
စာပေနှင့်ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံအတွက် အဓိကအချက်အချာဖြစ်ပြီး ထိုနိုင်ငံအတွက် ကိုယ်စားပြုခြင်းဖြစ်ရာ ပြည်သူများအတွက် အသိပညာနှင့်အတွေးအခေါ် မြင့်မားစေမည့်စာပေများကို ရေးသားခဲ့ကြသော စာရေးဆရာ ဆရာမကြီးများအား နိုင်ငံတော်က နှစ်စဉ်အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများကို ရွေးချယ်ချီးမြှင့်လျက်ရှိသောကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသား စာပေဆုများကို ထုတ်ပြန်ကြေညာခဲ့ရာ စာပေဗိမာန်စာမူဆု ပထမဆုရရှိခဲ့ကြသော စာရေးဆရာ ဆရာမများအား တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
အရှင်ပညာသာမိ(အရှင်ပညာသာမိ)
မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာဆု
စာမူအမည် “မြန်မာနိုင်ငံအတွင်းရှိ အရှေ့ ပိုးကရင်လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် စာပေ”ဟာဆိုရင် ကရင်ပြည်နယ်အတွင်းမှာနေထိုင် ကြတဲ့ အရှေ့ပိုးကရင်တိုင်းရင်းသားများအကြောင်းကို ကိုယ်တိုင်လေ့လာရေးသားပြုစုတဲ့ စာတမ်းတစ် စောင် (စာမူတစ်စောင်)ဖြစ်ပြီး ဒီစာမူထဲမှာတော့ အရှေ့ပိုးကရင်တိုင်းရင်းသားများရဲ့ ရိုးရာဓလေ့ ထုံးတမ်းဆိုင်ရာများ၊ ယုံကြည်မှု၊ ကိုးကွယ်ရာဘာသာ များနဲ့ ယဉ်ကျေးမှုဆိုင်ရာများအပါအဝင် စာပေဆိုင်ရာ များလည်း ပါဝင်ပါတယ်။ မြန်မာပြည်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတွေထဲမှာပေါ့။ အထူးသဖြင့်အရှေ့ပိုးကရင်တိုင်းရင်းသားလူမျိုးများအတွက် သမိုင်းဝင် မှတ်တမ်းလည်းဖြစ်ပါတယ်။
မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာဆု ရရှိခဲ့သည့် ဘဒ္ဒန္တပညာသာမိ(အရှင်ပညာသာမိ)ကို ၁၃၂၂ ခုနှစ် ဝါဆိုလဆုတ် ၇ ရက်တွင် ခမည်းတော် ဦးအောင်ခင်နှင့် မယ်တော် ဒေါ်နန်းစိန်လှခင်တို့မှ ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကမြင်ကျေးရွာ အုပ်စု လှယဉ်ကျေးရွာ၌ မွေးဖွားခဲ့ပြီး ဘွဲ့တော်မှာ ဘဒ္ဒန္တပညာသာမိဖြစ်ပါတယ်။
ဦးသန်းလွင်
(သိန်းဇော်-ရွှေလီဦး)
ဝတ္ထုတိုဆု
၁၉၅၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှာ မွေးတာ ဖြစ်ပြီး အဘအမည် ဦးသူငယ်နဲ့ အမိအမည်ကတော့ ဒေါ်ခင်မြင့် ဖြစ်ပါတယ်။
