မန္တလေး အမွေအနှစ်

Type
4

ဆောင်းပါး

============

 

 

 

ဆူးငှက်

 

သက္ကရာဇ် ၁၂၄၇ ခု ပါတော်မူပြီးနောက် ထီးကျိုး စည်ပေါက်ဖြစ်ပြီး တစုတစည်းတည်းသော အနုပညာ ရှင်တွေ ရေဝေးကြာပမာ ဖြစ်ကြရပါတယ်။ ဒီတော့လည်း ရေကြည်ရာမြက်နုရာဆိုသလို ထက်အောက်စုန်ဆန် လွင့်ပါးကြရပါတော့တယ်။ အစုအစည်းပြေပျက်၊ အထိန်း အကွပ်မဲ့ပြီး အားပေးချီးမြှင့်သူလည်း မရှိဖြစ်ကာ တစ်ဖက်ကလည်း အုပ်စိုးသူ လူမျိုးခြားရဲ့ ယဉ်ကျေးမှု တွေက လွှမ်းမိုးလာလေတော့ မြန်မာအနုပညာရှင်တွေဟာ ကိုယ့်ပညာကို ရင်ဝယ် သိမ်းသိမ်းထုပ်ထုပ်ပြုလုပ်ရုံကလွဲပြီး မတတ်နိုင်ကြတော့ပါဘူး။ ရောက်ရာနေရာဒေသမှာ ကျားကုတ်ကျားခဲ ရပ်တည်ပြီး ကိုယ့်အနုပညာမပျက် အောင် မနည်းထိန်းသိမ်းနေကြရတဲ့ကာလတွေပါပဲ။ မန္တလေးမှာ ကျန်ရစ်တဲ့ ဝက်မစွပ်ဝန်ထောက်မင်းလို လှေသင်းအတွင်းဝန်မင်းလိုစသည်ဖြင့် ပုဂ္ဂိုလ်ကြီးတွေက မြင်တွေ့မှတ်ကြား တတ်သိထားသမျှ မပျောက်မပျက် ရအောင် ရေးချွတ်ထိန်းသိမ်းထားကြရတယ်။

 

မြန်မာ့မူ မြန်မာ့ဟန် သီချင်းဂီတ

 

ယောအတွင်းဝန်မင်းရဲ့ သားဖြစ်သူ ရွှေပြည် မောင်မောင်လေးနဲ့ လွှတ်တော်သံတော်ဆင့်မင်းတို့ကလည်း ရသမျှ သီချင်းကြီး သီချင်းခံကို မူရင်းစာသား၊ သီချင်းဗျုပ္ပတ်တွေနဲ့အတူ ရေးမှတ်ထားခဲ့ကြတယ်။ အင်မတန်အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ မန္တလေးက မခွဲမခွာကျန်ရစ်ခဲ့တဲ့ ဒေ၀ဣန္ဒာမောင်မောင် ကြီးတို့၊ ဘုန်းကြီးပေတို့၊ စင်တော်ကြီး ဦးပေါ်ဦးတို့၊ ဦးလူကြီးတို့၊ အညံ့ဖြူ ဦးတုတ်တို့၊ ရွာစားကြီး စိန်ဗေဒါတို့၊ ဘာဂျာဆရာလွှားတို့၊ ဦးထွန်းအိုင်တို့၊ မထွေးလေးတို့၊ မစိန်သုံတို့၊ ဆီကျော် စိန်တင်တို့၊ တပယ်ခင်သစ်တို့၊ တပယ်ခင်ဥတို့၊ ဆရာဘကြီး၊ ဆရာဘလေးတို့၊ စောင်း ဆရာမ မေတို့၊ ဦးခင်မောင်ဒွေးတို့၊ ဦးဘသင်၊ ဦးထင်၊ ဦးစံဝင်းတို့အထိ အမြဲမပြတ်စုဝေးကာ မြန်မာ့မူ မြန်မာ့ ဟန် သီချင်းဂီတနဲ့ သဘင်မှုတွေ မပျောက်ပျက်ရအောင် အစဉ်အမြဲ တွေ့ဆုံတီးမှုတ်ညှိနှိုင်းကြတယ်။

 

