နှလုံးသားကွက်လပ်တစ်နေရာ အကောင်းမြင်သဘောလေးထားကြည့်ပါ

Type

 

ဒေါက်တာမြတ်မိုး

လူမှုဆက်ဆံရေးနယ်ပယ်မှာ သူဟာဖြင့် အကောင်းမြင်စိတ်ထားရှိတယ်၊ သူတွေးတာ၊ ပြောတာ၊ လုပ်တာတွေက အပြုသဘောဆောင်လေ့ ရှိတယ်၊ သူကတော့ဖြင့် အဆိုးမြင်တာချည်းပဲ၊ သူ့ရဲ့အတွေး၊  အပြော၊ အလုပ်မှန်သမျှဟာ   အပျက်သဘောချည်းပဲ... စတဲ့  အကောင်း၊ အဆိုးအမြင် သဘောတွေကြုံဖူး၊  တွေ့ဖူး၊ ကြားဖူး ကြပေလိမ့်မယ်။  
လူတွေဟာ ကိုယ့်အပေါ် သူ့ဘက်က အကောင်း မြင်ပေးခြင်းကို သဘောကျတတ်ပေမယ့် သူ့ဘက် ကိုတော့  ကိုယ့်ဘက်က အကောင်းမမြင်နိုင်လောက် အောင်    ဖြစ်မိတတ်ပါတယ်။   ဒါကြောင့်လည်းပဲ မိမိတို့    လက်ရှိလူမှုဝန်းကျင်မှာ   အကောင်းမြင် သဘောတွေ    သိပ်မတွေ့ရတော့ဘဲ    အဆိုးမြင် စိတ်ထားနဲ့ အပျက်သဘောတွေချည်း တဖြည်း ဖြည်း    လွှမ်းခြုံရစ်ပတ်သလို    ခံစားကြရတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆိုးမြင်၊ အပျက် သဘောဆောင်လေ့ရှိတဲ့ ဝန်းကျင်မှာ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု၊ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း တစ်ခုတည်ဆောက်ဖို့     အခက်အခဲတွေကြုံလာ ရနိုင်ပါတယ်။
အကောင်းမြင်ပေးမှုက လူ့အဖွဲ့အစည်းငြိမ်းချမ်းမှုကို အထောက်အကူပြု
လူ့အဖွဲ့အစည်းတစ်ခုအတွင်း     စိတ်ခံစားမှု များပြီး ချစ်ခြင်း၊  မုန်းခြင်းမှာသာ အဓိကထားလေ့ ရှိသူတွေဟာ  ဘယ်လိုမှ    အကောင်းမြင်လေ့ မရှိ ကြပါဘူး။   အကောင်းမြင်စိတ်လေး   ရှိခြင်းဟာ အလွန်ပင်အရေးကြီးကြောင်း၊ ဖိအားတွေ အောက် က    ရုန်းထွက်ဖို့    ခွန်အားတစ်ရပ်ဖြစ်ကြောင်း ယုံကြည်မှုက မိမိစိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနဲ့  မိမိရဲ့ ပတ်ဝန်းကျင်အတွက်    များစွာအထောက်အကူ ဖြစ်စေတယ်ဆိုတဲ့သဘောလေးကိုတော့ သိရှိထား စေလိုပါတယ်။ 
မိမိပါဝင်တဲ့  လူ့အဖွဲ့အစည်းတစ်ခု  ငြိမ်းချမ်း သာယာပြီး  ဖွံ့ဖြိုးတိုးတက်ဖို့  မိမိရဲ့အကောင်းမြင် စိတ်ထားရှိခြင်းက  များစွာအကူအညီဖြစ်စေတယ် ဆိုတဲ့အချက်ကို   နားလည်ထားရပါမယ်။    နိုင်ငံ တစ်နိုင်ငံမှာ ထိုနိုင်ငံကို  ဦးဆောင်သူရဲ့ အကောင်း မြင်ပေးနိုင်မှု  သို့မဟုတ် နိုင်ငံတည်ဆောက်ရေးမှာ သက်ဆိုင်ပါဝင်သူအားလုံးရဲ့  အပြုသဘောဆောင်မှု က နိုင်ငံရဲ့ငြိမ်းချမ်းသာယာမှု၊ စည်းလုံးညီညွတ်မှု အရာမှာ အလွန်ကိုအရေးပါပါတယ်။ အထူးသဖြင့် တစ်ဖက်နဲ့တစ်ဖက်   အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ ပိုပြီးအဓိကကျ တယ်ဆိုတာ တွေ့ရပါတယ်။ 
