ညွှန်းပြချင်သေးသည်

 

ညွှန်းပြချင်သေးသည်

*    လွတ်လပ်ရေးဟု..
    အတွေးရင်လွှာ၊ မြင်ယောင်လာသည်
    တစ်ခါတုန်းက ပုံရိပ်များ...။
    သည်နိုင်ငံသား ဘိုးဘွားများ...။
*     အတိတ်ဆီက၊ ဗြိတိသျှတို့
    မြန်မာ့မြေထက်၊ နိုင်ချင်ကြက်သို့
    ဉာဏ်နက်ဉာဏ်နီ၊ ဉာဏ်ပလီဖြင့်
    စီရီခြယ်မှုန်း၊ ညစ်မှုဆုံးအောင်
    သုံးစွဲရန်ရှာ၊ အခါခါဝယ်
    မြန်မာတစ်ခွင်၊ ကုန်အစင်မှ
    ပါဝင်ကျိပ်ပြု၊ ရာထောင်ပြုနှင့်
    စုဖွဲ့တပ်ကြီး၊ ရန်စစ်မီးကို
    နည်းစုံသုံးလျက် တိုက်ခဲ့ကြ...။
    သွေးသက်ရင်းပြု ကာကွယ်ကြ...။
*   ရဲသွေးသတ္တိ၊ ဘယ်ပုံရှိလည်း
    ခြားဘိလက်နက်၊ သည်တစ်ချက်ကြောင့်
    အသက်များစွာ၊ ရင်းခဲ့ပါလည်း
    ကာကွယ်ရင်းက၊ ဆုံးရှုံးရသည်
    မြန်မာ့ချုပ်ခြာ လွတ်လပ်ရေး...။
    သို့ပေသည်တိုင် သွေးမအေး...။
*     ခေတ်ဆက်ဆက်မှာ၊ မျိုးမြန်မာတို့
    ချုပ်ခြာဒိဋ္ဌ၊ လွတ်ရေးရဖို့
    လုံ့လမပေါ့၊ မလျှော့ဇွဲမာန်
    ထက်သန်စိတ်ဓာတ်
    မပြတ်တိုက်ပွဲ၊ နည်းစုံနွှဲမို့
    ရလည်းရခဲ့ လွတ်လပ်ရေး...။
    ဖိုးထိုက်တန်စွ လွတ်လပ်ရေး...။
*     ဪ . . . 
    လွတ်လပ်ရေး - ဟု
    အတွေးရင်လွှာ၊ မြင်တိုင်းမှာလျှင်
    သူငါရွက်ထမ်း၊ ကျရာခန်းမှ
    လှမ်းကြညီရန်၊ သန္နိဋ္ဌာန်ဖြင့်
    ပြင်းထန်လုံ့လ၊ ကာကွယ်ကြဖို့
    ညွှန်းပြချင်သေးသည်တကား. . . ။     ။

 မောင်စိမ်းနောင်(လယ်ဝေး)