နယ်မှာ တစ်ယောက်တစ်နေရာ ရောက်သွားကြသူတွေ မှာတော့ ဒီလိုအခွင့်အရေး မရကြရှာဘူးပေါ့။ မြစ်ဝကျွန်း ပေါ်ဘက် ရောက်သွားတဲ့ ရာမဇာတ်တော်ပညာသည် အဖွဲ့တွေကတော့ စုစုစည်းစည်းရှိကြလို့ ပြန်လည်ကပြ နေကြသတဲ့။ သီပေါစော်ဘွား ဆာစောချယ်ကလည်း သူ့စခန်းသာဟော်မှာ မန္တလေးနန်းတွင်းက ဝါဂီနစ်ပညာရှင် တွေ အတော်များများကို ခေါ်ယူစောင့်ရှောက်ထားခဲ့တယ်။

 

မဟာဂီတအသင်းကြီး

 

၁၉၃၀ ဝန်းကျင်ရောက်တော့ မန္တလေးက “မဟာဂီတ အသင်းကြီး” ကို ဖွဲ့ပြီး စနစ်တကျ ထိန်းသိမ်းကြတယ်။ ဒီအချိန်မှာ အနောက်နိုင်ငံတေးသွားနဲ့ တူရိယာပစ္စည်း တွေက တွင်ကျယ်နေပြီ။ မြန်မာလူငယ်တွေမျက်စိကျ သွားရည်ယိုနေကြပြီ။ ဒါပေမယ့် မန္တလေးမှာ မြန်မာ့အနု ပညာ အသွေးအသား အဆီအနှစ်က ဖိမ့်ဖိမ့်တုန်အောင် အားကောင်းခဲ့တော့ ဒီအရသာက ခေတ်လူငယ်တွေ နှလုံး သားထဲ စွဲထင်ကာ တစ်သွေးတည်း တစ်သားတည်း ဖြစ်နေပြီ။ ဒီတော့ ကိုဘသက်၊ ကိုညိန်း၊ ကိုသန့် စတဲ့ ခေတ်ပညာတတ်လူငယ်များရဲ့ ဂီတသစ်ကို ချဉ်းကပ် သင်ယူ ဖန်တီးကြမှုမှာ မြန်မာ့ဂီတသန္ဓေက ခိုင်မာပြီးသား ဖြစ်နေတော့ မျက်စိမှိတ်ပုံတူကူးတာမျိုး ဘယ်လုပ်ပါတော့ မလဲ။ ဒါကြောင့်လည်း ဒီကနေ့အထိ မြို့မငြိမ်း၊ ဓားတန်း ဦးသန့်နဲ့ မြို့မတူရိယာအသင်းဆိုတာ တည်ရှိနေတာပေါ့။ ဂီတသစ်ကို ဖန်တီးတဲ့လူငယ်တွေပေမယ့် ကိုဘသက်တို့၊ ကိုညိန်းတို့၊ ကိုသန့်တို့ဆိုတာ စိန်ဗေဒါနဲ့ အိမ်နီးချင်းတွေ၊ လက်ရင်းတပည့်တွေ၊ စိန်ဗေဒါညှော်ကို တစ်ဝကြီးမိခဲ့ကြ တဲ့သူတွေ။

 

ဒါကြောင့် ၁၉၃၀ ဝန်းကျင်ကာလဟာ မင်းတုန်းမင်းကြီး ခေတ်မှာ ထပ်ဆင့်တီထွင်မွမ်းမံ စနစ်တကျတည်ရှိနေတဲ့ မြန်မာ့ဂီတအနုပညာကို မြန်မာ့ဟန်၊ မြန်မာ့စံ၊ မြန်မာ့မူ အပေါ် ကမ္ဘာနှင့်ယှဉ်ပြီး ခေတ်မီကမ္ဘာ့တူရိယာဟာ ကမ္ဘာ့ သင်္ကေတနည်းပညာတွေနဲ့ တီထွင်ဆန်းသစ် ကြိုးပမ်း အောင်မြင်ခြင်းရဲ့ အထင်ကရ နှစ်ကာလတွေ ဖြစ်ခဲ့တာပါပဲ။ ပိုမိုထူးခြားတာက မြန်မာ့မူမှန် စနစ်မှန်မူရင်းမဟာဂီတကို မန္တလေးမဟာဂီတအသင်းကြီးက စနစ်တကျ ထိန်းသိမ်း ရုံသာမက ဒီပညာကို ရှေ့နေကြီး ဦးခင်မောင်ဒွေးလို၊ ရုံပိုင်ကြီး ဦးစံဝင်းလို၊ ဘီလစ်စာရေးကြီး ဦးထင်လို၊ ကွန်ဗင့်ကျောင်းသူ မသန်းမြင့်လို၊ မလှရွှေလို ခေတ်ပညာ တတ် လူငယ်များကလည်း အုံနှင့် ကျင်းနှင့် အမွေဆက်ခံ ကြသလို၊ ကမ္ဘာနှင့်အညီ တီထွင်ဆန်းသစ်တဲ့ခေတ်ပေါ်ဂီတကိုလည်း ကိုဘသက်၊ ကိုသန့်၊ ကိုညိန်းတို့လို အုပ်စု အသင်းဝင်တွေကလည်း မြန်မာ သန္ဓေမပျက် တခမ်းတနား မျက်နှာ စာသစ်ဖွင့်တဲ့ ကာလာတွေပါ။ ပုံမှန် ဖြစ်ထွန်းခြင်း ခေတ်ပြိုင်ကာလ များလို့ ပြောရပါမယ်။

