော နိုင်ငံများမှ  ဝင်ရောက်လာသူများ အား Quarantine  ၁၄  ရက် ထားရှိနိုင်ရေး  စနစ်တကျဆောင်ရွက်ရန် လိုကြောင်း၊  RT-PCR ဖြင့် စစ်ဆေးရန်လိုကြောင်း၊ Genomic sequen-cing များ  ပြုလုပ်ရန်လိုကြောင်း၊ Quarantine Center နှင့် ကုသရေး စင်တာများ  ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊    အောက်ဆီဂျင် အပါအဝင် ကုသရေးလုပ်ငန်းများတွင် လိုအပ်သောဆေးနှင့် ဆေးပစ္စည်း များ ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း  ပြောကြားသည်။

 


ဆက်လက်၍ တက်ရောက်လာသူများက ဆွေးနွေးရာတွင် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအား စောစီးစွာ  သိရှိတုံ့ပြန် ဆောင်ရွက်ရန် စောင့်ကြပ်ကြည့်ရှုခြင်းအနေဖြင့် နိုင်ငံဖြတ်ကျော်ဝင်ပေါက် များမှတစ်ဆင့် ဝင်ရောက်လာသည့်   ပြည်ပပြန်များကို တစ်ယောက် မကျန် Quarantine ထားရှိပြီး ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိရန် လိုအပ်ကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင်  နယ်စပ်နှင့်   အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိရာ မြို့ကြီးများသာမက နယ်စပ်မြို့များမှ ဝင်ရောက်လာသူများကိုလည်း  တစ်ယောက်မကျန် Quarantine ထားရှိ ပြီး  ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်နိုင်ရန်   အထူးအရေးကြီးကြောင်း။

 


မြို့ကြီးများတွင် test centre များနှင့် treatment centre များ ချိတ်ဆက်မှုကို ကြိုတင်ဇာတ်တိုက်ပြင်ဆင်ထားရှိရန်နှင့်  PCR ဓာတ်ခွဲ ခန်းများ  တိုးချဲ့ဆောင်ရွက်နိုင်ရေးကိုလည်း    စီစဉ်ဆောင်ရွက်ရန် လိုကြောင်း၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်မည့် ကျန်းမာရေးဝန်ထမ်း အပါအဝင် အခြားဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို  သင်တန်းပေးရန်  လိုအပ်ပါက ကြိုတင် လေ့ကျင့် သင်တန်းများပေးထားရန်လိုကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုအနည်းဆုံးဖြစ်စေရန်အတွက် ဦးတည်အုပ်စုများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား ဆောင်ရွက်ရန်လိုကြောင်း
ပြည်သူလူထုအနေဖြင့်လည်း ပါးစပ်နှင့် နှာခေါင်းစည်းအား စနစ်တကျ အချိန်ပြည့်တပ်ဆင်ခြင်း၊ မကြာခဏလက်ဆေးခြင်းများ ဆောင်ရွက် စေနိုင်ရန် အခါအားလျော်စွာ ကျန်းမာရေးအသိပညာပေးခြင်း၊ သတိ ပေးခြင်းနှင့် လမ်းညွှန်ချက်များ၊ စည်းကမ်းများကို စနစ်တကျ လိုက်နာ စေရေး ကြီးကြပ်ရန်လိုကြောင်းတို့ကို ဆွေးနွေးကြသည်။

 


အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီး ဌာန)၊ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြောင်း သိရသည်။                    

သတင်းစဉ်