တစ်ခုတော့ရှိပါတယ်။  ထိုသူရဲ့  အကောင်းမြင် စိတ်လေးနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့အပေါ်မှာ မိမိ ဘက်က တရားသဘောနဲ့ယှဉ်တဲ့ ပညာဉာဏ်လေးနဲ့ ကြည့်တတ်၊  မြင်တတ်ဖို့တော့  လိုတာပေါ့။   ဆိုခဲ့ သလို..   အဆိုးမြင်များတဲ့ဝန်းကျင်မှာ    ဘယ်လိုမှ ငြိမ်းချမ်းသာယာမှုကို   မရနိုင်သလို အေးချမ်းခြင်း လည်း   မရှိနိုင်ပါဘူး။   ရန်ဘက်အသွင်ဆောင်ပြီး ပဋိပက္ခသာ အလွန်များတတ်ပါတယ်။ ဘာကြောင့် လဲဆိုတော့           ဘယ်လိုမှအကောင်းမမြင်နိုင်တဲ့ သူတွေကြားမှာ     မကောင်းမြင်မှုစိတ်ဓာတ်တွေ ကသာ   လွှမ်းမိုးနေလို့ဖြစ်ပါလိမ့်မယ်။ ဒီအခါမှာ ကျွန်တော်တို့ကြားမှာ အဆင်မပြေမှုတွေများလာပြီး ဘာလုပ်လုပ်    အကောင်းမမြင်နိုင်ကြတော့တဲ့ အခြေအနေမှာ   သူ့အပြစ်၊    ကိုယ့်အပြစ်   အပြစ် ဖို့ခြင်းတွေသာ          ရှေ့တန်းရောက်လာပါတော့ တယ်၊၊ 
ကောင်းကွက်ကိုရှာ ဆိုးကွက်ကိုပယ်ခြင်းဖြင့်
တကယ်တော့   အကောင်းမြင်ပေးခြင်းဟာ ထိုသူအပေါ်မှာ       တန်ဖိုးတစ်ခုထားလိုက်ခြင်းပဲ ဖြစ်သလို ထိုသူရဲ့တန်ဖိုးရှိမှုကို အသိအမှတ်ပြုလိုက် ခြင်းလည်းဖြစ်ပါတယ်။ လူအားလုံးမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတတ်သလို လူတိုင်းမှာ သူ့အားသာ ချက်နဲ့သူ  ရှိပါတယ်။  အကောင်းချည်းပဲ မရှိသလို အဆိုးချည်းပဲလည်း   မဟုတ်ပြန်ပါဘူး။    ပြောစရာ ဆိုစရာမရှိလောက်အောင်    စံထားလောက်တဲ့ အကောင်းဆုံးဖြစ်မှု perfect ဖြစ်မှုဆိုတာ ဘယ်သူ့ မှာမှ   မရှိနိုင်ပါဘူး။   အဓိကအချက်က   သူသူ ကိုယ်ကိုယ်  အကောင်းအဆိုးဆန့်ကျင်ဘက်နှစ်ခု ဟာ  အနည်းနဲ့အများ  ရောပြွမ်းနေသူတွေချည်းဆို တော့.. ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးဝန်းကျင်၊ တိုးတက်တဲ့လူ့အဖွဲ့အစည်း၊    ငြိမ်းချမ်းတဲ့နိုင်ငံ တစ်နိုင်ငံ တည်ဆောက်ချင်ရင် ထိုဖြစ်ချင်တဲ့စိတ်နဲ့  ကောင်းကွက်ကိုရှာပြီး ဆိုးကွက်ကိုပယ်၊ အားသာ ချက်ကိုရှာပြီး အားနည်းချက်ကို မေ့ပျောက်ပေးခြင်း သို့မဟုတ် ပြုပြင်တည့်မတ်ပေးခြင်း အလေ့အကျင့် ကိုသာ အကောင်းဆုံးလုပ်နိုင်ကြဖို့ပါ။ 
