နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၀)နှင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၀) သင်တန်းဆင်း အခမ်းအနားများကျင်းပ

 

ဇီးပင်ကြီး  ဇန်နဝါရီ  ၆
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သော အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု  ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်  (၁၀) သင်တန်းဆင်း  အခမ်းအနားကို ယနေ့နံနက်ပိုင်းက   တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့   ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ(ကိုယ်စား)  တာဝန်ခံအဖွဲ့ဝင်   ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်  (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြားစီမံဌာနများမှ      တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့်           ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ သည်။
သင်တန်းဆင်းပွဲတွင်  အဖွဲ့ဝင်  ဦးဆန်းမြင့်က နိုင်ငံတော်တည်ဆောက်ရေးတွင်  နိုင်ငံ့ဝန်ထမ်းများ သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိ သဖြင့် အရည်အချင်း ပြည့်ဝကျွမ်းကျင်မှုရှိပြီး တာဝန် ကျေပွန်သော၊ စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန် သည့် ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန် ကောင်းစွာပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ သင်တန်း ဆင်းပြီး နောက်ပိုင်း အရာထမ်းများပီပီ မိမိအထက် အဆင့် အရာထမ်းများကို စွမ်းဆောင်ရည် ပြည့်ဝ စွာဖြင့်   ပံ့ပိုးကူညီပေးကြရင်း  မိမိလက်အောက်  အမှုထမ်းများကိုပါ    သင်ကြားပြသ   ဦးဆောင် လမ်းညွှန်ပေးနိုင်သော ဝန်ထမ်းကောင်းများအဖြစ် ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ထူးချွန်ဆုရရှိ သူများအား ဆုများချီးမြှင့်သည်။ 
ထို့နောက်        ဘွဲ့နှင်းသဘင်အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခ ချုပ် ဦးကျော်စိုးက ပြည်သူ့ဝန်ထမ်းစီမံ ခန့်ခွဲမှုဘွဲ့လွန် ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်သည်။ အဆိုပါ သင်တန်းသို့   သင်တန်းသား  ၆၁ ဦး၊ သင်တန်းသူ ၁၃၆  ဦး  စုစုပေါင်း   ၁၉၇ ဦး  တက်ရောက်ခဲ့ကြ သည်။
ဆုများပေးအပ်ချီးမြှင့်
ဆက်လက်ပြီး     ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်သည်  တာ၀န်ရှိသူများ နှင့်အတူ ရတနာခန်းမ၌ ကျင်းပသည့် အခြေခံပညာ ဆရာ  ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၀)၏ သင်တန်းဆင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားရာ ကျောင်းသား ကျောင်းသူ များအား မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိရန်၊ အတ္တဟိတ၊ ပရဟိတ   အကျိုးသယ်ပိုး   ဆောင်ရွက်တတ်ရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေး ဆိုင်ရာစံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားကောင်းများ ဖြစ်လာစေရန်နှင့် ကိုယ်ကျင့် တရား ကောင်းမွန်၍ ယဉ်ကျေးလိမ္မာသော လူငယ် များဖြစ်လာစေရေး လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြ ရန် တိုက်တွန်းမှာကြားပြီး ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။(ဝဲပုံ)
အဆိုပါသင်တန်းသို့ သင်တန်းသား ၁၁၃ ဦး၊ သင်တန်းသူ ၃၆၇ ဦး စုစုပေါင်း ၄၈၀ တက်ရောက် ကြပြီး သင်တန်းကာလမှာ  ၂၀၂၂ ခုနှစ်  ဒီဇင်ဘာ  ၅ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ငါးပတ် ကြာမြင့်ခဲ့သည်။
ယင်းနောက် တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်သည် တက္ကသိုလ်    စိမ်းလန်းစိုပြည်ရေးနှင့်၊  စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုများ၊ ဖွင့်လှစ်ဆဲသင်တန်းများတွင် သင်ခန်းစာပို့ချနေမှုများကို     ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများကို  အားပေးစကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်