လာမည့် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ မြန်မာဘိလိယက်အဖွဲ့ ပြိုင်ပွဲအမျိုးအစား  ခြောက်မျိုး ယှဉ်ပြိုင်ရန် စီစဉ်

 

 

ရန်ကုန် နိုဝင်ဘာ ၃၀
မြန်မာဘိလိယက်အဖွဲ့သည်  လာမည့်   (၃၁)   ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေပြီး ပြိုင်ပွဲအမျိုးအစား     ခြောက်မျိုး    ယှဉ်ပြိုင်ရန်    စီစဉ်လျက်ရှိ သည်။
မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့သည် ပဏာမကစားသမား ခြောက်ဦးဖြင့် စခန်းဝင်လေ့ကျင့်လျက်ရှိပြီး ကစားသမားသစ်အချို့ ထပ်မံအားဖြည့်ရန် စီစဉ်လျက်ရှိသည်။ မြန်မာဘိလိယက်အဖွဲ့သည် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တွင်   စခန်းဝင်လေ့ကျင့် လျက်ရှိသည်။ ဘိလိယက်အားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား ၁၀ မျိုး ပါဝင်မည်ဖြစ်ပြီး ဘိလိယက်ပြိုင်ပွဲနှစ်မျိုး၊ စနူကာပြိုင်ပွဲ နှစ်မျိုး၊ Pool ပြိုင်ပွဲလေးမျိုးနှင့် Carom ပြိုင်ပွဲနှစ်မျိုး ပါဝင်မည် ဖြစ်သည်။ မြန်မာဘိလိယက်အဖွဲ့သည် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊   စနူကာ   တစ်ဦးချင်းပြိုင်ပွဲ၊   စနူကာ 6 Red ပြိုင်ပွဲ၊ Pool 9 Ball တစ်ဦးချင်းအမျိုးသားပြိုင်ပွဲ နှင့်   Pool 10 Ball  တစ်ဦးချင်းအမျိုးသားပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာဘိလိယက်အဖွဲ့သည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၉  ခုနှစ်    အကြိမ် (၃၀)   မြောက်ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် တစ်ခု၊   ကြေးတံဆိပ်သုံးခုရရှိကာ    မြန်မာအားကစားအဖွဲ့များတွင်   အအောင်မြင်ဆုံးဖြစ်ခဲ့သည်။   လာမည့်ဆီးဂိမ်းပြိုင်ပွဲကို   ၂၀၂၂ ခုနှစ် မေလတွင် ဗီယက်နမ် နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။                      
        ရဲရင့်လွင့်