
နေပြည်တော် ဧပြီ ၃၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနအောက်ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (တောင်ငူ)၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)၊ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၊ ကွန်ပျူတာ တက္ကသိုလ်(ပြည်)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာ တက္ကသိုလ်(ပုသိမ်)တို့၌ ယနေ့ နံနက်ပိုင်း တွင် ဘွဲ့နှင်းသဘင် အခမ်းအနားများကို ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပကြ သည်။
ဂုဏ်ပြုအမှာစကားပြောကြား
ဘွဲ့နှင်းသဘင် အခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က Video Message ဖြင့် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နည်းပညာ တက္ကသိုလ် သုံးကျောင်းနှင့် ကွန်ပျူတာတက္ကသိုလ် ခုနစ်ကျောင်းတို့၏ ဘွဲ့နှင်းသဘင်အခမ်းအနား များတွင် ပညာသင်နှစ်အလိုက် သင်ယူတတ်မြောက် အောင်မြင်ခဲ့ကြသူများကို ဘွဲ့လက်မှတ်များ အပ်နှင်း သွားမည်ဖြစ်ပြီး နိုင်ငံတော်အတွက် အင်ဂျင်နီယာဘွဲ့၊ ဗိသုကာဘွဲ့၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာ နည်းပညာဘွဲ့၊ အင်ဂျင်နီယာမဟာဘွဲ့၊ ဗိသုကာ မဟာဘွဲ့၊ ကွန်ပျူတာသိပ္ပံမဟာဘွဲ့၊ ကွန်ပျူတာ နည်းပညာ မဟာဘွဲ့၊ သုတသိပ္ပံမဟာဘွဲ့၊ ကွန်ပျူတာ ဒီပလိုမာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ထပ်မံပေါ်ထွန်းလာသော နေ့ကောင်း နေ့မြတ်လည်း ဖြစ်ပါကြောင်း။
ကျင့်ဝတ်များလိုက်နာစောင့်ထိန်း
အစဉ်သင်ယူနေရသော Learning Society လူ့ဘောင်အဖွဲ့အစည်းတွင် မိမိကိုယ်တိုင် လေ့လာ ဆည်းပူးရင်း နိုင်ငံနှင့်ပြည်သူအားလုံး ဖွံ့ဖြိုးတိုးတက် ရေးကို စွမ်းဆောင်ကြစေလိုကြောင်း၊ အင်ဂျင်နီ ယာနှင့် ကွန်ပျူတာပညာရှင်ကောင်းများ လိုက်နာ စောင့်ထိန်းရမည့် ပညာရှင်ကျင့်ဝတ်များကိုလည်း လိုက်နာစောင့်ထိန်းကြရန် လိုအပ်သလို လုပ်ငန်းခွင် စည်းကမ်း၊ ရပ်ရွာစည်းကမ်း၊ ပြည်သူ့နီတိများကို လည်း ရိုသေလေးစားစွာ လိုက်နာပြီး စံနမူနာယူထိုက် သော အင်ဂျင်နီယာပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များဖြစ်လာအောင် ပြုမူနေထိုင်ကြရန် မှာကြားလိုကြောင်း၊ အနာဂတ် မြန်မာနိုင်ငံအတွက် စံပြုလေးစားထိုက်သော တက္ကသိုလ်များ ဂုဏ်ဆောင် အင်ဂျင်နီယာပညာရှင်၊ ကွန်ပျူတာပညာရှင်၊ သိပ္ပံ ပညာရှင်များ ဖြစ်ကြပါစေဟု ဆုမွန်ကောင်း တောင်းရင်း ယနေ့ကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်း အနားများတွင် ဘွဲ့ယူမည့် မောင်မယ်များကို လှိုက်လှဲ စွာ ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
စည်ကားသိုက်မြိုက်စွာ ကျင်းပ