ဒီစာမူအမည် “ဖားဝိဇ္ဇာနှင့် ကျေးရွာအလှဝတ္ထု တိုများ” ကို ရေးဖြစ်တာကတော့ ကျွန်တော်တို့ ကျေးလက်ဒေသတွေမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝတွေကို မသိတဲ့သူတွေက များတယ်လေ။ အဲဒါကြောင့် ကျေးလက်ဒေသတင်မဟုတ်ဘဲ ဗဟု သုတ ရှာမှီးတဲ့သူတွေရော မြို့ပေါ်နေစာဖတ်ပရိသတ် တွေပါ သိစေချင်လို့ ဖားအကြောင်းလေးတွေ၊ ပုစွန်လုံး အကြောင်းလေးတွေနဲ့ ကျေးလက်သဘာဝအကြောင်း လေးတွေနဲ့ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ဓလေ့ထုံးစံလေး တွေကပါ စပြီးတော့ မြှုပ်ကွက်လေးတွေလိုဖြစ်တဲ့လူတိုင်းမမြင်နိုင်တဲ့ဟာလေးတွေကို ဗဟုသုတပေးတဲ့ အနေနဲ့ ရေးသားခြင်းဖြစ်ပါတယ်။ ဖားဝိဇ္ဇာဆိုတာ ကတော့ ဖားကိုရှာဖွေတဲ့နေရာမှာရော၊ ဖားကိုမွေးတဲ့ နေရာမှာရော၊ ဖားရဲ့သဘာဝကိုရော သူကကျွမ်းကျွမ်း ကျင်ကျင်တော်တော်သိနေတယ်ဗျ။ ၁၂ ရာသီ နွေ၊ မိုး၊ ဆောင်း ဖားစားလို့ရအောင် သူကလုပ်နိုင်တယ် လေ။ နောက်ပြီးဖားတွေရဲ့သဘောသဘာဝကို သူများ တွေထက် သူကပိုကျွမ်းကျင်တယ်။
ထူးထူးချွန်ချွန်နဲ့ကျွမ်းကျင်ပြီးဖားကိစ္စကိုသိတဲ့အတွက်ကြောင့်မို့ ဝိဇ္ဇာလို့တင်စားပြီး ရေးခြင်းဖြစ်ပါ တယ်။၂၀၀၃ ခုနှစ်မှာ ပြိုင်ပွဲတွေဖြစ်တဲ့ စာပေဗိမာန်၊ ပခုက္ကူဦးအုံးဖေစာပေဆုတွေကို ကျေးလက်သဘာဝ လေးတွေနဲ့ရေးသားပြီး ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဆုတွေ လည်း ရခဲ့ပါတယ်။ စာပေနယ်ထဲကိုတော့၁၉၉၅ ခုနှစ် ကနေစပြီးတော့ ဓမ္မသာလမဂ္ဂဇင်းမှာ “ စိန်ခေါ် လိုက်စမ်းပါ” ဆိုတဲ့ ဆောင်းပါးနဲ့စတင်ပြီး ဝင်ရောက် ခြင်းဖြစ်ပါတယ်။ ဆုရရှိခဲ့တဲ့ဆုအမျိုးအစားတွေ အနေနဲ့ စာပေဗိမာန်ဆုဆိုရင် ဝတ္ထုတိုပေါင်းချုပ်နဲ့ ဝတ္ထုရှည်က ငါး ဆုလောက်ရရှိခဲ့ပြီး ပခုက္ကူ ဦးအုံးဖေ စာပေဆုကတော့ ရှစ်ဆုလောက်ရရှိသွားပါပြီ။
နိုင်ငံတော်အဆင့်သတ်မှတ်တဲ့ ပြိုင်ပွဲတွေဆိုရင် ခုရရှိတဲ့ စာမူအမည် “ဖားဝိဇ္ဇာနှင့် ကျေးရွာအလှဝတ္ထု တိုများ”နဲ့ ပေါင်းလိုက်ရင် ဆု ၂၁ ဆုရရှိခဲ့ပါပြီ။ မဂ္ဂဇင်း တွေမှာရေးခဲ့တဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်က စုစုပေါင်း ၁၀၀ ကျော်ရှိသွားပါပြီ။ ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာ တွေမှာတော့ များသောအားဖြင့် တရုတ်ပြည်ယဉ်ကျေး မှုနဲ့ ဆွေမျိုးပေါက်ဖော်ပွဲတွေအပါအဝင် ကျေးလက် ဖွံ့ဖြိုးရေးဆောင်းပါးတွေရေးဖူးပါတယ်။
