
ညောင်ဦး အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်မှ ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးများ ပေါ်ချိန်တွင် ဈေးကောင်း ရရှိနေခြင်းကြောင့် တောင်သူများ အဆင်ပြေ လျက်ရှိကြောင်း ညောင်နီကျင်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူအချို့ထံမှ သိရသည်။
ညောင်ဦးမြို့နယ်၌ ယခုနှစ်တွင် ခရမ်းချဉ် စိုက်ပျိုးမှု များပြားခဲ့ကာ ခရမ်းချဉ်သီး စတင် ပေါ်ချိန်က တစ်ပိဿာငွေကျပ် ၁၂၀၀ အထိ ရောင်းချခဲ့ရခြင်းကြောင့် ခရမ်းချဉ် စိုက်ပျိုး တောင်သူများ မျှော်လင့်နေသည့်ဈေးနှုန်း ထက်ပင် ကျော်လွန်ရရှိခဲ့ကြောင်း ဒေသခံ တောင်သူ ဦးတင်စိုးက ပြောသည်။
ညောင်ဦးမြို့နယ်၌ ယခုနှစ် မိုးရွာ သွန်းမှုများပြားကာ ကျေးလက်တောင်သူများ စိုက်ပျိုးသည့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ယမန်နှစ်က မိုးခေါင်၍ သီးနှံ မရခဲ့ကြောင်း၊ ယခုနှစ်တွင် အထူးအထွက်နှုန်း ကောင်းမွန်ခဲ့ကြောင်း၊ ခရမ်းချဉ်ပင်စိုက်ရာတွင် ဒေသမျိုးရင်းကို ပျိုးထောင်စိုက်ပျိုးခြင်းကြောင့် ကုန်ကျစရိတ်လည်း သက်သာကြောင်း၊ မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကြောင့် အပင်သန်မာထွားကြိုင်းပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်းလည်း ကောင်းမွန်ကြောင်း၊ ခရမ်းချဉ်သီးပွဲစားများက ခရမ်းချဉ်ခင်းနှင့် နီးသည့်နေရာများအထိ ကားများ၊ ထော်လာဂျီ၊ သုံးဘီး ဆိုင်ကယ်များဖြင့် လာရောက်ဝယ်ယူ ခြင်းများကြောင့် မြို့ပေါ်ဈေးကွက်သို့ သွားရောက်ရောင်းချခြင်းမပြုရဘဲ ကယ်ရီ သယ်ဆောင်ခပါ သက်သာခြင်းများကြောင့် ခရမ်းချဉ်စိုက်တောင်သူများအတွက် ပို၍ အဆင်ပြေကြောင်း ၎င်းက ဆက်လက် ပြောသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)