ဆက်လက်၍ တက္ကသိုလ်အသီးသီး၏ ဘွဲ့နှင်း သဘင်အခမ်းအနားများ ဆက်လက်ကျင်းပရာ နည်းပညာတက္ကသိုလ်များတွင် အင်ဂျင်နီယာဘွဲ့နှင့် ဗိသုကာဘွဲ့ရရှိသူ ၆၄ ဦး၊ အင်ဂျင်နီယာ မဟာဘွဲ့နှင့် ဗိသုကာမဟာဘွဲ့ရရှိသူ ၇၅ ဦး၊ ပါရဂူဘွဲ့ရရှိသူ ၃၂ ဦးနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ကွန်ပျူတာ သိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့ရရှိသူ ၁၄၉ဦး၊ ကွန်ပျူတာ သိပ္ပံမဟာဘွဲ့၊ ကွန်ပျူတာနည်းပညာ မဟာဘွဲ့နှင့် သုတသိပ္ပံမဟာဘွဲ့ ရရှိသူ ၁၈ ဦး၊ ပါရဂူဘွဲ့ရရှိသူ ၃၁ ဦး၊ ကွန်ပျူတာဒီပလိုမာဘွဲ့ရရှိသူ ၆၆ ဦး စုစုပေါင်း ဘွဲ့ရမောင်မယ် ၄၃၅ ဦးတို့ကို တက္ကသိုလ်အသီးသီး၏ ပါမောက္ခချုပ်များက သက်ဆိုင်ရာဘွဲ့အလိုက် ဘွဲ့လက်မှတ်များ ချီးမြှင့် အပ်နှင်းကာ ဘွဲ့နှင်းသဘင် မိန်းခွန်းများ မြွက်ကြားခဲ့ ကြပြီး ဘွဲ့နှင်းသဘင်အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
ယနေ့ ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပ သည့် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေး နည်းပညာတက္ကသိုလ်တို့သည် Quality Manage-ment System ဆိုင်ရာ ISO 9001:2015 အသိအမှတ်ပြုလက်မှတ်များကို ရရှိထားပြီး အာရှ နှင့် ပစိဖိတ်ဒေသတွင်း အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုမှုအဖွဲ့အစည်း (Federation of Engineering Institutions of Asia and Pacific (FEIAP)) ၏ ပဏာမအသိအမှတ်ပြုမှုလက်မှတ် Provisionally Accredited နှင့် အပြည့်အဝအသိ အမှတ်ပြုမှုလက်မှတ် Fully Accredited များကို ရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် နည်းပညာတက္ကသိုလ် (တောင်ငူ) သည် ISO 9001:2015 အသိအမှတ်ပြု လက်မှတ်ကို ၂၀၁၈ ခုနှစ်တွင် ရရှိထားပြီး မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာပညာရေး အရည်အသွေးစိစစ် အသိအမှတ်ပြုရေးကော်မတီ၏ ပဏာမ အသိအမှတ်ပြုမှုလက်မှတ် Provisionally Accredited ကို အင်ဂျင်နီယာဘာသာရပ် နှစ်ခု အတွက် ၂၀၁၉ ခုနှစ်တွင် ရရှိခဲ့ကာ အပြည့်အဝ အသိအမှတ်ပြုမှုလက်မှတ် Fully Accredited အရည်အသွေး စိစစ်အသိအမှတ်ပြုနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အကျိုးရှိစွာ သင်ကြားသင်ယူနိုင်ရေး
ကွန်ပျူတာတက္ကသိုလ်များသည်လည်း ICT အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ် အသိ အမှတ်ပြုနိုင်ရေးအတွက် Seoul Accord နှင့်အညီ စတင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ တက္ကသိုလ် များနည်းတူ ICT နည်းပညာကို အသုံးပြုသည့် Learning Management System (LMS) သင်ကြားသင်ယူမှုစနစ်များ အသုံးပြု၍ လွယ်ကူ လျင်မြန်ထိရောက် အကျိုးရှိစွာ သင်ကြားသင်ယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားများသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် အစိုးရအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဘွဲ့ယူမည့်မောင်မယ်များနှင့်၎င်းတို့၏ မိဘဆွေမျိုး မိတ်သင်္ဂဟ များ၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်း များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်