ကျွန်တော့်ဇာတိက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပန်းတောကြို့ကုန်း ကျေးရွာဖြစ်တော့ ခုဆုရတဲ့စာမူမှာလည်း “ပန်းတော ကြို့ကုန်းကျေးရွာ”လေးကို ကိုယ်စားပြုပြီးတော့ ကျေးရွာက ရွာသားတွေရဲ့သဘောသဘာဝတွေ၊ စရိုက် တွေနဲ့ သူတို့ဆီကအတုယူစရာလေးတွေကို ရေးသား ခြင်းဖြစ်ပါတယ်။ ခုလိုပထမဆုရရှိလိုက်တာကြောင့် အလွန်တရာမှဝမ်းသာပါတယ်။ နောက်ထပ်လည်း စာတွေရေးဖို့အတွက် အင်အားအများကြီးတိုးတက် သွားပြီး လက်ရှိမှာလည်း စာတွေ ဆက်ရေးနေဆဲ ဖြစ်ပါတယ်။
ဦးတင်ရှိန်
(ကောင်းနွဲ့)
ကဗျာဆု
ကျွန်တော်တို့နေတာကတော့ ကျွန်းပင်တွေ ရှိတဲ့ ကျွန်းတောကြီးထဲမှာပါ။ ကိုယ့်ရှေ့မှာ မြင်နေ ရတဲ့ ကျွန်းပင်တွေနဲ့ပတ်သက်တဲ့ အကြောင်းတွေ၊ တောတောင်သဘာဝတွေကို မြင်တွေ့နေရတော့ “ရာသီမြုံလုံးချင်းကဗျာ”ကို ရေးချင်တဲ့စိတ် ဖြစ်သွား တာပါ။
အဲဒီထဲမှာ ကျွန်းရွှေဝါ ဆိုပြီးတော့ နွယ်သာကီ စံပြကဗျာလေးတစ်ပုဒ်ကို ရေးထည့်ထားပါတယ်။ အဓိကတော့ ကျွန်းတွေရဲ့တန်ဖိုးနဲ့ ကျွန်းပင်တွေ မလေလွင့်စေဖို့အတွက် အဲဒါကိုကျွန်တော် ရွတ်ပြ တာပါ။ အဲဒီလိုပဲ လက်ရှိမြင်နေရတဲ့အတွေ့အကြုံ တွေကို ကဗျာနဲ့ ရေးသားဖော်ပြချင်တာကြောင့် ဒီကဗျာကို ရေးဖြစ်တာဖြစ်ပါတယ်။ စာပေလောက ထဲကို ၁၉၈၇ ခုနှစ်က စတင်ဝင်ရောက်ခဲ့တာပါ။ မြို့နယ်စာပေလောကအဖွဲ့က စာပေပြိုင်ပွဲကျင်းပ တဲ့အခါမှာ ဆောင်းပါးအနေနဲ့ “ထန်းပဒေသာ ပြည်မြန်မာ”ဆိုပြီး ဝင်ပြိုင်တော့ အကောင်းဆုံး ဆောင်းပါးဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တောက်လျှောက် ကဗျာ၊ ဆောင်းပါးတွေ ရေးလာခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ပခုက္ကူဦးအုံးဖေစာပေဆု ဒုတိယဆုကို ရရှိခဲ့ပါတယ်။ ခု ၂၀၂၀ ပြည့်နှစ်မှာတော့ မြဝတီ မဂ္ဂဇင်းမှာ တစ်နှစ်တာအကောင်းဆုံးကဗျာဆု ရရှိ ခဲ့ပါတယ်။ နောက်တစ်ခါ “ရွှေကြာရိုးလေးချိုးခဲ့မယ်” ဆိုတဲ့ လုံးချင်းကဗျာစာအုပ်ကို တစ်ကိုယ်တော် ထုတ်ခဲ့သလို ရန်ကုန်ကအဖွဲ့တွေနဲ့ ကဗျာတစ်အုပ် ထုတ်ခဲ့ပါသေးတယ်။ အခုထိလည်း ကဗျာတွေရေးနေ ဆဲပါ။
ဆောင်းပါး ၁၂ ပုဒ်လောက်ရေးခဲ့ပြီး ကဗျာက တော့စာအုပ် ငါးအုပ်၊ ခြောက်အုပ်လောက် ထုတ်ခဲ့ တာဆိုတော့ ကဗျာအပုဒ်ရေ ၅၀၀၊ ၆၀၀ လောက် ရေးခဲ့ပြီးပါပြီ။ ဆက်လက်ပြီးလည်း ကဗျာတွေကို ရေးသွားဦးမှာဖြစ်သလို ၂၀၂၁ ခုနှစ်အတွက် စာပေ ဗိမာန်မှာ လုံးချင်းကဗျာပေါင်းချုပ် စာအုပ်တစ်အုပ် ကို ပြိုင်ပွဲဝင်ဖို့အတွက် တင်ထားပါတယ်။ ကျွန်တော် က ၁၉၅၉ ခုနှစ် မတ်လ ၂၉ ရက်နေ့ဖွားဖြစ်ပြီး အဘအမည် ဦးဘလှိုင်၊ အမိအမည် ဒေါ်ထားကြည် ဖြစ်ပါတယ်။ ဇာတိကတော့ ကျောက်ပန်းတောင်း မြို့နယ် အင်ပြင်ကြီးကျေးရွာဖြစ်ပြီး လက်ရှိမှာတော့ စဉ့်ကူးမြို့နယ် လက်ပန်လှမြို့သစ်မှာ နေထိုင်လျက် ရှိပါတယ်။