 

 

အငြိမ့်သဘင်

 

သဘင်မှုမှာလည်း အငြိမ့်သဘင် က အထူးခြားဆုံး တိုးတက်ဖြစ် ထွန်းခဲ့တယ်။ မငွေမြိုင်၊ ဩဘာ သောင်း၊ လေဘာတီမမြရင်၊ ဥက္ကလာအေးကြည် စသည်ဖြင့် အခုထိ နှစ် ၁၀၀ တိုင် တသသ ဖြစ်နေကြတဲ့ ကာလတွေပါပဲ။ တီထွင်ဆန်းသစ်တဲ့ အနုပညာ မှန်သမျှကို ကိုယ်ခံအားကောင်း ခဲ့တဲ့ မြန်မာသန္ဓေမပျက် မမေ့ မလျော့ နားလည်သဘောပေါက် ကျွမ်းကျင်ပေါက်မြောက်စွာနဲ့ တီထွင်ခဲ့ကြတာချည်းပါ။

လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းစစ်မီးကြောင့် မတည်ငြိမ်မှုနဲ့ ပင်ရင်းမူလ ပညာရှင်ကြီးများ တစ်စတစ်စ ဆုံးပါးသွားမှုတွေကြောင့် ယိမ်းယိုင်မှုက သိသာလာပါတယ်။ ဆရာဘကလေးတို့၊ ဆရာထူးတို့လို မဟာဂီတပညာရှင်ကြီးတွေက ကိုယ့်စရိတ် ကိုယ်စားပြီး ရှမ်းပွဲက သဘင်သမဂ္ဂအဆောက်အအုံ လေးမှာ မဟာဂီတသင်တန်းကို ခက်ခက်ခဲခဲပေးနေရတာ နောက်ဆုံးဘယ်လိုမှ မရပ်တည်နိုင်တော့တဲ့အခြေအနေ ရောက်ခဲ့တယ်။ မန္တလေးက ပညာသည်တွေအဖို့ ကိုယ့်ဘာသာ ကိုယ့်အသိနဲ့ကိုယ် ရပ်တည်ထိန်းသိမ်းနေ ရတာပဲရှိတယ်။ ဒါပေမယ့် ပညာရေးအရရော အသိ အရရော စေတနာအရရော ကောင်းခဲ့ကြတော့ “သဘင့် တက္ကသိုလ်”ဆိုတဲ့ ကမ္ပည်းမော်ကွန်းက ဝင်းလက်

တောက်ပဆဲပါ။ မန္တလေးရတနာပုံမြို့တော်မှာ အရှိန် အဟုန်နဲ့ ပွင့်လန်းခဲ့တဲ့ မြန်မာ့အနုပညာ စံမှန် မူမှန်စနစ် မှန်တွေကို အစဉ်အဆက် မပျောက်မပျက် လက်ဆင့်ကမ်း ခဲ့ကြတဲ့ မယင်းတော်၊ မကွမ်းငုံ၊ မဆင်ခိုး စတဲ့ပညာကျော် မင်းသမီးကြီးတွေရဲ့ အမွေကို ဆက်ခံတာ မထွေးလေး မဟုတ်ပါလား၊ မထွေးလေးဟာ အမွေကို ဆက်ခံရုံမက မထွေးလေးဟန်၊ မထွေးလေးမူ၊ မထွေးလေး အကရယ်လို့ တွင်ကျန်ရစ်အောင် တီထွင်နိုင်ခဲ့သူ မဟုတ်ပါလား။ မထွေးလေးရဲ့ပညာအမွေကို ဆက်ခံသူက ဩဘာသောင်း ဖြစ်တယ်။

 

မြန်မာအကဗေဒ (choreography) ရှိသလား

 