တတ်နိုင်သမျှ အားနည်းချက်ကို လျစ်လျူရှု ပေးပြီး ငါလည်း  ဒီလိုအချိန်၊   ဒီလိုအခြေအနေမှာ ဆိုရင် သူ့လိုအားနည်းချက်မျိုး ရှိကောင်းနိုင်တာပဲလို့ သူ့နေရာမှာ အစားဝင်ပြီး အကောင်းမြင်စိတ်လေး ထားလိုက်ရင် သူနဲ့ကိုယ်ကြားမှာ လူမှုဆက်ဆံရေး ကောင်းမွန်မှုဆိုတဲ့ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင် လာနိုင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ချင်းစာ စိတ်နဲ့ သည်းခံနားလည်ပေးနိုင်စွမ်းဖြင့် ယုံကြည်မှု တစ်ခု  တည်ဆောက်လိုက်ခြင်းပါပဲ။   သူ့ဘက်ကို အကောင်းမြင်ပေးခြင်းဖြင့်  မိမိအတွက်   အားသာ ချက်တစ်ခုခုကို ပြန်လည်ရရှိလာနိုင်သလို အနည်း ဆုံးတော့   သူ့ဘက်  ကိုယ့်ဘက်   အဆင်ပြေပြေနဲ့  နှစ်ဖက်အကျိုးရှိသွားတာမျိုးလည်း       ဖြစ်သွား နိုင်ပါတယ်။ သူ့ကိုအကောင်းမြင်ပေးခြင်းက ကိုယ့် အတွက်  အခွင့်အလမ်းကောင်းကို   ရရှိလိုက်တဲ့ သဘောပါပဲ။ 
နားလည်မှု ယုံကြည်မှုကိုတိုးစေတာလည်း အကောင်းမြင်စိတ်ပါ
အကောင်းချည်းပဲ မရှိနိုင်သလို အဆိုးချည်းပဲ ရှိနေတာမျိုးလည်း   မဟုတ်တဲ့အတွက်    ကိုယ့်ရဲ့ ဆန့်ကျင်ဘက်ဆီမှာ            မူလပိုင်ဆိုင်ထားတဲ့ ကောင်းတာလေးတွေ၊ အားသာချက်လေးတွေကို မြင်အောင် အဖန်တလဲလဲကြည့်ပေးခြင်း၊ အခြား ရှုထောင့်တစ်နေရာက    ပြောင်းလဲကြည့်ပေးခြင်း ကပင်     ထိုသူအပေါ်    အကောင်းမြင်စိတ်ထား ခြင်း ဖြစ်ပါတယ်။ ကိုယ့်ဘက်က  အကောင်းမြင်ပေး ရင်   သူ့ဘက်က   အပေါင်းလက္ခဏာပြန်ရတတ်ပါ တယ်၊    အချည်းနှီးမဖြစ်ပါဘူး။    အားလုံးက    တစ်ခုခု   တစ်နေရာရာမှာ  နားလည်မှုလွဲနေကြလို့ သာပါ။ 
အကောင်းမြင်ပေးမှုက       တစ်ဦးနဲ့တစ်ဦး နားလည်မှုနဲ့   ယုံကြည်မှုကို   တိုးစေတယ်ဆိုတာ မှန်ကန်တဲ့အချက်ပါ။ 