ဒေါ်ယဉ်ယဉ်မွန်
ယဉ်ယဉ်မွန်(ရှေးဟောင်းသုတေသန)
သုတပဒေသာ(ဝိဇ္ဇာ)ဆု
ကျွန်မ ဇာတိက ပဲခူးမြို့ စိန်ထွန်းရပ်ကွက်ဖြစ် ပြီး ၁၉၆၆ ခုနှစ်မှာ မွေးတာပါ။ အဘအမည် ဦးမောင်မောင်သောင်းဖြစ်ပြီး အမိအမည်ကတော့ ဒေါ်ခင်ခင်စု ဖြစ်ပါတယ်။ အခုဆုရရှိခဲ့တဲ့ “ဒွတ္တပေါင် မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေ ခေတ္တရာ”စာအုပ်ကတော့ ပျူတွေရဲ့ ဓလေ့ထုံးစံနဲ့ ပျူတွေရဲ့ ဗိသုကာ လက်ရာတွေ၊ ပျူတွေရဲ့ ကိုးကွယ် ယုံကြည်မှုတွေ၊ ပျူနဲ့ပတ်သက်တဲ့ ဝတ်စားဆင်ယင် မှုတွေကအစ လူငယ်တွေ နောက်လူတွေ သိအောင် သိစေချင်တဲ့ဆန္ဒနဲ့ ရေးလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်မက ပြည်မြို့ ရှေးဟောင်းသုတေသနနှင့် နည်းပညာသင်တန်းကျောင်းမှာ ကထိကနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးလုပ်သက် ၂၅ နှစ် ပြည့်ပင်စင်ယူတာ တစ်လကျော်ကျော်ပဲရှိပါသေးတယ်။ အရင်တုန်းက လည်း ရှေးဟောင်းသုတေသနနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရေးခဲ့တာဖြစ်ပြီး စာပေ ဗိမာန်ဆုရတာ ဒါနဲ့ဆိုရင် သုံးအုပ်မြောက်ရှိပါပြီ။
“ဟံသာဝတီခေတ် ဓမ္မစေတီမင်းကြီး၏ ကောင်းမှုတော်များ” စာအုပ်နဲ့ တတိယဆုကို ပထမ ဦးဆုံးအကြိမ်ရရှိခဲ့ပြီး နောက်တစ်ခုက ဒုတိယ အကြိမ်မြောက်အနေနဲ့ “ဘုရင့်နောင်မင်းတရားကြီး နှင့် ကမ္ဘောဇသာဒီ နန်းတော်ရာ”ကို စာမူဆုအနေနဲ့ ပြိုင်တာ ပထမဆုရရှိခဲ့ပါတယ်။
တတိယအကြိမ်ကတော့ ခုဆုရရှိတဲ့ “ဒွတ္တပေါင် မင်းကြီးနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေ ခေတ္တရာ”ဆိုပြီး ရေးတာမှာ ပထမဆုရရှိခဲ့တာပါ။စာပေလောကထဲကိုရောက်တာကို ပြောရရင် ၂၀၁၂ ခုနှစ်မှာ “ဟံသာဝတီခေတ် ဓမ္မစေတီမင်းကြီး၏ ကောင်းမှုတော်များ” သုတပဒေသာ(ဝိဇ္ဇာ)နဲ့တတိယ ဆုရရှိခဲ့တာကနေဖြစ်ပါတယ်။ အဲဒါပြီးတော့ ပဲခူးမှာ ရှိတဲ့ ဘုရားတွေရဲ့လမ်းညွှန်အားလုံးကို Guide Book သဘောမျိုးနဲ့ ပဲခူးလမ်းညွှန်စာအုပ် တစ်အုပ်ကို ကျွန်မ တို့ ရှေးဟောင်းသုတေသနကနေ စာအုပ်ထုတ်တော့ကျွန်မရေးခဲ့ပါသေးတယ်။ ဒါနဲ့ဆိုရင် ရေးလာတာ စာအုပ် လေးအုပ်မြောက်ရှိခဲ့ပြီဖြစ်ပြီး စာတွေကို ဆက်ပြီးတော့ကြိုးစားပြီးရေးသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။