ဩဘာသောင်းက မထွေးလေးဆီက ပညာတွေသာ မက ရွှေနန်းတွင်းပညာရှင်တွေဖြစ်တဲ့ အီနောင်ကိုစံတုတ်နဲ့ တပည့်မင်းသား ဦးစိန်အုပ်တို့၊ ဦးထွန်းရတို့၊ ရုပ်သေး ကြိုးဆွဲဆရာ မုန်းတို့၊ အပျိုတော်မသုံကြီးတို့၊ မစံရှား မစံထားတို့ဆီကလည်း ပညာကုန်သင်ယူရရှိခဲ့တဲ့သူ ဖြစ် တယ်။ မထွေးလေးဆီက မြန်မာအကစစ်စစ်နဲ့ မင်းသမီး အတတ်ပညာတွေ ရခဲ့တယ်။ မင်းသား ဦးစိန်အုပ်ဆီက ယိုးဒယားအကလို့ခေါ်တဲ့ ရှေးရိုးတပင်တိုင်အကတွေ၊ အီနောင်အကတွေ ရခဲ့တယ်။ မသုံကြီးဆီက အပျိုတော် ၁၂ ခန်းကို သင်ရိုးကုန်ရတယ်။ မစံရှား မစံထားဆီက အငြိမ့်အကတွေ ရခဲ့တယ်။ ရွှေနန်းတော်ကြီးထဲက နန်းသုံး တော်ဝင် မူမှန်စနစ်မှန် မင်းသမီးအတတ်ပညာတွေကို ဩဘာသောင်းက ရခဲ့တာဖြစ်တယ်။ ဩဘာသောင်းဟာ ဆရာတွေရဲ့ စံချိန်ကိုချိုးပြီး အကမှာဖြင့်ဩဘာသောင်းမူ၊ ဩဘာသောင်းဟန်အဖြစ် သီးခြားခွဲထွက်လာကာ ဩဘာသောင်းခါး၊ ဩဘာသောင်းမေးထိုး၊ ဩဘာသောင်း ဒူး၊ ဩဘာသောင်းပခုံး၊ ဩဘာသောင်းထဘီနားခတ်လို့ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။ ဩဘာသောင်းဟာ မထွေးလေး လိုပဲ အကမှာ တံခွန်ထူစံချိန်ချိုးခဲ့သူ ဖြစ်ခဲ့ပါတယ်။

 

ဒါ့ကြောင့် မန္တလေးပန်တျာ မြေပေါ်ကနေ ဩဘာ သောင်းဟာ တစ်လျှောက်လုံး နိုင်ငံတကာက တစ်မေး တည်းမေးခဲ့ကြလို့ ပညာရှင်ကြီးတွေ မျက်နှာပူခဲ့ကြတဲ့ “ မြန်မာအကဗေဒ (choreography) ရှိသလား ”ဆိုတဲ့ မေးခွန်းကို လက်မထောင်ပြီး ရဲရဲဝံ့ဝံ့ဖြေနိုင်အောင် စနစ်တကျ တီထွင်အဖြေပေးနိုင်ခဲ့ပါတယ်။ ဩဘာသောင်း တို့ခေတ်ရောက်တော့ ခေတ်အနေအထားရ အငြိမ့်ပုံစံကို ပြောင်းလဲစေခဲ့ပေမယ့် “ မြန်မာအက ”မူရင်းဟန်ကတော့ အကောင်းဘက်ကို ပိုမိုတိုးတက်ခဲ့တယ်။ ဒါဟာ ဩဘာသောင်းရဲ့ အစွမ်းအစပဲ ဖြစ်ပါတယ်။ ကိန်းကြီး ခန်းကြီးနိုင်လှတဲ့ မြန်မာအကကို သွက်သွက်လက်လက်၊ ဖျတ်ဖျတ်လတ်လတ်၊ စည်းသွက်၊ ပြိုင်စည်းတွေနဲ့ ဖျိုးဖျိုး ဖျတ်ဖျတ်ကကွက်တွေအဖြစ် ဆန်းသစ်ခဲ့တယ်။ ဒါပေမယ့် မြန်မာအကသန္ဓေကို နားလည်ထား၊ တတ်ကျွမ်းထားသူမို့ သန္ဓေမပျက် တီထွင်နိုင်ခဲ့တာသေချာပါတယ်။

 

ဒီအဖိုးတန်ရတနာတစ်ပါးဟာ မန္တလေးအမွေအနှစ် များစွာထဲက သရဖူတစ်ခုဆိုရင် မမှားပါဘူး။ ။