အပြန်အလှန်  နားလည်ယုံကြည်မှုကတစ်ဆင့် သာ ကောင်းမွန်တဲ့ဆက်ဆံရေးကို  ရရှိစေမှာဖြစ်ပါ တယ်။ အဓိကက    တစ်ဦးနဲ့တစ်ဦး     တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆက်ဆံရေး  အစဉ်ကောင်းမွန်နေဖို့ပဲ   မဟုတ်ပါ လား။ အကောင်းမြင်စိတ်ဟာ       မိမိစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို       အထောက်အကူပြုသလို စိတ်ကျန်းမာခြင်းကတစ်ဆင့်       ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ   ကျေးဇူးပြုပြီး  စွမ်းအင်တွေကို တိုးပွားလာစေပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကို အကောင်းမြင်စိတ်နဲ့သာ                   အစပြုဖြစ်ခဲ့ရင် နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ကိုပါ     ရောက်ရှိ တဲ့အထိ   ကိုယ်လိုချင်တဲ့အောင်မြင်မှုကို  ရယူနိုင် တယ်ဆိုတာပါပဲ။   တစ်ခါတစ်ရံ    ကြုံလေ့ရှိတာက တစ်ဦးတစ်ယောက်တည်းအပေါ်မှာ တစ်ဖက်က အဆိုးချည်းမြင်နေရင်  ကိုယ့်ဘက်က  အကောင်း ဘက်က       ရှာဖွေမြင်ပေးလိုက်ရတာမျိုးလည်း ရှိတတ်ပါတယ်။ လူဆိုတာ အဆိုး၊ အကောင်း ဒွန်တွဲ ရှိနေတာမို့ မိမိတို့က  သူ့ရဲ့အဆိုး၊  အကောင်းကို ဟန်ချက်ညီညီနဲ့ တည့်မတ်ပေးဖို့၊  ဆုံးမပဲ့ပြင်ပေးဖို့၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိဖို့လိုလာပြန်ပါတယ်။ အားလုံးက     အဆိုးဘက်ကချည်းမြင်နေကြရင် အမြင်ခံရတဲ့သူအနေနဲ့  ထွက်ပေါက်မရှိ စိတ်ဓာတ် အကြီးအကျယ်    ကျဆင်းသွားပြီး     နောက်ဆုံး မဖြစ်သင့်တဲ့အရာအားလုံး   ဖြစ်သွားနိုင်တဲ့အတွက် ကြောင့် ဖြစ်ပါတယ်။ 
အဆိုးမြင် မြင်ဖန်များလျှင်
တကယ့်လက်တွေ့နယ်ပယ်အချို့မှာ   မိမိရဲ့ ဆန့်ကျင်ဘက်  ဒါမှမဟုတ်  တစ်ဦးတစ်ယောက်ရဲ့ ကောင်းကွက်နဲ့ အားသာချက်ကို အသိအမှတ်မပြု နိုင်၊ မမြင်ချင်ယောင်ဆောင်တာမျိုးတွေ ရှိတတ်ပါ တယ်။ မြင်နိုင်စွမ်းမရှိတာလည်းပါမယ်။ အကောင်း မြင်နိုင်ဖို့ တွန်းအားတစ်ခုခု   မရှိတာလည်း  ပါချင် ပါနိုင်တယ်။    ရလဒ်ကတော့     မဖြေရှင်းနိုင်တဲ့ ပြဿနာနဲ့  ပဋိပက္ခတွေကို ထပ်ကာထပ်ကာကြုံရ ခြင်းပါပဲ။ တစ်ဖန်  တချို့သူတွေက အားသာချက်ကို မမြင်ပေမယ့်  အားနည်းချက်ကိုတော့   ရှာတတ်ပြန် တယ်။ တချို့က ရှုထောင့်ပြောင်းပြီး ဆိုးကွက်ကို မရရအောင်ရှာ Negative minded  နဲ့ အဆိုးမြင် လေ့ရှိကြတယ်။ 
တချို့များ မကောင်းကွက်ကိုချည်း ကြည့်ဖန် များတော့ ဘယ်လိုမှ ပေါင်းလို့မရတဲ့အခြေအနေမျိုး၊ ကြီးတဲ့အမှု  ငယ်ရမယ့်အစား အပြုသဘောမဆောင် တဲ့ လုပ်ရပ်တွေကြောင့် ပြဿနာဟာ ပိုပြီးကြီးထွား သွားတာကိုလည်း    တွေ့ရပြန်တယ်။     ထိုသူရဲ့ အားသာချက်နဲ့   ကောင်းကွက်ကို    အသိအမှတ် ပြုရမယ့်အစား ရှိနေတဲ့အားနည်းချက်ကိုပင် တမင် ချနင်းမှုကြောင့်လည်း အပေါင်းလက္ခဏာမဆောင် အနုတ်လက္ခဏာတွေသာ         ရလိုက်ပြန်တယ်။ တကယ်တော့   အဆိုးမြင်များတဲ့   လူ့အဖွဲ့အစည်း တစ်ရပ်မှာ  မနာလိုဝန်တိုမှု၊   လောဘ၊   ဒေါသ၊  မောဟ၊  ကိုယ်ချင်းစာတရားနည်းပါးမှု၊ အထင်သေး မှု စတဲ့စရိုက်တွေ    ပိုများနေတတ်တဲ့အတွက်     ထိုအဖွဲ့အစည်းကို ကြည့်ရင် ငြိမ်းချမ်းမှု အေးချမ်းမှု လက္ခဏာတွေနဲ့   အလှမ်းဝေးနေတတ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။         ဒီအချက်တွေကတော့  အဆိုးမြင်စိတ်၊   တစ်နည်း    အကောင်းမြင်စိတ်  မထားနိုင်ခြင်းရဲ့     ဆိုးကျိုးတွေလို့ပဲ      ယူဆကြ ပါစို့။ 
သင့်တင့်လျောက်ပတ်သော
နှလုံးသွင်းမှုမျိုးကသာ
ပါမောက္ခချုပ်ဆရာတော်ကြီး      ဒေါက်တာ နန္ဒမာလာဘိဝံသရဲ့ တရားတစ်ပုဒ်ကို  နာယူမှတ်သား ဖူးပါတယ်။ ဆရာတော်က “လူတစ်ယောက်အပေါ်မှာ မေတ္တာထားချင်ရင်     ကောင်းကွက်လေးတွေကို ရှာကြည့်၊     ဆိုးကွက်တွေ        သွားမကြည့်ပါနဲ့တဲ့”၊ “လူဆိုတာ အကောင်းအဆိုးရောနေတာပဲ၊ ဘယ်သူ မှ အကောင်းချည်းမရှိဘူး၊  အဆိုးကြီးလည်း   မရှိပါ ဘူးတဲ့”၊ “ ကောင်းကွက်ကိုရှာ   မေတ္တာပွားဆိုတာ ယောနိသောမနသီကာရကို         ပြောတာပါ”၊  ကောင်းကွက်ကိုရှာ  မေတ္တာမပွားနိုင်ရင်   ကိုယ်က အရင်ပူလောင်ရတဲ့အကြောင်း၊  ကိုယ်အရင် ဒုက္ခ ဖြစ်ရကြောင်း.. ဆိုတဲ့ ဓမ္မမိန့်မှာချက်လေးတစ်ခုဟာ မေတ္တာထားမှုနဲ့ အကောင်းမြင်မှုတရားသဘောနှစ်ခု အကြား   ဆက်စပ်မှုတစ်ခုကို    ဖော်ထုတ်ထားခြင်း ဖြစ်တယ်လို့ နာယူမှတ်သားမိပါတယ်။ 
ဒါ့အပြင်      အောက်စ်ဖို့ဒ်ဆရာတော်ကြီးရဲ့ “ခက်ခဲသောကာလမှာ    အကောင်းမြင်ဝါဒက ပိုအရေးကြီးပါတယ်”ဆိုတဲ့   မိန့်မှာချက်တစ်ခုကို လည်း   နာယူမှတ်သားမိဖူးပါတယ်။    ဒါကြောင့် သူများကို   အကောင်းမြင်နိုင်ဖို့မှာ   မိမိကိုယ်မိမိ စိတ်ထားတတ်ဖို့ကို ဦးစွာလေ့ကျင့်မွေးမြူထားသင့် ပါတယ်။   သူ့ရဲ့   မကောင်းမှု/    ကောင်းမှုဆိုတာ အတိတ်အကြောင်းတရားရဲ့ ပုံရိပ်တစ်ခုပါလားလို့ နှလုံးသွင်းကြည့်ပါလား။    
ဘယ်သူ့ကိုမဆို   ကောင်းကွက်ကိုသာ  ရွေးကြည့် တတ်ရင်   မပေါင်းနိုင်စရာ   လူလည်းမရှိပါဘူး။ မကောင်းကွက်ကိုသာ ကြည့်နေကြရင်   ဒီလောက ကြီးမှာ   ပေါင်းစရာ လူလည်းရှိတော့မှာ မဟုတ်ပါ ဘူး။ ဘယ်လောက်  လိုသေးတယ်၊ လျော့နေတယ် လို့အဆိုးမြင် အပြစ်မြင်တာထက်   ဘယ်လောက် တော့ပြည့်နေပြီလို့ အကောင်းမြင်ဖြည့်တွေးမှုမျိုး၊ အဆိုးလောကဓံနဲ့  ကြုံရင်တောင်မှ   ဘာဖြစ်ဖြစ် ကောင်းဖို့ဖြစ်လာတာပဲလို့   နှလုံးသွင်းခြင်းမျိုးပါ၊၊  နောက်တစ်ချက်က မာနတရား..  သူ့ကို  အကောင်း မြင်ပေးလိုက်ရင်   ကိုယ့်ဘက်က     မာနကလည်း    အလိုလိုလျော့ကျပြီးသား   ဖြစ်သွားတယ်ဆိုတာ   သတိထားမိလိုက်တယ်၊   မာနဆိုတာ  မကောင်းတဲ့ အကုသိုလ်တရားဆိုတာ အားလုံးသိပြီးသား မဟုတ် ပါလား... အထူးသဖြင့် မိမိမှာ ဖိစီးမှုတွေ၊ အခက်အခဲ တွေ  အဆင်မပြေမှုတွေရှိနေရင်    အကောင်းမြင် စိတ်ကလေးတစ်ခုကိုသာ  အဖော်ပြုကြည့်လိုက်ပါ၊   အတွေးကောင်းလေးတွေ           ပေါ်လာတတ်သလို      ကြုံရတဲ့   ပြဿနာအတွက်လည်း  အဖြေရနိုင်ပါ လိမ့်မယ်။
ကိုယ့်ရဲ့အကောင်းမြင်ပေးမှု၊ မပေးမှုက ဆုံးဖြတ်ချက်ချရာမှာ အရေးကြီး
ဖြစ်တတ်ပါတယ်။   အလိုကျရင်  အကောင်း မြင်ပြီး  အလိုမကျတဲ့အခါ   အဆိုးမြင်သွားတာမျိုး  ရှိတတ်ကြပါတယ်။ ကိုယ်ဖြစ်ချင်တိုင်းရော ဖြစ်ရဲ့ လား   အရင်စဉ်းစားကြည့်ပါ။ အေးအေးဆေးဆေး ချင့်ချိန်တွေးဆပေးပါ။ မကောင်းတာကို ကောင်းပါ တယ် ပြောနေဖို့မဟုတ်ပါဘူး။ လွန်ကဲတဲ့ အကောင်း မြင်စိတ်မျိုးကို နေရာတကာမှာလည်း ထားဖို့မသင့် ပါဘူး။ အထူးသဖြင့်   လူအများကို    ဦးဆောင်ပြီး အလုပ်လုပ်ရတဲ့နေရာမျိုးမှာ ဆိုပါတော့။ အများကို ထိခိုက်သွားနိုင်တဲ့  အခြေအနေမျိုးမှာဆိုရင်လည်း အကောင်းမြင်စိတ်ကို ခဏဘေးဖယ်ထားသင့်တယ် ထင်ပါတယ်။   ဘယ်လုပ်ရပ်ပဲဖြစ်ဖြစ်    အဆုံးထိ ကြည့်ပြီးမှ     ဝေဖန်သုံးသပ်တာ    အကောင်းဆုံး ပါပဲ။ 
လူဆိုတာ   လောဘ၊    ဒေါသ    အနည်းအများ ရှိတတ်တဲ့အတွက် ဘာတွေးတွေး၊ ဘာလုပ်လုပ် အစွန်းမရောက်ဖို့တော့   လိုတာပေါ့။   ဘာဖြစ်ဖြစ် မကောင်းမြင်စိတ်ကို     အရင်ရှေ့မတင်လိုက်ဘဲ အကောင်းမြင်စိတ်လေးနဲ့   ပြောကြည့်   လုပ်ကြည့် လိုက်ပါလား။       အကောင်းမြင်စိတ်တစ်ခုတည်းနဲ့ ဆုံးဖြတ်ချက်ချလိုက်ဖို့မဟုတ်သလို     အဆိုးမြင် စိတ်နဲ့လည်း     သုံးသပ်ဆုံးဖြတ်ဖို့    မဟုတ်ပါဘူး။ အပြီးသတ်ဆုံးဖြတ်ချက်တစ်ခုရဖို့ရန်မှာ အခြား သော အကြောင်းတရားများစွာလည်း   ရှိသေးတယ် ဆိုတာကိုတော့   သိရှိပြီးဖြစ်မှာပါ။   သို့သော် သူ့ရဲ့ အကောင်းအဆိုး သို့မဟုတ် ကိုယ့်ရဲ့အကောင်းမြင်မှု သို့မဟုတ်  အဆိုးမြင်မှု တစ်ခုခုဟာ ကိုယ့်ရဲ့ဆုံးဖြတ် ချက်အပေါ်       တစ်ထောင့်တစ်နေရာရာကတော့ ပါသွားနိုင်တယ်ဆိုတဲ့အချက်ကို       သတိထားဖို့ လိုပါတယ်။ ထို့အတူ ကိုယ့်ဘက်မှာ ဖိစီးမှုရှိရင်လျှော့၊ စိုးရိမ်ပူပန်တာတွေရှိနေရင်လည်း လျှော့ချကြည့်ပါ။ ဖိစီးမှုနဲ့ ပူပန်မှုက အဆိုးမြင်မှုဆီ တွန်းပို့တတ်လို့ ပါ။ ထိုအခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်း လာသလို ဒီလိုအဆိုးမြင်မှုကပဲ ဖိစီးမှုနဲ့ စိတ်ဓာတ် ကျဆင်းမှုတွေကို ဖြစ်စေပြန်ပါတယ်။
ချုပ်လိုက်ရင်တော့   ယောနိသောမနသီကာရ ပါပဲ။   ကောင်းကွက်ကို   မရှာနိုင်ခြင်းက    အယော နိသောဖြစ်ပြီး  တကယ်တမ်းမှာ အကောင်းမြင်စိတ် မွေးဖို့၊  အကောင်းမြင်ဖို့  ခက်ခဲပါတယ်။ လူဆိုတာ သူက ကိုယ့်အပေါ်ကောင်းခဲ့တာထက် သူ့ရဲ့ဆိုးခဲ့တဲ့ အပြုအမူကိုသာ          ပြန်သတိရတတ်ခြင်းမျိုးပါ။ ဒါပေမယ့် အကောင်းမြင်စိတ်ဆိုတဲ့    သဘောတရား မှာတော့ စိတ်ရဲ့အလှတရားလေးတွေ ပါဝင်နေတယ်.. ကိုယ်ချင်းစာမှုလေးတွေ၊     သည်းခံနိုင်မှုလေးတွေ၊ မေတ္တာတရား    စတဲ့   ကောင်းခြင်းတွေကို  မျှဝေမှု၊ သူ့အတွေး၊    ကိုယ့်အတွေးကို     လက်ခံနိုင်စွမ်း၊ ဖြည့်တွေးပေးခြင်း၊ ကျေးဇူးတင်ဖို့   ဝန်မလေးခြင်း၊ အေးချမ်းမှုနဲ့ ဥပေက္ခာသဘောဆန်တဲ့   ကိုယ်ရည် ကိုယ်သွေးကောင်းတစ်ခုကို တည်ဆောက်နိုင်တဲ့ သတ္တိတွေ ပါဝင်နေတယ်လို့ ယုံကြည်ပါတယ်။ 
တစ်ပါးသူရဲ့ကောင်းကွက်  အားသာချက်တွေကို ရှာဖွေနိုင်စွမ်းရှိခြင်းကပင်         အရည်အချင်း တစ်ခုဖြစ်ပြီး  ထိုအရည်အချင်းနဲ့   အကောင်းမြင် နိုင်စွမ်းရှိခြင်းကပင် ဖိအားဒဏ်ခံနိုင်တဲ့ ကိုယ်ရည် ကိုယ်သွေးကောင်းတစ်ခု ထိုမှတစ်ဆင့် ဆက်ဆံရေး ကောင်းတွေရှိနေတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို တည်ဆောက်နေခြင်းမဟုတ်ပါလား...။    ။