
ထပ်မံသေဆုံးသူ ၁၄ ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈၉၁၃ ဦးရှိ
(၁၃-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိပြီး (၁၂-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၅,၉၂၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈၃၁) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၃.၂၁) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၈၇,၂၂၃)ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၁၂,၅၄၈) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၆၅၃) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၈၃,၅၃၀) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁၄) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈,၉၁၃) ဦး ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေများအား ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှုနှုန်း အခြေအနေများအား စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ အပတ်စဉ်အလိုက် ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှင့် ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်းများမှာ (၅)ရာခိုင်နှုန်းအောက်သို့ စတင်လျော့နည်းကျဆင်းလာကြောင်း တွေ့ရှိရ ပါသည်။ သို့ရာတွင် ပြည်သူလူထုအကြား မြုပ်ကွယ်နေသည့် ကိုဗစ်-၁၉ ရောဂါပိုး ရှိနေသူများ (ဥပမာ- ရောဂါလက္ခဏာ မပြသော်လည်း ရောဂါပိုးရှိနေသူများ၊ သံသယရောဂါလက္ခဏာများ ရှိ၍ ရောဂါပိုးရှိနေနိုင်သော်လည်း ကျန်းမာရေးဌာနသို့ သတင်းပေးပို့ခြင်း မရှိသူများ) ထံမှ ရောဂါပိုးအဆင့်ဆင့် ဆက်လက်ကူးစက်၍ ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက်လာခြင်း မရှိစေရန်နှင့် ရောဂါကူးစက်ဖြစ်ပွားမှု ဆက်လက်လျော့ကျလာစေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်၍ အောက်ပါ အချက်များကို တိကျစွာလိုက်နာကြပါရန် ဖြစ်ပါသည်။
l အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင်သာ နေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ်နိုင် သမျှ ရှောင်ကြဉ်ခြင်း၊
l နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ် နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊
l လက်ကို မကြာခဏဆေးကြောခြင်း၊
l တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊
l အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူခြင်း၊
l သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာကုသခြင်းမျိုး မဆောင်ရွက်ဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့၍ မိမိနှင့်အနီးကပ် ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
l ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်းမာရေး ဌာနသို့ သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်း များကို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊
l ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန